မြန်မာနိုင်ငံ၏ လွတ်လပ်ရေးဗိသုကာ ဗိုလ်ချုပ်အောင်ဆန်းနှင့် အာဇာနည်ခေါင်းဆောင်ကြီးများ ကွယ်လွန်ခဲ့သည်မှာ ၂၀၁၈ ခုနှစ်၊ ဇူလိုင်လ ၁၉ ရက်နေ့ဆိုလျှင် (၇၁) နှစ် ကြာညောင်းခဲ့လေပြီ၊ နှစ်တွေဘယ်၍ကြာသော်လည်း ဂျိန်းဖောတို့၏ အလွမ်းပြေနိုင်လိမ့်မထင်ပါ။
အဘယ်ကြောင့်ဆိုသော် စာရေးသူဖတ်ဖူးသော ၁၉၄၇ ခုနှစ်၊ သြဂုတ်လ (၁၀)ရက်နေ့ထုတ် မြန်မာ့အလင်းသတင်းစာပါ ဗိုလ်ချုပ်နှင့်ဝန်ကြီးများ ကျဆုံးခြင်းအတွက် ဂျိန်းဖောလူထု၏ ဝမ်းနည်းခြင်းသဝဏ်လွှာကို ၁၉၆၁ ခုနှစ်ကျမှ ဦးလေးဖြစ်သူ ရုံးဝန်ထောက်ဦးမြအုန်း အသိမ်းကောင်း၍ ဖတ်ဖူးခဲ့ရပါသည်။ တစ်ဖန် ၂၀၁၄ ခုနှစ် ဇူလိုင်လ (၅) ရက်နေ့ထုတ် သူရိယနေဝန်းသတင်းစာတွင် ထပ်မံရေးသားဖော်ပြချက်အရ ဒုတိယံမ္ပိ နှစ်ကြိမ်မြောက် ဖတ်ရှုခဲ့ရပါသည်။
ထိုဂျိန်းဖောတို့၏ ဝမ်းနည်းခြင်းသဝဏ်လွှာတွင် မှတ်သားမိသမျှ ရေးသားတင်ပြရသော် “တောင်တန်းနယ်၌ ဗိုလ်ချုပ်အတွက် အိမ်ဖြူမျှော်ကိုးလေသမျှ သဲထဲရေကျရလေပြီ၊ မျှော်လင့်ချက် ပျောက်ဆုံးရလေပြီ၊ တောင်တန်းနယ်သားဂျိန်းဖောများ၏အသည်းကား ကွဲရလေပြီ၊ အနှစ်တစ်ထောင် လည်း မမေ့နိုင်ပြီ။
မြန်မာနိုင်ငံ ပြည်သူပြည်သားအပေါင်းတို့ တောင်တန်းနယ်သူ နယ်သားများနှင့်တကွ ဂျိန်းဖောလူမျိုးများ၊ စော်ဘွားများ က ဗိုလ်ချုပ်နှင့်ဝန်ကြီးများ ကျဆုံးရလေခြင်းကို ဝမ်းနည်းလှိုက်လှဲ အသည်းကွဲလျှက်နှင့် တောင်တန်းနယ်သူနယ်သားတို့၏ မပြုရသေးသော လျာထားပြီးသား ဆောင်ရွက်ရန်တာဝန်ကို ပွင့်လင်းထုတ်ဖော်ရေးသားအပ်ရပါကြောင်း။
မြန်မာပြည်မကြီးနှင့် တောင်တန်းနယ်သားများကို ကျွန်သက်ရှည်ရေးအဖြစ်မှ ကယ်တင်ခဲ့သော ဗိုလ်ချုပ်အောင်ဆန်းအား တောင်တန်းနယ်သူနယ်သားများနှင့် ဂျိန်းဖောတို့၏ စိတ်နှလုံးထဲတွင် ဧကန်တစ်ခုတည်းသာလျှင် ပုဂ္ဂိုလ်စွဲလျှက် ချစ်ကြည်လေးစားအားထားကာ လွတ်လပ်ရေးပန်းတိုင်သို့ ပျော်ရွှင်ခုန်ကလျက် လိုက်ရဘိအလား။ ဦးအောင်ဆန်းအား ကျေးဇူးတင်လှပါသဖြင့် ဤလွတ်လပ်ရေးကိစ္စအ၀၀များ ဆုံးခန်းရောက်ခဲ့လျှင် တောင်တန်းနယ်မြေတွင် မြေလွတ်တောင်တန်းကုန်းမြင့် အလှအပဆုံး တစ်ခုရွေးချယ်လျက် တောင်တန်းနယ်ရှိ ကျောက်လုံးများဖြင့် တည်ဆောက်သော တင့်တယ်လှပသည့် အိမ်ဖြူတော်နှင့် ဗိုလ်ချုပ်ကျေးဇူးဆပ်ရန်လျာထားခဲ့ပါ၏။ အမေရိကန်သမ္မတ ဝါရှင်တန်တို့လို မောင့်ဖွာနို့ကုန်းမြင့်တွင် အိမ်ဖြူတော်နှင့် စံပါယ်သကဲ့သို့အလား ဗိုလ်ချုပ်အောင်ဆန်းကိုလည်း တောင်တန်းကုန်းမြင့်ပေါ်တွင် အိမ်ဖြူတော်နှင့်လာနေလိမ့်နိုး မျှော်ကိုးလေသမျှ သဲထဲရေကျရလေပြီ။ အနှစ်တစ်ထောင်တိုင်လည်း မမေ့နိုင်ပြီ”ဟု ဂျိန်းဖောတို့၏ ဖြူစင်သောမနောကို စာရေးသူလေးစားမိပါ၏။
“ဗိုလ်ချုပ်ဝိဉာဉ်ဖြင့်”
ဗိုလ်ချုပ်အောင်ဆန်းကို ဂျိန်းဖောတို့မည်မျှ ချစ်ကြသည်၊ မည်မျှ လေးစားကြသည်ကို ဖော်ပြရာတွင် သူတို့၏ဝိဉာဉ်နှင့် ဗိုလ်ချုပ်၏ဝိဉာဉ်လဲလို့ရလျှင် လဲလိုက်ချင်ပါဘိဟု ဖော်ပြရာတွင်လည်း တောင်တန်းနယ်ရှိ ကျောက်စိမ်း၊ကျောက်နီ၊ ပယင်း၊ ရွှေ စီခြယ်သည့် ကမ္ဘာအသိဖြစ်ရမည့် ဓားကို ပေးဆပ်ရန်လည်း ရေးသားခဲ့ပါသည်။ ဤဓားကို ဘယ်သူလာ၍ကိုင်မည်နည်း။
တောင်တန်းနယ်မြေကို အရေးပေးခဲ့သော ဦးအောင်ဆန်းနှင့် မျက်ရည်ရောလျက် ရေးရပါကြောင်း၊ လွတ်လပ်ရေးရပြီး လျှင် တောင်တန်းနယ်မြေတွင် မြေပိုင်ရှင်၊ သတ္တုတွင်းရှင် တောင်တန်းသားများက ဗိုလ်ချုပ်ကို ခေါ်ထားပါသည်။ ဗိုလ်ချုပ်ကလည်း ကျွန်တော်အခုလို ရက်တိုတိုလေးနေရတာ မကျေအေးသေးပါ။ တောင်တန်းနယ်တွင် ကြာကြာလာနေပါမည်။ တောင်ကြို တောင်ကြား လျှောက်သွားပါအုံးမည်ဟု ရွှင်ပြုံးပြုံး၊ ပုလဲလုံးသဖွယ်စီတန်းပြီး သွားကလေးတွေပေါ်အောင် ချိုသာသောမိန့်ခွန်း ပြောသွားခဲ့သည်ကိုလည်း ဂျင်းဖောများ အမှတ်ရနေဆဲဖြစ်သည်ဟု ယုံကြည်မိပါသည်။
တောင်တန်းက ဂျိန်းဖောတွေက ဗိုလ်ချုပ်ကို ဘယ်မျှအားကိုးအားထား ချစ်ကြည်လေးစားကြောင်း ဗိုလ်ချုပ်၏ဝိဉာဉ်ဖြင့် လဲစေချင်ပါသည်ဟု ဂျိန်းဖောတို့၏ ဖြူစင်သောစိတ်ရင်းအမှန်ကို ပွင့်ပွင့်လင်းလင်း ဖွင့်ဟပြသည်ကိုလည်း ရှုမြင်ရပါကြောင်း။ ယင်းဝမ်းနည်းကြောင်း သဝဏ်လွှာတွင် တောင်တန်းသားများ၏ ကျေးဇူးရှင်ဗိုလ်ချုပ်ကို သတ်သောသူကို ကျိန်စာတိုက်သွားသည်ကိုလည်း ဤသို့ ရေးသားဖော်ပြထားသည်ကို ဖတ်ရှုရပါသည်။
“တောင်တန်းသားများ၏ ကျေးဇူးရှင်ဗိုလ်ချုပ်ကို သတ်သောသူသည် ဘယ်အမျိုးမှ ပေါက်ဖွားပါသနည်း မြန်မာပြည် ချက်မြှုပ်မှ ဟုတ်ပါရဲ့လား၊ မြန်မာပြည်ထွက်ဆန်စပါးကို စားဖူးပါရဲ့လား၊ ကျေးဇူးကန်းလှချေတကား။ ဤကျေးဇူးကန်းမျိုးသည် မြန်မာပြည်နှင့်မတန်၊ တဖြည်းဖြည်း အမျိုးပျောက်ပါစေသတည်း”ဟု ဗိုလ်ချုပ်သတ်သောသူကိုဤကမ္ဘာမြေတွင် လူ့လောက၊ လူ့သမိုင်းမှ မျိုးရိုးဇာတိပါမကျန် ပျောက်ကွယ်သွားပါစေဟု ကရုဏာဒေါသောဖြင့် ကျိန်စာသင့်စေရန် ဆုတောင်းခဲ့ခြင်း ဖြစ်ပေလိမ့်မည်။
အကယ်၍များ မြန်မာ့လွတ်လပ်ရေး ရပြီးသည့်အချိန်ထိ ဗိုလ်ချုပ်အောင်ဆန်းသာ အသက်ထင်ရှားရှိခဲ့မည်ဆိုပါက ကချင်ပြည်နယ်တွင် ဂျိန်းဖောတို့၏ ပဒန်မနောပွဲကြီးကျင်းပကာ ဂျိန်းဖောတို့လက်ဆောင်ပေးမည့် ကျောက်စိမ်း၊ ကျောက်နီ၊ ပယင်း၊ ရွှေ စီခြယ်ထားသည့် ကမ္ဘာကျော်မည့် ဓားကိုလွယ်လျက် ဂျိန်းဖောလူထုနှင့်အတူ ပျော်ရွှင်စွာကနေမည်ကို မြင်ယောင်မိပါသည်။
တစ်ဖန် ဂျိန်းဖောတို့နေလိုသည့် လှပသော တောင်တန်းတောင်ကုန်းမြင့်ပေါ်တွင် ဆောက်လုပ်ထားသော အိမ်ဖြူတော်တွင် လာရောက်နေကောင်းနေပေလိမ့်မည်။ ဗိုလ်ချုပ်ကလည်း မြန်မာနိုင်ငံလွတ်လပ်ရေးရပြီး ပြန်လည်ထူထောင်ရေးလုပ်ငန်းများ ဆောင်ရွက်ပြီးစီးပါက နိုင်ငံရေးမှအနားယူကာ အေးအေးဆေးဆေး စာပဲရေးတော့မည်ဟု ပြောကြားခဲ့သည့်အတိုင်း ဂျိန်းဖောတို့၏ အိမ်ဖြူတော်တွင် စာပေရေးစားနေမည်ကိုလည်း မှန်းဆ၍ မြင်ယောင်နေမိပါသည်။
ဗိုလ်ချုပ်အောင်ဆန်းကို ချစ်ခင်ကြသော အလွန်လေးစားကြသော ဂျိန်းဖောတို့၏ တစ်ချိန်က ရေခဲနှင်းဆောင်းအလွန် အေးချမ်းသာယာသော ဒေသကြီးက နှစ်ပေါင်း (၆၀)နီးပါးကြာသည့်တိုင် မငြိမ်းချမ်းနိုင်ပဲ ပြည်သူတွေလူမှုဒုက္ခအ၀၀ကို ခံစားနေကြရပါသည်။ မိမိတို့၏ အိုးအိမ်၊ ဥယျာဉ်ခြံမြေနှင့် လယ်ယာများကို စွန့်ခွာ၍ ဘေးကင်းလုံခြုံရာ စစ်ရှောင်စခန်း၊ (IDP) များသို့ အနေဆင်းရဲ၊ အစားဆင်းရဲဖြင့် ဘဝကို ရင်ဆိုင်နေကြရပြီး ကိုယ့်ရပ်ကိုယ့်ရွာနှင့် မိမိတို့၏အိုးအိမ်များကို အမြဲသတိရလွမ်းလျက် ရှိနေကြပေလိမ့်မည်။ ဘယ်သောအခါများမှ အလွမ်းပြေမည်နည်း။
(၇၁)နှစ်မြောက် အာဇာနည်နေ့ကို ဂုဏ်ပြုလျက်
မြင့်မိုရ်ဦး