စင်းခန်းတံတား၊ မံစီမြို့က ရဲစခန်းနဲ့ မန်ရွက်ကျေးရွာက စခန်းငယ်တစ်ခုကို သိမ်းပိုက်ထားပြီဖြစ်ကြောင်း ဗိုလ်မှူးကြီးနော်ဘူအတည်ပြု

23

 

မေ၊ ၇

ဗန်းမော်မြို့နယ်၊ စင်းခန်းကျေးရွာ တံတားကို လုံခြုံရေးယူထားတဲ့ စစ်ကောင်စီစခန်းအပြင် မံစီမြို့မ ရဲစခန်းနဲ့ မန်ရွက်က စခန်းငယ်တစ်ခုကို KIA တပ်ပေါင်းစုတွေကနေ ဒီကနေ့ မနက်ပိုင်းက တိုက်ခိုက်သိမ်းပိုက်ထားနိုင်ပြီဖြစ်တယ်လို့ ကချင်လွတ်လပ်ရေးအဖွဲ့အစည်း (KIO/KIA) ပြန်ကြားရေးတာဝန်ခံ ဗိုလ်မှူးကြီးနော်ဘူက အတည်ပြုပြောဆိုပါတယ်။

ဗန်းမော်- မန္တလေးလမ်းမပေါ်က အရေးကြီးတံတားတစ်စင်းဖြစ်တဲ့ ဧရာဝတီတံတား(စင်းခန်း)စောင့် စခန်းကို တိုက်ခိုက်သိမ်းပိုက်ခဲ့သလို ဒီကနေ့မနက်ပိုင်းမှာပဲ စခန်း ၃ ခုကို သိမ်းပိုက်ထားပြီ ဖြစ်တယ်လို့ ဗိုလ်မှူးကြီးနော်ဘူက မြစ်ကြီးနားသတင်းဂျာနယ်ကို ပြောပါတယ်။

ဗန်းမော်ဘက်ကတော့ မံစီကနေ မြို့မရဲစခန်း ဒီမနက်သိမ်းပိုက်လိုက်ပြီ။မန်ရွက်မှာရှိတဲ့ စခန်းငယ်တစ်ခုရော သိမ်းလိုက်ပြီ။ပြီးတော့ ကသာဘက်က ဖြတ်လာတဲ့ ဧရာဝတီမြစ်ကူး စင်းခန်းတံတားကိုရော အဲဒီမှာ လုံခြုံရေးယူတဲ့စခန်းတွေကို သိမ်းလိုက်ပြီ။” လို့ ဆိုပါတယ်။

ကချင်လွတ်လပ်ရေးတပ်မတော်(KIA) နဲ့ တပ်ပေါင်းစုဘက်က အထက်ပါစင်းခန်းတံတားကို သိမ်းပိုက်ထားပြီးနောက် စင်းခန်းစစ်ကောင်စီ တပ်စခန်းကို ဆက်လက်တိုက်ခိုက်နေပြီးတော့ မိုးမောက်မြို့မှာလည်း တိုက်ပွဲတွေ ဖြစ်ပွားနေတယ်လို့ ဗိုလ်မှူးကြီးနော်ဘူက ဆိုပါတယ်။

စင်းခန်းက အရေးကြီးတယ်။ရထားလမ်းထိပါတယ်။အရေးကြီးတဲ့ တံတားဖြစ်တယ်။ အခုက စင်းခန်းနားမှာရှိတဲ့ စင်းခန်းစစ်တပ်ကိုတိုက်နေသေးတယ်။မိုးမောက်ဘက်တော့ တိုက်ပွဲ ဖြစ်တယ်ကြားတယ်။တိုက်ခိုက်သိမ်းပိုက်နိုင်တာတော့ သတင်းမရောက်လာသေးဘူး။“လို့ ဆိုပါတယ်။

ဒီကနေ့မနက် ၅ နာရီလောက်ကနေ တိုက်ပွဲတွေဖြစ်ပွားနေတာဖြစ်ပြီး လက်ရှိအချိန်ထိလည်း လက်နက်ကြီးတွေ တောက်လျှောက်ကြားနေရဆဲဖြစ်တယ်လို့ ဒေသခံတစ်ဦးကလည်း အခုလိုပြောပါတယ်။

တိုက်နေတုန်းပဲ လက်နက်ကြီးတွေ တောက်လျှောက်မြည်နေတယ်။ဂျက်ဖိုက်တာ ခုနဲ့ အခုလည်း လက်နက်ကြီး တောက်လျှောက်ပစ်နေတာ။ဒီမနက် နာရီလောက်ကစတာ။” လို့ ဒေသခံက ဆိုပါတယ်။

တိုက်ပွဲဖြစ်ပွားတဲ့ဘက် စစ်ကောင်စီက လေယာဉ်နဲ့ ဗုံးကြဲတိုက်ခိုက်တာတွေလည်း ရှိနေပြီး ဗန်းမော်တဝိုက်မှာရှိတဲ့ စစ်ကောင်စီတပ်တွေကလည်း လက်နက်ကြီးတွေ ပစ်ခတ်ကူနေတယ်လို့ ပြောပါတယ်။

လက်ရှိမှာတော့ မံစီမြို့နယ်၊ မိုးမောက်မြို့နယ်နဲ့ ဝိုင်းမော်မြို့နယ် စတဲ့ မြို့နယ် ၃ ခုဘက်မှာ တိုက်ပွဲတွေ ပြင်းထန်ဖြစ်ပွားနေတာဖြစ်တယ်လို့ ဗိုလ်မှူးကြီးနော်ဘူက ပြောပါတယ်။

ဒါ့အပြင် ထိုးစစ်တိုက်ပွဲ စတင်လာကတည်းကနေ ဒီကနေ့ ၂ လပြည့်တဲ့အချိန်ထိ မြစ်ကြီးနား- ဗန်းမော် လမ်းတစ်လျှောက်နဲ့ တခြားမြို့နယ်တွေဘက်က စစ်ကောင်စီရဲ့ အရေးကြီး စခန်းတွေနဲ့ ကာကင်း စခန်းတွေအပါ စခန်းကြီး/ငယ် ၈၀ ခန့်ကို KIA ပူးပေါင်းတပ်ဖွဲ့တွေက သိမ်းပိုက်ထားနိုင်ပြီဖြစ်ကြောင်းလည်း သိရပါတယ်။

 

LEAVE A REPLY

Please enter your comment!
Please enter your name here