(ဆောင်းပါး)
မိုင်းနီ- ရေးသားသည်
အချိန် ရှစ်လလောက် တိုက်ယူခဲ့ရတဲ့ တော်လှန်တပ်ဖွဲ့တွေရဲ့ အင်းတော်မြို့သိမ်းတိုက်ပွဲဟာ လွယ်လွယ်ကူကူနဲ့ ရခဲ့တာတော့ မဟုတ်ပါဘူး။ အောင်မြင်မှုနဲ့အတူ ပေးဆပ်စွန့်လွှတ်မှုတွေလည်း များခဲ့ပါတယ်။
မြို့သိမ်းတိုက်ပွဲကြီးအတွက် အသက်ခန္ဓာစွန့်လွှတ်သွားကြတဲ့ တော်လှန်ရေးရဲဘော်တွေ အများအပြား ရှိကြသလို ပြင်ဦးလွင်ခရိုင်၊ အမှတ် ၅၁၂ တပ်ရင်းက ရဲဘော်လေးယောက်ထဲ ဂေါ်ရခါးလူငယ် ရဲဘော်ဘီလုံးလည်း ပါဝင်ခဲ့ပါတယ်။
“ရန်သူ(စစ်ကောင်စီ)ဘက်က ပစ်လိုက်တဲ့လက်ပစ်ဗုံးကို သူက ကာလိုက်တယ်လို့ ကျမကို လှမ်းအကြောင်း ကြားတယ်။“ လို့ ရဲဘော်ဘီလုံးရဲ့ အစ်မဖြစ်သူက ပြောပါတယ်။
စစ်ကိုင်းတိုင်းထဲမှာရှိပြီး ကချင်ပြည်နယ်နဲ့ ထိစပ်နေတဲ့ အင်းတော်မြို့ကို ပြီးခဲ့တဲ့နှစ် စက်တင်ဘာလက စတင်တိုက်ခိုက်ခဲ့တာပါ။ ဒီလို မြို့တစ်ခုလုံးသိမ်းပိုက်နိုင်ဖို့ အတွက် အာဏာရှင်ပြုတ်ကျရေး တော်လှန်တိုက်ပွဲတွေ အလီလီ ပါဝင်ဆင်နွှဲခဲ့တဲ့ တော်လှန်ရဲဘော်လူငယ်တွေဟာ အသက်တွေ၊ ခန္ဓာတွေ စတေးခဲ့ကြရပါတယ်။
အင်းတော်တိုက်ပွဲ ရှေ့တန်းမှာ ရဲဘော်ဘီလုံးတစ်ယောက် သွားရောက်တိုက်ခိုက်နေတာ လွန်ခဲ့တဲ့ သုံးလလောက်ကတည်းကပါ။ မြို့သိမ်းဖို့ နောက်ဆုံးကျန်နေတဲ့ ဂျပန်လှိုဏ်ဂူကို တိုက်ခိုက်နေချိန် အခုလ ၃ ရက်နေ့မှာပဲ ရန်သူဘက်က ပစ်လိုက်တဲ့ လက်ပစ်ဗုံးကို ခုန်အုပ်ကာကွယ်ရင်း ရဲဘော်ဘီလုံး ရင်ဆိုင်ခဲ့ပါတယ်။ အဲဒီလိုကာကွယ်ခဲ့တာကြောင့် သူ့နောက်က လိုက်လာတဲ့ ကျန်ရဲဘော်နှစ်ယောက် ထိခိုက်ဒဏ်ရာ နည်းခဲ့ရတယ်။
“ထိထားတယ်၊ ပထမတော့ မစိုးရိမ်ရဘူး၊ အရမ်းမစိုးရိမ်နဲ့လို့ ပြောလာတယ်”လို့ ရဲဘော်ဘီလုံးရဲ့ အစ်မဖြစ်သူက သတင်းစရရခြင်း အခြေအနေကို ပြောပြပါတယ်။ ဒါပေမဲ့ နောက်တစ်ရက်မှာတော့ “ကျသွားပြီ” ဆိုပြီး အကြောင်းကြားလာတဲ့ ဖုန်းကို သူလက်ခံရရှိခဲ့ပါတယ်။
ရဲဘော်ဘီလုံးဟာ ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့ဇာတိဖွား အသက် ၂၃ အရွယ် လူငယ်တစ်ဦးပါ။ ၂၀၂၁ ခုနှစ်အာဏာသိမ်းစကတည်းက သူနေထိုင်ကြီးပြင်းရာဒေသကနေ စစ်အာဏာရှင်ဆန့်ကျင်ရေး သပိတ်စစ်ကြောင်းတွေမှာ ပါဝင်လှုပ်ရှားခဲ့ပါတယ်။
လက်နက်ကိုင်တော်လှန်ဖို့ ဆုံးဖြတ်ပြီးတဲ့နောက် ၂၀၂၂ ခုနှစ်မှာ ရှမ်းပြည်မြောက်ပိုင်းက နောင်ချိုဒေသမှာ စစ်သင်တန်း သွားရောက်သင်ကြားခဲ့တယ်။ သူ့ရဲ့ တပ်ရင်းက အမှတ် ၁ စစ်ဒေသ၊ ပြင်ဦးလွင်ခရိုင် အမှတ် ၅၁၂ တပ်ရင်းဖြစ်ပြီး တပ်စိတ်မှူးတစ်ဦးအဖြစ် တာဝန်ထမ်းနေသူပါ။
တပ်ရင်းအတွက် အားကိုးရတဲ့သူတစ်ဦးဖြစ်သလို မတ္တရာ၊ စဉ့်ကူး၊ သပိတ်ကျင်း၊ မိုးကုတ် ၊ မိုးမိတ်-စတဲ့ မြို့သိမ်းတိုက်ပွဲတွေမှာလည်း ပါဝင်တိုက်ခိုက်ခဲ့ပါသေးတယ်။
ရဲဘော်ဘီလုံးရဲ့ အစ်မဖြစ်သူကလည်း တော်လှန်ရေးတပ်သားတစ်ဦးပါပဲ။ အာဏာရှင်ကို တော်လှန်ဆန့်ကျင်တဲ့ မောင်နှမနှစ်ဦးဟာ တော်လှန်ရေးတပ်ဖွဲ့ဘက်ရောက်လာပြီး သင်တန်းတွေ အတူတက်ပြီးတဲ့နောက် တစ်ယောက်တစ်နေရာစီ တာဝန်ထမ်းဆောင်နေခဲ့ကြတာပါ။
တိုက်ပွဲအတွင်း မောင်ဖြစ်သူ ကျဆုံးသွားတာကြောင့် ရှေ့ဆက်လျှောက်ဖို့ ခွန်အားမရှိတော့သလို ခံစားနေရပေမဲ့ မောင်ဖြစ်သူအတွက် နောက်ဆုံးအထိ ဆက်လျှောက်လှမ်းသွားမယ်လို့ ဆိုတယ်။
” တော်လှန်ရေးကြီးပြီးရင်လည်း မောင်နှမနှစ်ယောက် အိမ်အတူတူပြန်မယ်ဆိုပြီးတော့ ပြောထားတာ။”လို့ အစ်မဖြစ်သူက ပြောပါတယ်။ အခုတော့ သူတစ်ယောက်တည်း ကျန်တော့သလို ခံစားနေရပါပြီ။
ဂေါ်ရခါးလူမျိုးတွေဟာ စစ်ပွဲတွေမှာ ရဲစွမ်းသတ္တိရှိတဲ့ တိုက်ပွဲဝင်သူတွေအဖြစ် သတ်မှတ်ခံ ကြရသူတွေပါ။ မြန်မာ့သမိုင်းတစ်လျှောက် တော်လှန်ရေးတိုက်ပွဲတွေမှာ ဂေါ်ရခါးလူမျိုးတွေဟာ ရဲစွမ်းသတ္တိရှိရှိနဲ့ ပါဝင်ခဲ့ကြတဲ့ သမိုင်းမှတ်တမ်းတွေက သက်သေပြနေပါတယ်။
တရုတ်ကူမင်တန်တွေနဲ့ တိုက်ခဲ့တဲ့ ၁၉၅၀ ခုနှစ်လောက်က တိုက်ပွဲတွေမှာ အသက်ကို ပဓာနမထားပဲ တိုက်ခဲ့တာကြောင့် တပ်မတော်ရဲ့ အမြင့်ဆုံးဘွဲ့တံဆိပ်ဖြစ်တဲ့ အောင်ဆန်းသူရိယဘွဲ့တံဆိပ်ကို ရရှိသူတွေထဲမှာ ဂေါ်ရခါးစစ်သည်တော်တွေလည်း ပါဝင်ခဲ့ပါတယ်။
ဒီဆုရရှိသူဟာ မြန်မာ့သမိုင်းမှာ ခြောက်ဦးသာရှိပါတယ်။ အောင်ဆန်းသူရိယဘွဲ့တံဆိပ်ရခဲ့တဲ့ ဂေါ်ရခါးစစ်သည်တော် ဆွတ်ဗဟာဒူး(ရိုင်း)ဟာ တရုတ်ကူမင်တန်အဖွဲ့ကို တစ်ဦးတည်းခုခံတိုက်ခိုက်ရင်း တရုတ်စစ်သား တစ်ရာကျော်အလယ်မှာ လက်ပစ်ဗုံးထိမှန်ထားတဲ့ ဒဏ်ရာနဲ့ ကျဆုံးနေခဲ့တာလို့ သမိုင်းမှတ်တမ်းတွေက ဖော်ပြပါတယ်။
“ကျွန်တော်တို့ ဂေါ်ရခါးသမိုင်းက ဘယ်တော့မှ မရိုင်းခဲ့ဘူး။“ လို့ မြစ်ကြီးနားမြို့ခံ ဂေါ်ရခါးအမျိုးသားတစ်ဦးက ပြောပါတယ်။
မျိုးဆက်သစ်ဂေါ်ရခါးလူငယ်တွေဟာ ၂၀၂၁ ခု စစ်အာဏာရှင်ဆန့်ကျင်ရေးသပိတ်တွေမှာ ပါဝင်လှုပ်ရှားခဲ့ကြသလို လက်နက်ကိုင်တော်လှန်ရာမှာလည်း နေရာအနှံ့အပြားကနေ ပါဝင်ခဲ့ကြပါတယ်။ ကချင်လွတ်လပ်ရေး တပ်မတော်(KIA) ရဲ့ လိုင်ဇာဌာနချုပ်မှာ ဂေါ်ရခါးတပ်ရင်းတစ်ရင်းကို သီးသန့်ဖွဲ့စည်းထားပါတယ်။ ဒီတပ်ရင်းဟာ ကချင်ပြည်နယ် အတွင်းမှာ တိုက်ပွဲတွေ ပါဝင်တိုက်ခိုက်နေကြတာပါ။
တပ်စိတ်မှူးဖြစ်တဲ့ ရဲဘော်ဘီလုံးဟာ စိတ်ဓာတ်မြင့်တင်ရေးပိုင်း၊ အုပ်ချုပ်ရေးပိုင်းနဲ့ တိုက်ခိုက်စွမ်းဆောင်ရေးပိုင်းမှာပါ တပ်စုတစ်ခုကို သေချာထိန်းနိုင်သူ တစ်ဦးဖြစ်ပြီး ရဲဘော်တွေ အချစ်ခံရသူတစ်ဦးလို့ ပြောကြပါတယ်။
တပ်စိတ်က ရဲဘော်တွေရဲ့ မွေးနေ့ရှိပြီဆိုရင် အစ်မဖြစ်သူဆီ မုန့်ဖိုးတောင်းပြီး လုပ်ပေးတတ်သလို အမြဲတက်ကြွ ပြုံးနေတတ်လို့ စိတ်မဆိုးတတ်တဲ့ ကလေးတစ်ယောက်ဖြစ်တယ်လို့လည်း နီးစပ်သူတွေက ဆိုပါတယ်။
” အခက်အခဲ ပင်ပန်းဒုက္ခမျိုးစုံကို ကျွန်တော်တို့နဲ့ အတူတူ၊ ၅၁၂ အတွက်ဆိုတဲ့ ၅၁၂ ဘတ်တံဆိပ်ဆိုတဲ့ ခေါင်းစဉ်အောက်မှာ အကောင်းဆုံးကြိုးစားရုန်းကန်ခဲ့တဲ့ တအားတော်ခဲ့တဲ့ အာဇာနည်တစ်ယောက်။“ လို့ ရဲဘော်ဘီလုံးရဲ့ ဆရာအရင်းဖြစ်သူက ပြောပါတယ်။
အခုလ ၇ ရက်နေ့မှာ အပြီးသတ်သိမ်းပိုက်ခဲ့တဲ့ ကချင်နဲ့ စစ်ကိုင်းအစပ်မှာရှိတဲ့ အင်းတော်မြို့သိမ်းတိုက်ပွဲအတွက် နေရာဒေသအသီးသီးက တပ်ရင်းတွေ လာရောက် တိုက်ခိုက်ကူကြသလို ရဲဘော်ဘီလုံးတို့ တပ်ရင်းဖြစ်တဲ့ အမှတ် ၅၁၂ တပ်ရင်းလည်း ပါဝင်ခဲ့ပါတယ်။
အခုလို အချိန်ယူတိုက်ခိုက်ခဲ့ရတဲ့ အင်းတော်မြို့သိမ်းတိုက်ပွဲအတွင်း အမှတ် ၅၁၂ တပ်ရင်းထဲက ကိုဘီလုံးအပါအဝင် ရဲဘော်လေးဦး အာဇာနည်တွေအဖြစ် စွန့်လွတ်အနစ်နာခံခဲ့ကြပါတယ်။
တပ်ဖွဲ့ကတော့ သူတို့ရဲ့ လူမှုကွန်ရက်စာမျက်နှာမှာ “မိခင်တပ်ရင်းသို့ အောင်ပွဲနဲ့ အတူ ပြန်မလာနိုင်ခဲ့သော အာဇာနည်ရဲဘော် ၄ ဦးအား အလေးနီပြု ဝမ်းနည်းကြေကွဲစွာ ဂုဏ်ယူပါသည်။”လို့ ရေးသားဖော်ပြ ဂုဏ်ပြုထားပါတယ်။
ရဲဘော်ဘီလုံးနဲ့အတူ ကျဆုံးခဲ့တဲ့ ကျန်ရဲဘော်သုံးဦးထဲက တစ်ဦးဟာ အသက် ၁၈ နှစ်အရွယ်ပဲ ရှိသေးတယ်လို့ ဆိုပါတယ်။
“သူတို့ ကျွန်တော့်ကို ပြောခဲ့တဲ့စကားတွေ ရင်လာဖွင့်တဲ့အချိန်တွေ၊ သူတို့ဘယ်လောက်ပင်ပန်းနေပြီဆိုတဲ့ အကြောင်းအရာတွေ သူတို့ဘာတွေ ဆက်လုပ်ချင်တယ်ဆိုတဲ့ အကြောင်းအရာတွေ အဲဒီအသံတွေ အခုထိ ကြားနေရတုန်း။“လို့ ရဲဘော်ဘီလုံး ဆရာက သူ့ရဲဘော်တွေရဲ့ ခံစားချက်တွေကို ပြန်ပြောင်းပြောပြပါတယ်။
ရဲဘော်ဘီလုံးနဲ့အတူ ကျဆုံးအာဇာနည်တွေကို တာဝန်ကျေပွန်တာထက်ပိုပြီး အလေးနီ ဂုဏ်ယူလျက်ရှိသလို မပြီးပြတ်သေးတဲ့ တာဝန်တွေကို ကျန်ရဲဘော်ရဲဘက်တွေက ပြီးဆုံးတဲ့အထိ ဆက်လက်လုပ်ဆောင်သွားမယ်လို့ ဆရာဖြစ်သူက ကတိပေးပါတယ်။
တပ်ဖွဲ့ရဲ့ ဝမ်းနည်းကြောင်း သဝဏ်လွှာမှာတော့ ရဲဘော်ဘီလုံးရဲ့ စွန့်လွှတ် အနစ်နာခံမှု အတွက် တော်လှန်ရေးသမိုင်းမှာ ကမ္ဗည်းမော်ကွန်း တင်အပ်တယ်လို့လည်း ဖော်ပြထားပါတယ်။
အခုလ ၁၀ ရက်နေ့က ရဲဘော်ဘီလုံးရဲ့ ရက်လည် ပြီးစီးခဲ့ပါပြီ။ အင်းတော်မြို့သိမ်းတိုက်ပွဲက လွယ်လွယ်နဲ့ ရရှိခဲ့တာမဟုတ်သလို အသက်ချွေးတွေ ပေးဆပ်ပြီးမှ အောင်မြင်ခဲ့တာ ဖြစ်တဲ့အတွက် ကျဆုံးတော်လှန်ရဲဘော်တွေကို ဂုဏ်ပြုထိုက်သူတွေအနေနဲ့ အစဉ်မှတ်ကျောက်တင်ထားကြမှာ ဖြစ်ပါတယ်။
ရှစ်လကျော်ကြာတိုက်ခိုက်ခဲ့ရတဲ့ အင်းတော်မြို့သိမ်းတိုက်ပွဲအတွင်း စစ်ကောင်စီရဲ့ တပ်မမှူးအပါအဝင် စစ်သုံ့ပန်း ၁၅၀ လောက်ကို တော်လှန်ရေး တပ်ဖွဲ့တွေ ဖမ်းဆီးနိုင်ခဲ့ပါတယ်။ ဒါ့အပြင် ဟောင်ဝစ်ဇာ၊ ၁၂၀ မမ လက်နက်တွေအပါအဝင် လက်နက်ကြီး၊ လက်နက်ငယ် အများအပြားလည်း သိမ်းဆည်းရမိခဲ့ပါတယ်။
ရဲဘော်ဘီလုံးနဲ့ ရင်းနှီးသူ တစ်ဦးကတော့ အခုလို ပြောပါတယ်။ “ဘီလုံးရဲ့ ရဲရင့်စွန်းစားပြီး ရဲဘော်ရဲဘက်စိတ်နဲ့ စစ်အာဏာရူး စကစတပ်ကို ရွပ်ရွပ်ချွံချွံ တိုက်ခိုက်ရင်း ကျဆုံးခဲ့ရလို့ အတိုင်းမသိ ဝမ်းနည်းပေမဲ့ သူ့ရဲ ရှေ့တန်း ထိုးဖောက်နိုင်စွမ်းအား တစ်ခုကြောင့်လည်း အင်းတော်တိုက်ပွဲ အရာထင်ခဲ့တယ်လို့ ယူဆပါတယ်။ ကျဆုံး ရဲဘော်များအားလုံး အလေးနီပြုပါတယ်။“
— ကျန်ရစ်သူမိသားစု၏ လုံခြုံရေးကြောင့် ရဲဘော်ဘီလုံး၏ မျက်နှာကို ဝါးပေးထားရခြင်းဖြစ်ပါသည်–