အယ်လ်နီညိုအတွက် စောင့်ကြည့်ပြင်ဆင်ဖို့ မြန်မာမှာ အရေးတကြီးလိုအပ်နေပြီလို့ DFS တိုက်တွန်း

2

 

နိုဝင်ဘာ၊ ၁၈

မြန်မာနိုင်ငံမှာ အယ်လ်နီညိုအတွက် စောင့်ကြည့်ပြင်ဆင်ရေး အရေးတကြီးလိုအပ်နေပြီလို့ အစိုးရမဟုတ်တဲ့ အမေရိကန်အခြေစိုက် နိုင်ငံတကာ (INGO )အဖွဲ့ Data Friendly Space (DFS) က တိုက်တွန်းလိုက်ပါတယ်။

DFS က ဖန်တီးထားတဲ့ GANNET ပလက်ဖောင်းကနေ AI အသုံးပြုပြီး ဒေတာကောက်ယူခဲ့တဲ့အပြင် လူနဲ့ပါတွဲပြီး တည်းဖြတ်ထား နိုဝင်ဘာလထုတ် “မြန်မာနိုင်ငံရဲ့ အကျပ်အတည်းဆိုင်ရာ လေ့လာသုံးသပ်ချက်” အစီရင်ခံစာ မှာ အဲဒီလိုတိုက်တွန်းထားတာပါ။

၂၀၂၇ အစောပိုင်းကာလထိ အယ်လ်နီညိုကြောင့် မြန်မာနိုင်ငံတစ်ဝန်းမှာ ရေရှားပါးတာ၊ အပူချိန်နဲ့ ဆက်စပ်တဲ့ ရောဂါတွေဖြစ်ပွားတာနဲ့ ရောဂါဖြစ်ပွားမှုအသစ်ဖြစ်လာနိုင်တဲ့ အန္တရာယ်တွေကို ရင်ဆိုင်နိုင်ဖို့ ရေရှည်စောင့်ကြည့်လေ့လာတာနဲ့ ကြိုတင်ပြင်ဆင်မှုတွေကို လုပ်ဖို့ အရေးတကြီး လိုအပ်နေတာလို့ အစီရင်ခံစာက ဆိုပါတယ်။

ဒါ့အပြင် လက်ရှိအချိန်မှာလည်း နေရပ်စွန့်ခွာရတာတွေ၊ ရေကြီးမှုကြောင့် စားနပ်ရိက္ခာရှားပါးတာတွေနဲ့ သွားလာထောက်ပံ့ရေး ပိတ်ဆို့ကန့်သတ်ခံရတာတွေဟာ အာဟာရရရှိဖို့ ခက်ခဲနေတာကို ညွှန်ပြနေတယ်လို့ အစီရင်ခံစာက ထောက်ပြထားပါတယ်။

မြန်မာမှာ လူသားချင်းစာနာမှုဆိုင်ရာ အကူအညီတွေဆက်ပြီးတော့မရရင် ဒုက္ခသည်အိမ်ထောင်စုရဲ့ ၉၄ ရာခိုင်နှုန်း ဟာ တစ်နေ့တာ အနိမ့်ဆုံးလိုအပ်တဲ့ ကယ်လိုရီပမာဏ (၂,၁၀၀ ကယ်လိုရီ) ကို ပြည့်မီအောင် စားသုံးနိုင်မှာ မဟုတ်ဘူးလို့လည်း ကမ္ဘာ့စားနပ်ရိက္ခာအစီအစဉ် (WFP) က ၂၀၂၆ ခုနှစ် ဩဂုတ်လတုန်းက ခန့်မှန်းထားပါတယ်။

ဂျာမန် သဘာဝပတ်ဝန်းကျင်နဲ့ ဖွံ့ဖြိုးတိုးတက်ရေး အဖွဲ့အစည်းတစ်ခုဖြစ်တဲ့ Germanwatch ရဲ့ အချက်အလက်တွေအရလည်း မြန်မာနိုင်ငံဟာ နှစ်ပေါင်း ၃၀ အတွင်း ရာသီဥတုကြောင့် ကမ္ဘာပေါ်မှာ အထိခိုက်ဆုံး နိုင်ငံ ၃ နိုင်ငံထဲမှာ ပါဝင်နေပါတယ်။

မိုးဇလရဲ့အချက်အလက်တွေအရ အခု နိုဝင်ဘာထဲမှာဆိုရင်လည်း မြန်မာနိုင်ငံက မြို့ပေါင်း ၁၆ မြို့ထက်မနည်းဟာ အပူချိန်စံချိန်သစ်၊ မိုးရေချိန်စံချိန်သစ်တွေတင်ထားပြီး အဲဒီထဲက ကျောက်ဆည်မြို့ဟာဆိုရင် တစ်လအတွင်း အပူချိန်စံချိန်သစ် ၃ ခါတင်ခဲ့သလို လားရှိုးမြို့ဟာဆိုရင်လည်း အပူချိန်ရော၊ မိုးရေချိန်ကိုပါ စံချိန်သစ်တင်ထားပါတယ်။

ပုံစာ – ၂၀၂၄ ခုနှစ် ဇူလိုင်လအတွင်း မြစ်ကြီးနားမြို့တွင်းသို့ရေဝင်နစ်မြုပ်လာသဖြင့် ပြည်သူများ ရွှေ့ပြောင်းနေကြစဉ်။

 

LEAVE A REPLY

Please enter your comment!
Please enter your name here