ကျောင်းမုန့်ဈေးတန်းတွင် ထုတ်ကုန်သတ်မှတ်ချက်နှင့် ကိုက်ညီမှုမရှိသော ကုန်ပစ္စည်းများ တွေ့ရှိ

1522

နိုဝင်ဘာ ၂၅

ကျောင်း မုန့်ဈေးတန်းများတွင် စားသုံးရန်မသင့်သော အစားအစာများ မတွေ့ရဘဲ၊ ထုတ်ကုန် သတ်မှတ်ချက်နှင့် ကိုက်ညီမှုမရှိသော ကုန်ပစ္စည်းများကိုသာ တွေ့ရကြောင်း အစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေးဦးစီးဌာန (FDA) ထံမှသိရသည်။

မုန့်ဈေးတန်းများတွင် ပြည်ပမှတင်သွင်းသော မုန့်များရှိသော်လည်း စားသုံးရန်မသင့်သော မုန့်များကို မတွေ့ရကြောင်း၊ သတ်မှတ်ထားသည့် အခန်း(၁၈)ပါ ကုန်ညွှန်းအမှတ်အသား ဖော်ပြခြင်းဆိုင်ရာ ဥပဒေအရ ကုန်ညွှန်းအမှတ်အသားမပါသည့် မုန့်များ၊ ထုတ်ပိုးပုံစနစ် မမှန်ကန်သည့်မုန့်များကိုသာ တွေ့နေရကြောင်း ကချင်ပြည်နယ် အစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေး ဦးစီးဌာန၊ ပြည်နယ်ဦးစီးဌာနမှူးဒေါက်တာတင်ထွန်းဦးက ပြောသည်။

“လက်ရှိကတော့ မစားသင့်တဲ့အစားအစာ၊ တားမြစ်ထားတာတော့ မတွေ့ဘူး။ ဒါပေမဲ့ အမှတ်တံဆိပ်မပြည့်စုံတဲ့ ပစ္စည်းတွေကိုတော့ တွေ့နေရတယ်ပေါ့။ အဲ့ဒီပစ္စည်းတွေကိုတော့ စားသင့်တယ်၊ မစားသင့်ဘူးး မစစ်ဆေးဖြစ်ဘူး။ ဒါပေမဲ့ ထုတ်ပိုးထားတဲ့ ပုံစံတွေက ဥပဒေနဲ့ မကိုက်ညီတာတွေ ရှိတယ်။ တရုတ်စာတွေ ယိုးဒယားစာတွေ ဖြစ်နေတယ်”ဟု ၎င်းက ပြောသည်။

ယခင် နှစ်များတွင် ကျောင်းမုန့်ဈေးတန်းများမှ သံသယရှိသည့် မုန့်များကို နေပြည်တော်သို့ပို့ကာ စစ်ဆေးမှုများ ပြုလုပ်ခဲ့သော်လည်း ယခုနှစ်များတွင် တိုင်းနှင့် ပြည်နယ်အလိုက် သက်ဆိုင်ရာဌာနမှသာ စစ်ဆေးရန် ညွှန်ကြားထားကြောင်း ဒေါက်တာ တင်ထွန်းဦးက ပြောသည်။

“အရင်နှစ်တွေကတော့ နေပြည်တော်ပို့ပေမယ့် အဲ့ဒီမှာက အလုပ်တွေက တအားများတယ်။ တစ်နိုင်ငံလုံး ကျောင်းမုန့်ဈေးတန်းက ဟာတွေဆို သူတို့လည်း မနိုင်ဘူး။ ကြန့်ကြာတယ်။ အဲ့ဒါကြောင့် ကိုယ့်တိုင်းနဲ့ပြည်နယ်မှာ တတ်နိုင်သလောက် အန္တရာယ်ရှိနိုင်တဲ့ဟာတွေစစ်ဆေးဆိုပြီး ဖြန့်ထားတယ်။ ဒီမှာက လက်ရှိ စစ်ဆေးနိုင်တာ ပေးထားတဲ့ ဓာတ်ခွဲအနေအထားအရ သုံးမျိုး၊ လေးမျိုးလောက်ပဲ ရှိတယ်”ဟု ၎င်းက ပြောသည်။

အစားအသောက်နှင့် ဆေးဝါးကွပ်ကဲမှု ဦးစီးဌာန၏ စားသုံးရန်မသင့်ကြောင်း တရားဝင် ထုတ်ပြန်ချက် မပါရှိဘဲ၊ ဈေးကွက်အတွင်း စစ်ဆေးအရေးယူခွင့် မရှိကြောင်းနှင့် ကျောင်းများတွင် ရယ်ဒီမိတ် မုန့်ထုတ်များကို မစားသုံးကြရန် ဟောပြောပွဲများ ပုံမှန်ပြုလုပ်ပေးနေသည်ဟု စားသုံးသူရေးရာ ဦးစီးဌာန ခရိုင်ဦးစီးမှူးဦး ကျော်မြင့်က ပြောသည်။

“အသားတုတွေ၊ အစပ်ချောင်းတွေသည် တရုတ်နိုင်ငံကလုပ်တာ တရားမဝင်လမ်းကြောင်းကနေ ဝင်လာတာများတယ်။ ဒါပေမဲ့ စားသုံးရန်မသင့်ပါဘူးဆိုတဲ့ ဓာတ်ခွဲစမ်းသပ်ချက် အဖြေတွေမရှိဘူး။ အဲ့ဒီတော့ ဒါတွေကို အတတ်နိုင်ဆုံး ရှောင်ကြဉ်ပါဆိုပြီး၊ ကလေးတွေကို ပညာပေးတာတွေ လုပ်ဆောင်နေတယ်”ဟု ဦး ကျော်မြင့်က ပြောသည်။

လာမည့် ၂၀၂၀ မတ်လ ၁၆ရက်မှ စတင်ပြီးဈေးကွက်အတွင်း ကုန်ညွှန်းအမှတ်အသား မပါရှိသော ကုန်စည်များကို စစ်ဆေးအရေးယူသွားတော့မည် ဖြစ်ကြောင်း စားသုံးသူရေးရာဦးစီးဌာနမှ သိရသည်။

စားသုံးသူ ကာကွယ်ရေးဥပဒေသစ်ကို ၂၀၁၉ မတ်လတွင် လွှတ်တော်မှ ပြဋ္ဌာန်း၊ခဲ့ပြီး အခန်း(၁၈)ပါ ကုန်ညွှန်းအမှတ်အသား ဖော်ပြခြင်း၊ဆိုင်ရာဥပဒေကို လိုက်နာဆောင်ရွက်ရန် လုပ်ငန်းရှင်များကို တစ်နှစ်အချိန်ပေးထားပြီး ယခုနှစ် ၂၀၁၉ မတ်လမှ စတင်ပြီး လုပ်ငန်းရှင်များအတွက် အသိပညာပေးရေး အစီအစဉ်များလည်း ပုံမှန်လုပ်ဆောင်လျက် ရှိသည်။

Ann

LEAVE A REPLY

Please enter your comment!
Please enter your name here