ကြားဖြတ်ရွေးကောက်ပွဲနီးမှ လူထုရှေ့ထွက်လာတဲ့ပြည်သူ့အစိုးရ

1395

မြန်မာနိုင်ငံကြီးမှာ လူမပါ ကုန်မပါတဲ့ သဘောၤကြီးတစ်စင်း ဒလဆိပ်ကမ်းမှာ ဆိုက်ကပ်မလာခင်၊ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်နဲ့ စစ်ဗိုလ်ချုပ်ကြီးတွေရဲ့ ဖေ့စ်ဘုတ်အကောင့်တွေ အပိတ်မခံရခင်၊ တပ်မတော်က ထုတ်တဲ့စာအုပ်တစ်အုပ်မှာ ဘင်္ဂါလီတွေ သတ်ထားတယ်ဆိုတဲ့ ဓာတ်ပုံအတုတွေကိစ္စ မပေါ်ခင် ကာလမှာ ကချင်ပြည်နယ်အစိုးရက မြစ်ကြီးနားလူထုနဲ့ တွေ့ဆုံပွဲတစ်ရပ်ပြုလုပ်ခဲ့တယ်။ တွေ့ဆုံပွဲဆိုလို့ ဘောလုံးကွင်းကြီးထဲမှာ ထောင်သောင်းချီတဲ့ ပရိသတ်တွေနဲ့ လုပ်တယ်လို့ မထင်လိုက်ပါနဲ့၊ မီဒီယာတွေကိုတောင် မဖိတ်ဘဲ မြို့ တော်ခန်းမထဲမှာ လုပ်တဲ့ပွဲတစ်ခုပါ။

အစိုးရသက်တမ်း ၂ နှစ်ခွဲကြာမြင့်ပြီးတဲ့နောက် ကြားဖြတ်ရွေးကောက်ပွဲရောက်ဖို့ နှစ်လအလိုမှာ ပထမဆုံးအကြိမ် ပြည်သူ့ရှေ့ ထွက်ရပ်ပြလာတဲ့ ပြည်နယ်အစိုးရကြီးကို ပြည်သူတွေက မေးခွန်းတွေ အားရပါးရ မေးမြန်းပစ်လိုက်ကြပါတယ်။ အရင်ခေတ်တုန်းကလို တွေ့ဆုံပွဲဆိုတဲ့ ခေါင်းစဉ်ကြီးတပ်ပြီး တက်ချင်တဲ့သူတွေရော၊ မတက်ချင်တဲ့သူတွေရော တက်ခိုင်းပြီးရင် လာသမျှလူကို ငါ့စကားနွားရ စကားတွေပြောချင်တာပြောပြီး ပြန်လွှတ်တဲ့ ပွဲမဟုတ်ဘဲ ပြည်သူကို မေးခွန်းတွေ မေးမြန်းခွင့်ပြုတာ ကျေးဇူးတင်ရမှာပါ။

ပြည်သူတွေကလည်း တစ်သျှူးငှက်ပျောကိစ္စ၊ မူးယစ်ဆေးဝါးပြဿနာ၊ အကျင့်ပျက်ခြစားတဲ့ ဝန်ထမ်းတွေအကြောင်း၊ လမ်းပန်းဆက်သွယ်ရေးကဏ္ဍ၊ နန်ကျင်စီးပွားရေးဇုန်ကြီးရဲ့ အခြေအနေ စတာတွေကို စုံတကာစေ့အောင် မေးလိုက်ကြပါတယ်။လူမှုရေးဝန်ကြီးကလွဲလို့ ဝန်ကြီးမှန်သမျှအကုန် ထဖြေရအောင် မေးလိုက်ကြတဲ့ ပြည်သူတွေကလည်း လေးစားစရာပါ။

ပြည်သူတွေက နယ်မြေအတွင်းမှာဖြစ်ပျက်နေတဲ့ တိကျသေချာတဲ့ မေးခွန်းတွေကို မေးခဲ့ကြတာပါ။ ဒါပေမယ့် ဝန်ကြီးများကတော့ လွှတ်တော်ထဲမှာ ဖြေနေကျ အကျင့်ပါနေဟန်တူပါတယ်။  တိကျသေချာတဲ့ အဖြေတွေကို သိပ်မပေးခဲ့ကြပါဘူး။ ယေဘူယျဆန်ပြီး လက်တွေ့မကျတဲ့ အဖြေတွေနဲ့ ပြည်သူတွေကို နှစ်သိမ့်ခဲ့တာ တွေ့ရပါတယ်။

အဲဒီလူထုတွေ့ဆုံပွဲကို သွားတက်တဲ့သူတွေကလည်း သူတို့ရဲ့ ဖြေဆိုမှုတွေကို အားမရဘူးလို့ ဆိုပါတယ်။ အားမရလည်း အားမရချင်စရာပါပဲ၊ ဘယ်ကိစ္စကိုတော့ ဘယ်လိုလုပ်သွားမှာပါဆိုတာထက် မတိကျ မရေရာတဲ့ ဖြေဆိုချက်တွေနဲ့ မပြတ်သားတဲ့ဖြေဆိုချက်တွေကို ပေးခဲ့ခြင်းက ပြည်သူ့ယုံကြည်မှုကို လျော့ကျစေပါတယ်။

ထူးခြားတာကတော့ ဝန်ကြီးချုပ်ကို ဖြေခွင့်မပေးဘဲ မေးခွန်းမှန်သမျှ တပ်မတော်အရာရှိက အကုန်ဒိုင်ခံဖြေသွားတာပါပဲ။ ဝန်ကြီးချုပ်က အဖွင့်မိန့်ခွန်းပြောပြီး ရုပ်ပြသဘောလောက် ထိုင်နေရုံပါပဲ။

အနာဂတ် မြန်မာ့အရေးက ရင်လေးစရာကောင်းလာပါတယ်။ မိမိ တပ်ကလွဲရင် ဘယ်သူ့ကိုမှ အထင်မကြီးတတ်တဲ့ တပ်မတော်ရဲ့ လွှမ်းမိုးချယ်လှယ်မှုက နေရာတကာမှာ ထောင့်စေ့လွန်းနေတော့ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်ပြောတဲ့ NLD ရဲ့ ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရေး အိပ်မက်က ပိုလို့ မပီပြင် ဝိုးတဝါးဖြစ်လာနေတယ်။ အစိတ်သားကို တစ်ပိဿာဖြစ်အောင်လုပ်နိုင်မှ (ဒါမှမဟုတ်) ၇၅ ကျပ်သားကို ၇၆ ကျပ်သားလောက် ဖြစ်အောင်လုပ်နိုင်မှ ရမယ့် ၄၃၆ အိပ်မက်က အတိတ်စိမ်းအဆင့်မှာပဲရှိနေဦးမှာပါ။

NLD ရဲ့ မိခင်ကြီးက တပ်မတော်နဲ့လက်တွဲပြီး ဖွဲ့စည်းပုံအခြေခံဥပဒေပြင်ဆင်ဖို့ ဆက်လက် ကြိုးပမ်းသွားမယ်လို့ ပြောကြားထားပေမယ့် အစိတ်သားထဲမှာ မိုက်ရူးရဲအမတ် သုံး – လေးယောက် ထွက်လာမှအောင်မြင်မယ့်ကိန်းပါ။ တစ်သက်လုံး NLD ကို ရန်သူလို မြင်လာခဲ့တဲ့ အမြင်ခေါက်ရိုးကျိုးနေတဲ့ စစ်သည်တော်တွေထဲက ဒီလိုခပ်ကြောင်ကြောင်အမတ် ထွက်မလာမချင်းကတော့ ဆယ်နှစ်ပြည့်လို့ သုံးလစွန်းလာပြီဖြစ်တဲ့ စာအုပ်အစိမ်းကြီးက ပန်းပန်နေဦးမှာပါ။

မြစ်ကြီးနားသတင်းဂျာနယ်

LEAVE A REPLY

Please enter your comment!
Please enter your name here