ငှက်ပျောစိုက်ကုမ္ပဏီများ၏ ရန်ကိုကာကွယ်ရန် သစ်တောထူထောင်ခွင့်ပြုရေး ရွှေညောင်ပင်ရွာသားများ တောင်းဆို

1354
ရွှေညောင်ပင်

ဝိုင်းမော်၊ မေ ၁၉

ဝိုင်းမော်မြို့နယ် ရွှေညောင်ပင်ကျေးရွာ ပြည်သူများအားဒေသခံပြည်သူ အစုအဖွဲ့ပိုင် သစ်တော(CF)တည်ထောင်ခွင့်ပြုလက်မှတ်ကို အမြန်ဆုံး ချထားပေးစေလိုကြောင်း မေလ ၁၈ ရက်ကယင်းကျေးရွာတွင် ဒေသခံများနှင့် ခရိုင်      သစ်တောဦးစီးဌာနတို့ တွေ့ဆုံစဉ်ဒေသခံများက တောင်းဆိုခဲ့ကြသည်။

ဒေသခံပြည်သူများအနေဖြင့် CF(Comunity Forest) တည်ထောင်ခွင့်လက်မှတ်ရရှိရန်လွန်ခဲ့သည့် ၂၀၀၉ ခုနှစ်မှစ၍ အစိုးရအဆက်ဆက် ထံ တင်ပြတောင်းဆိုခဲ့သော်လည်း ယနေ့အချိန်ထိ မရရှိသည့်အတွက် CF ပြုလုပ်ရန် လျာထားသော နယ်မြေအတွင်းဝင်လာသည့် ငှက်ပျောစိုက်ကုမ္ပဏီများကို ကာကွယ်ရန်အခက်အခဲ ကြုံနေရသည်ဟု CF  ဥက္ကဋ္ဌ ဦးဇိန်ခန်ဘောက်ကပြောသည်။

“ငှက်ပျောစိုက်ပျိုးဖို့လုံးဝအလိုမရှိဘူး။ ကျွန်တော်တို့ သစ်တောအဖွဲ့ဧရိယာအတွင်း ငှက်ပျောခင်းဝင်မှုကို လုံးဝကန့်ကွက် သွားမှာပါ။ ဒါကြောင့်အစိုးရအနေနဲ့ တည်ထောင်ခွင့်လက်မှတ်ပေးဖို့ တောင်းဆိုချင်ပါတယ်။”ဟု      ရွှေညောင်ပင်ကျေးရွာမှ CFအဖွဲ့ဝင်တစ်ဦးဖြစ်သူ ဦးဘရန်ခွမ်က ပြောသည်။

          ယင်းဒေသတွင် ဒေသခံတောင်သူ ၂၆၈ ဦးလုပ်ကိုင်နေသည့် CF သစ်တောမြေဧက ၂၈၄၀ အကျယ်ရှိပြီး

ထိုမြေပေါ်တွင် ယမနေ၊ တညှင်းသီး၊ ပျဉ်းကတိုးနှင့် အခြားနှစ်ရှည်ပင်များ၊ ရာသီပေါ်သီးနှံပင်များ စိုက်ပျိုးကာစားဝတ်နေရေး မှီခိုနေရကြောင်း ဒေသခံများက ပြောသည်။

“ကျွန်တော်တို့က သက်ကြီးရွယ်အိုတွေလည်းဖြစ်တော့ တခြားပြန်လုပ်ဖို့ဆိုတာလည်း ခွန်အားတွေမရှိတော့ဘူး။ ဒါကြောင့် ကျွန်တော်တို့ကို အဲဒီမြေတွေပေါ် စိုက်ထားတဲ့အပင်တွေကို ခုတ်ပေးလိုက်ရင် အိုစာမင်းစာအတွက် ဘယ်မှ ရတော့မှာမဟုတ်ပါဘူး”ဟုဦးဘရန်ခွမ်က ပြောသည်။

ထိုကျေးရွာကို CF တည်ထောင်ခွင့်လက်မှတ် ချမပေးသေးခြင်းအကြောင်းအရင်းမှာ ၁၉၉၅ ခုနှစ်ကထုတ်ပြန်ထားသည့် CF တည်ထောင်ခွင့်ဥပဒေနှင့် ၂၀၁၆ ခုနှစ်တွင် အသစ်ပြန်လည် ထုတ်ပြန်ထားသည့် CF ဥပဒေတို့ အနည်း ငယ်ကွဲလွဲမှုများ ရှိနေသည့်အတွက်သစ်တောဦးစီးဌာနမှ ပြန်လည်စိစစ်ခြင်းများ ပြုလုပ်နေကြောင်း ခရိုင်သစ်တောဦးစီးဌာန  လက်ထောက်ညွှန်ကြားရေးမှူး ဦးနိုင်နိုင်ထွန်းက ပြောသည်။

“အရင်ဥပဒေမှာက CF မြေက အမွေဆက်ခံပိုင်ခွင့် မရှိဘူး။ ဒါပေမယ့် အသစ်ထွက်တဲ့ ဥပဒေ  သားစဉ်မြေးဆက် အမွေပေးပိုင်ခွင့်ရှိတယ်။ ငှားရမ်း၊ ရောင်းချပိုင်ခွင့်တော့ မရှိပါဘူး။ ဒီနှစ်ပိုင်း ၀ိုင်းမော်မှာ အဖွဲ့၃ ဖွဲ့ကို CF လက်မှတ်ပေးသွား ဖို့ရှိပါတယ်”ဟု ဦးနိုင်နိုင်ထွန်းက ပြောသည်။

မည်သူမဆို သစ်တောမြေအတွင်း ကျူးကျော်ဝင်ရောက်ကာ မြေတူးဆွခြင်း၊ မီးရှို့ခြင်း၊ သစ်ပင်ခုတ်ခြင်းများပြု လုပ်ပါက သစ်တောဥပဒေအရ ငွေဒဏ် ၅၀၀၀ ဖြစ်စေ၊ ထောင်ဒဏ် ၆ လဖြစ်စေ၊ ဒဏ်နှစ်ရပ်လုံးဖြစ်စေ အရေးယူခြင်းခံရမည်ဖြစ်ကြောင်းနှင့် ငှက်ပျောစိုက်ပျိုးရန် လုံးဝခွင့်ပြုထားခြင်း မရှိကြောင်း ဦးနိုင်နိုင်ထွန်းက ဆက်လက်ပြောကြားခဲ့ သည်။

တောင်သူများအနေဖြင့် တည်ထောင်ခွင့်လက်မှတ်ရရှိရန် ၂၀၀၉ ခုနှစ်ကတည်းက ပြည်နယ်ဝန်ကြီးချုပ်နှင့်အခြား သက်ဆိုင်ရာအစိုးရဌာနသို့ အကြိမ်ကြိမ်စာတင်ပြတောင်းဆိုမှုကြောင့် မြို့နယ်အဆင့်ကွင်းဆင်းစစ်ဆေးမှုများ အကြိမ်      ကြိမ် လာရောက်ပြုလုပ်ခဲ့သော်လည်း ယနေ့တိုင် ခွင့်ပြုချက်မရရှိသေးသဖြင့်အမြန်ဆုံး ခွင့်ပြုပေးစေလိုကြောင်း ဒေသခံများက ပြောသည်။

မွန်းမွန်းပန်

LEAVE A REPLY

Please enter your comment!
Please enter your name here