ဇွန် ၈
ကိုရိုနာဗိုင်းရပ်စ် ကူးစက်ပြန့်ပွားချိန် ကေအိုင်အို ထိန်းချုပ်နယ်မြေမှ စစ်ရှောင်ပြည်သူများကို အသွားအလာ ကန့်သတ်ထားခြင်းကြောင့် စားဝတ်နေရေးအတွက် အခက်အခဲဖြစ်လာကြောင်း စစ်ရှောင်ပြည်သူများထံမှ သိရသည်။
ကိုရိုနာဗိုင်းရပ်စ် ကူးစက် မပြန့်ပွားခင် တရုတ်ပြည်သို့ အလုပ်ထွက်လုပ်ရပြီး၊ စားဝတ်နေရေး အတွက် ပူပင်မှုမရှိခဲ့သော်လည်း၊ ယခုအချိန်တွင် စခန်းတွင်း အဝင်အထွက်ပိတ်ထားခြင်းကြောင့် အလုပ်အကိုင်ခက်ခဲသည့် ပြဿနာနှင့် ကြုံတွေ့နေရကြောင်း ဂျေယာန်စစ်ရှောင်စခန်းက ဒေါ်လွမ်းနောက ပြောသည်။
“ခက်ခဲတာက မိုင်ဆပ်ပါမှာ အဝင်အထွက် ပိတ်ပင်ထားတယ်။ ကျွန်မတို့ စစ်ရှောင်တွေက အပြင်ကို အလုပ် ထွက်မလုပ်ရတော့ဘူး။ ငွေရေးကြေးရေးရော၊ စားသောက်ဖို့က အစပေါ့၊ ခက်ခဲနေကြပြီ။ ဆန်ထောက်ပံ့တာတောင် ဒီလက မရတော့ဘူးလို ကြားနေရတယ်”ဟု ၎င်းကပြောသည်။
ကေအိုင်အို Covid-19 ကာကွယ်နိမ်နှင်းရေးကော်မတီကလည်း Covid-19 ကာကွယ် နှိမ်နင်းရေး လုပ်ငန်းများနှင့် စည်းမျဉ်းစည်းကမ်းများကို လိုက်နာရန်အတွက် ဇွန်လ (၁၅)ရက်အထိ ထပ်မံရက်တိုး ထုတ်ပြန်ကြေညာထားခြင်း ဖြစ်သည်။
ကိုရိုနာဗိုင်းရပ်စ် ကူးစက်ပြန့်ပွားနေမှုကြောင့် အသွားအလာ ကန့်သတ်ထားသည်မှာ ဧပြီ လဆန်းပိုင်းမှ ဇွန်လအထိ (၂)လကျော်ရှိနေပြီဖြစ်သောကြောင့် ပြည်သူများ အခက်တွေ့လာခြင်း ဖြစ်ကြောင်း၊ ကေအိုင်အို Covid-19 ရောဂါ ကာကွယ်နိမ်နှင်းရေး ကော်မတီက အတွင်းရေးမှူး ဦးဟိန်းဝေါမ်က ပြောသည်။
“ကျွန်တော်တို့ဖက်က ဝင်ထွက်သွားလာတာ ကန့်သတ်တာတွေ ရှိတယ်။ ဒါပေမဲ့ ကျွန်တော်တို့ သာမက တရုတ်တွေလည်း ကန့်သတ်တယ်။ ပြည်သူတွေက တရုတ်ကို အလုပ်သွားလုပ်တာ။ သွားရင်လည်း ကွာရန်တင်းဝင်ရတယ်။ အဲ့ဒါကြောင့် ခက်ခဲသွားတာ”ဟု ၎င်းက ပြောသည်။
ကေအိုင်အို ခသလငိ-၁၉ ရောဂါကာကွယ်နိမ်နှင်းရေးကော်မတီအနေဖြင့် ပြင်ပအလုပ်များဖြစ်သည့် ငှက်ပျောသယ်သည့် အလုပ်များကို ထွက်လုပ်စေခြင်းမရှိ လျှင်၊ မဖြစ်မနေထွက်လုပ်မည်ဆိုပါက အလုပ်မှ ပြန်လာလျှင်Quarantine Center ၌ Quarantine ဝင်ရမည်ကြောင်း၊ Covid-19 ရောဂါ ကာကွယ်နိမ်နှင်းရေး ကော်မတီက အတွင်းရေးမှူး ဦးဟိန်းဝေါမ်က ဆက်လက်ပြောသည်။
ကေအိုင်အို ထိန်းချုပ်နယ်မြေဖြစ်သည့် လိုင်ဇာမြို့အနီးတွင် စစ်ရှောင်စခန်း(၁၀)ခုရှိပြီး လူဦးရေ (၂)ထောင်ကျော်ရှိကာ ယင်းစစ်ရှောင် ပြည်သူများကို ကေအိုင်အိုနှင့် NGO အဖွဲ့အစည်းများက ဆန်၊ ဆီ၊ ဆားများကို ထောက်ပံ့ပေးနေကြောင်း သိရသည်။
မျိုးမြတ်မြတ်ပန်







