ဧပြီလ – ၂၂
ကချင်ပြည်နယ်၊ ဗန်းမော်ခရိုင် ၊ မိုးမောက်မြို့နယ် အလော့ဘွမ်တောင်ကုန်းဒေသ အနီး ကျေးရွာများတွင် တိုက်ပွဲများပြင်းထန်မှုကြောင့် နေအိမ်စွန့်ခွာ ထွက်ပြေးလာသည့် ပြည်သူများကို ဗန်းမော်လူငယ်များမှ လိုအပ်သည့် အခြေခံပစ္စည်းများကို လှူဒါန်းခဲ့ကြောင်း သိရသည်။

စီဟက် နှင့် မခွယ်ကျေးရွာဘက်မှ ထွက်ပြေးလာသည့် သက်ကြီးရွယ်အို အဘိုးအဘွားများအတွက် စင့်ကင်ကျေးရွာရှိ နေရာအချို့တွင် ယာယီတဲများထိုးပြီး နေထိုင်ရေးအတွက် စင့်ကင်ရွာသူရွာသားများက ကူညီဆောက်လုပ်ပေးနေပြီး လိုအပ်သည့် စားနပ်ရိက္ခာများကို ဗန်းမော်လူငယ်များက လှူဒါန်းပေးခဲ့ခြင်း ဖြစ်သည်။
လူငယ်များမှ ဆီ၊ ဆန်၊ အာလူး၊ ကြက်သွန်နီ၊ ခေါက်ဆွဲဖာ၊ ဆား၊ ကြက်ဥ၊ ကုလားပဲ အစရှိသည့် အခြေခံစားသောက်ကုန်အပြင် လူသုံးကုန် ပစ္စည်းအချို့ကို လှူဒါန်းပေးခဲ့ကြောင်းလည်း သိရသည်။
လက်ရှိတွင် စစ်ဘေးတိမ်းရှောင်နေသည့် ပြည်သူများသည် မိုးမောက် KBC နှစ်ခြင်းကျောင်း တွင် (၆၀၀) ခန့်၊ သိမ်မဟာ ကျောင်းတိုက်တွင် (၁၂၀) ကျော်ခန့်၊ ရွှေကျီးနားဘုရား ပွဲရုံတွင် (၁၀၀) ခန့်၊ စင့်ကင် ကျေးရွာတွင် (၅၀) ခန့်နှင့် မန်နောင်ကျေးရွာတွင် (၄၀၀)ခန့် ရှိကြောင်း သိရသည်။







