ဆောင်းရာသီ မြူနှင်းတွေ ကျရောက်နေတဲ့ နံနက်ခင်းလေးတစ်ခုမှာ လူ(၅)ဦးထက်မနည်း တန်းစီပြီး သူ့ထက်ငါ အလျင်လိုနေကြ ပါတယ်။
နံနက်တိုင်း (၆)နာရီ မထိုးခင်ကပင် လူကြီး၊ လူငယ်၊ ကလေး အရွယ်စုံ စောင့်ဆိုင်းလေ့ရှိတဲ့ အဲ့ဒီမြင်ကွင်းလေးဟာ ဆိုရင် အရေးကြီးလှတဲ့ ဝမ်းရေးပြဿနာကို ဖြေရှင်းဖို့အရေးပဲ ဖြစ်ပါတယ်။
ဝမ်းရေးပြဿနာ ဆိုတာ အခြားတော့ မဟုတ်ပါဘူး။ အပေါ့၊ အလေးသွားဖို့ အိမ်သာရှေ့မှာ စောင့်ဆိုင်းနေရတာကို ဆိုလိုခြင်းပါ။ မြစ်ကြီးနားမြို့ကနေ(၁၀)မိုင်လောက် ဝေးကွာလှတဲ့ ဂျော်မဆပ် စစ်ရှောင်စခန်းမှာ နေထိုင်တဲ့ ဒေါ်လဖိုင်ရွယ်ထွယ်ရဲ့ ပြောပြချက်အရ စစ်ရှောင်စခန်းမှာ အိမ်သာမလောက်ငှမှုကြောင့် ဝမ်းသွားဖို့ ပြဿနာကို နိစ္စဓူ၀ ဖြေရှင်းဖို့အတွက် မလွယ်ကူလှဘူးလို့ ဆိုပါတယ်။
“စောင့်ရတာ ကြာတော့ တစ်ခါတည်း ပါချလိုက်ချင်တယ်။ မနက်ဆိုရင် လူက တန်းစီပြီး စောင့်နေတော့ အနည်းဆုံး(၁၀)မိနစ်လောက်တော့ စောင့်ရတယ်။ တစ်ခါတလေ အပေါ့သွားချင်ရင် ထွက်ကျတော့မလိုပဲ။ အရမ်းနေရခက်တယ်”လို့ ဆိုပါတယ်။
လူဦးရေ (၆၆၀)နေထိုင်လျက်ရှိတဲ့ ဂျော်မဆပ်စစ်ရှောင်စခန်းမှာ လက်ရှိ ကချင် နှစ်ခြင်းခရစ်ယာန် အဖွဲ့ချုပ်ကနေ ဆောက်လုပ်ပေးထားတဲ့ ကွန်ကရစ် ယင်လုံအိမ်သာ လေးခန်းတွဲ ခုနှစ်ခုသာ ရှိတာကြောင့် စစ်ရှောင်စခန်းနေ ပြည်သူတွေ အခက်ကြုံနေရတာပဲ ဖြစ်ပါတယ်။
အရင်က ဆောက်လုပ်ထားတဲ့ ရေလောင်းအိမ်သာ (၇)လုံး အသုံးပြုလို့ မရတော့တာကြောင့် ကွန်ကရစ်ယင်လုံအိမ်သာကိုပဲ အသုံးပြုနေရပါတယ်။ အဲ့ဒီ စစ်ရှောင်စခန်းလူဦးရေနဲ့ အချိုးကျ တွက်ချက်ကြည့်ရာမှာတော့ အိမ်သာတစ်လုံးမှာ လူအယောက်(၂၀)ကျော် အသုံးပြုနေရာတာကို တွေ့ရပါတယ်။
အိမ်သာတွေမှာ ကျား/မ ခွဲထားပေမယ့် ရံဖန်ရံခါ အပေါ့၊အလေးသွားချင်ရင် လွတ်လပ်တဲ့ နေရာမှာပဲ ဝင်ပြီး၊ ကိစ္စဖြေရှင်းဖြစ်လိုက်တယ်လို့ စစ်ရှောင်စခန်းနေမှာ နေထိုင်သူတွေက ဆိုပါတယ်။
“အိမ်သာသွားမယ်ဆိုရင် လွတ်တဲ့နေရာ သွားဖြစ်တယ်။ ယောကျ်ား၊ မိန်းမခွဲထားတာ မကြည့်တော့ဘူး။ မအာင့်နိုင်ဘူးလေ။ တစ်ခါတလေ လူတက်နေမှန်းမသိတော့ ဖွင့်မိပြီး လန့်တာတွေလည်း ရှိတယ်”လို့ ဒေါ်ဒါရှီထွယ်ဂျာက လက်ဟန်ခြေဟန်နဲ့ ရယ်မောရင်း ပြောပြပါတယ်။
အခုလို အိမ်သာ မလောက်ငှတဲ့ ပြဿနာကို ကြုံရတာဟာ (၂)နှစ် နီးပါးလောက် ရှိနေပြီ ဖြစ်ပါတယ်။ နေထိုင်သူ လူဦးရေများတာကြောင့် တစ်ခါတလေ အိမ်သာကနေ အနံ့အသက်ဆိုးတွေ ထွက်လာပြီး၊ ညစ်ပတ်ချိန် စကားများရတဲ့အခါတွေလည်း ရှိတယ်လို့လည်း ဆိုပါတယ်။
“လူနေအိမ်နဲ့ အိမ်သာက ကပ်လျက် ဖြစ်နေတယ်။ နေရာမရှိတဲ့အခါကျတော့။ တတ်နိုင်သလောက်တော့ မိုးကာတွေနဲ့ကာပြီး လုပ်ပေမယ့်၊ အနံ့နံတယ်။ အများအားဖြင့် အိမ်သာနဲ့နီးတဲ့ အိမ်ခန်းတန်းတွေ ဆိုရင် အိမ်သာနဲ့ မျက်နှာချင်းဆိုင်တွေဆို အနံ့အသက်မကောင်းဘဲ၊ ချက်ပြုတ်ကြရတာပေါ့။ မိုးတွင်းဆိုရင် ပိုဆိုးတာပေါ့”လို့ စစ်ရှောင်နေ ပြည်သူတစ်ဦးကလည်း ဆိုပါတယ်။
အိမ်သာအတွင်းထဲမှာလည်း အမှိုက်ပုံတွေထားပေးတာမျိုး မရှိတာကြောင့်၊ အမျိုးသမီးတွေအနေနဲ့ ဓမ္မတာ လာစဉ် အခက်အခဲ ကြုံရတာတွေအပြင် တချို့ အိမ်သာတွေက အပေါက်အပြဲတွေ ရှိနေတာကြောင့်၊မလုံခြုံတဲ့ စိတ်မျိုး ဖြစ်ပေါ်စေတယ်လို့ စစ်ရှောင်စခန်းနေ အမျိုးသမီးငယ်တွေက ပြောပါတယ်။
အခုလို ရှိနေတဲ့ အိမ်သာလေးမှာ လူပေါင်းစုံ မျှသုံးနေရတာကြောင့် အနံ့အသက် ပြဿနာအပြင်၊ သန့်ရှင်းရေးဆိုင်ရာတွေနဲ့ ကျန်းမာရေး ပြဿနာတွေကိုပါ ဖြေရှင်းဖို့ လိုအပ်နေတယ်လို့လည်း စစ်ရှောင်စခန်းမှ လက်ထောက်တာဝန်ခံ ဒေါ်မရန်ရွယ်ဂျာက ဆိုပါတယ်။
“လူက ပေါင်းစုံတော့ သန့်ရှင်းတဲ့ သူတွေက သန့်ရှင်းတယ်။ ရေမလောင်းဘဲ ညစ်ပတ်အောင် လုပ်ထားတဲ့ သူကလည်း ရှိတယ်။ လူများတော့ သန့်ရှင်းရေး အတွက် ပြောရင်လည်း မရဘူးပေါ့”လို့ လက်ထောက်တာဝန်ခံက ဆိုပါတယ်။
ဒါ့အပြင် စစ်ရှောင်အိမ်တန်းလျားနဲ့ (၁၀)ပေလောက်သာ ကွာတဲ့နေရာမှာ ဆောက်လုပ်ပေးထားတဲ့ အိမ်သာတွေကြောင့် အနီးမှာနေထိုင်တဲ့ မိသားစုတွေကလည်း အနံအသက်ကြောင့် အခက်အခဲ ဖြစ်နေရတာတွေလည်း ရှိပါတယ်။
အိမ်သာနဲ့ အနီးဆုံးမှာ နေထိုင်ရတဲ့ မိသားစုဝင်တွေအနေနဲ့ အိမ်သာက ထွက်တဲ့ အနံအသက်ကြောင့် ချက်ပြုတ်စားသောက်ရာမှာ အနှောင့်အယှက် ဖြစ်စေတယ်လို့ ဒေါ်လဖိုင်ရွယ်ထွယ်က ပြောပါတယ်။
“ကလေးတွေက အိမ်သာတက်ရင် တစ်ခါတလေ တံခါးမပိတ်ကြဘူး။ အနံ့အရမ်းနံတော့ စားသောက်တဲ့ အချိန်တွေမှာလည်း အဆင်မပြေဘူး။ မနက် ချက်ပြုတ်စားတော့မယ် ဆိုရင် အမေဖြစ်သူက ကလေးကို ချေးသေချာကုန်း ဆိုပြီး ပြောနေတာကအစ အော်တာတွေလည်း ကြားနေတယ်။ ထမင်းစားတဲ့အချိန်ဆိုရင် ကလေးတွေက သွားပြီး တံခါးပြန်မပိတ်ထားတာမျိုးဆို အိမ်သာကို တန်းမြင်နေရတာပေါ့။ အဲဒီ့ လိုအချိန်ဆို စားမဝင်တော့ဘူးပေါ့”လို့ ပြောပါတယ်။
အိမ်သာတက်သူတွေကို စနစ်တကျ ဖြစ်ခိုင်းစေလိုတဲ့စိတ်က ဒေါ်လဖိုင်ရွယ်ထွယ်ရဲ့ ပြောဆိုနေတဲ့ မျက်နှာအမူအရာပေါ်မှာ အထင်းသားမြင်ရပါတယ်။
အိမ်သာသန့်ရှင်းရေးနဲ့ ကျန်းမာရေးအတွက် ဂရုတစိုက် လုပ်ဆောင်ပေမယ့် လူအများအပြား ပေါင်းသုံးရတာကြောင့် နှစ်စဉ် မိုးရာသီရောက်ချိန်တိုင်း စစ်ရှောင်စခန်းတစ်ခုလုံး ဝမ်းလျှောတဲ့ ပြဿနာကိုလည်းပဲ ရင်ဆိုင်နေရတယ်လို့ စစ်ရှောင်စခန်း လက်ထောက်တာဝန်ခံ ဒေါ်မရန်ရွယ်ဂျာက ဆိုပါတယ်။
“ဝမ်းပျက်ဝမ်းလျှောကတော့ သူ့ကာလရောက်ရင် ဖြစ်တယ် (၅)လပိုင်း (၆)လပိုင်းလောက်ပေါ့။ မိုးတွင်းဝင်လာပြီဆိုရင် အကုန်ဝမ်းလျှောဖြစ်ရတာမျိုးတို့ ရှိတာပေါ့။ တစ်ယောက်ဖြစ်ရင် အကုန်ဖြစ်တယ်”လို့ ပြောပါတယ်။
Wash အဖွဲ့အစည်း တာဝန်ယူစဉ်က သန့်ရှင်းရေးပိုင်းနဲ့ ပတ်သက်ပြီး စနစ်တကျ လုပ်ဆောင်ခဲ့ပေမယ့် လက်ရှိမှာတော့ သန့်ရှင်းမှုအပိုင်း အားနည်းသွားပြီလို့လည်း သူမက ဆက်လက်ဆိုပါတယ်။
“Wash ရှိတုန်းကတော့ နည်းနည်း သက်သာတယ်။ ဒါပေမဲ့ သူတို့ရပ်သွားတော့ အိမ်သာကိစ္စ တာဝန်ယူတာတွေ မရမ်းမကြည့်နိုင်တော့ သန့်ရှင်းရေးပိုင်းမှာ အားနည်းတာပေါ့။ ကလေးငယ်တွေ သွားပြီးရင် သူတို့က မသန့်ရှင်း ထားတတ်ဘူးလေ။ အဲ့ဆိုတော့ အနံ့အသက်တွေ မကောင်းတာ နွေရာသီ ရေပြတ်တဲ့အချိန်တွေက အဓိကပေါ့။ ရေမရှိတဲ့အချိန်ဆို အိမ်သာရေမထည့်နိုင်တော့ သန့်ရှင်းရေးပိုင်း အားနည်းတာပေါ့”လို့ ဆိုပါတယ်။
အဲ့ဒီလို ကျန်းမာရေးဆိုင်ရာ ပြဿနာတွေ ကြုံတွေ့တဲ့အခါ ကျေးလက်ကျန်းမာရေးဌာနနဲ့ ကချင်နှစ်ခြင်းခရစ္စယာန်အဖွဲ့ချုပ် (KBC)မှ တာဝန်ရှိသူများက လာရောက် ကြည့်ရှုပေးတယ်လို့ သိရပါတယ်။
ဒီ စစ်ရှောင်စခန်း နည်းတူ အိမ်သာပြဿနာနဲ့ ကြုံတွေ့နေရတဲ့ နောက်ထပ် စစ်ရှောင်စခန်း တစ်ခုရှိပါသေးတယ်။ အဲ့ဒါကတော့ မြစ်ကြီးနားမြို့ရဲ့ (၇)မိုင်လောက် ဝေးတဲ့ တြိနတီစစ်ရှောင်စခန်းပဲ ဖြစ်ပါတယ်။အဲ့ဒီ စစ်ရှောင်စခန်းမှာ လေးခန်းတွဲ ကွန်ကရစ် ယင်လုံအိမ်သာ(၇)ခု ရှိပေမယ့် လက်ရှိ ရှိနေတဲ့ အိမ်သာအားလုံးဟာ ပြည့်နေပြီဖြစ်တာကြောင့် အိမ်သာအချို့ပိတ်ပြီး အလှည့်ကျသုံးနေ ကြရပါတယ်။
“(၈)လပိုင်းလောက်ကနေဆိုရင် အခုထိ မထုတ်နိုင်သေးဘူး။ ကျွန်တေ်ာတို့ကို ကြည့်ပေးတာက ကေဘီစီဆိုတော့ သူတို့ကို စာတင်ထားတယ်။ ဒါပေမဲ့ လောလောဆယ် သူတို့လည်း အလှူရှင် မရသေးဘူး။ အိမ်သာက အကုန်ပြည့်တယ်။ အရမ်းများလာရင် အိမ်သာခဏပိတ်ပြီး ရေနည်းနည်း ခမ်းသွားရင် ပြန်သုံးနေရတယ်။ လျော့သွားရင် ပြန်သုံး၊ အဲ့လိုလုပ်နေရတယ်”လို့ ဆိုပါတယ်။
အဲ့ဒီ စစ်ရှောင်စခန်းဟာ လူဦးရေစုစုပေါင်း (၉၆၅)ဦး ရှိပါတယ်။ အိမ်သာတစ်လုံးကို လူ အယောက် သုံးဆယ်ကျော်ပျမ်းမျှ အသုံးပြုနေရတဲ့ အဆိုပါ စစ်ရှောင်စခန်းအတွက်တော့ အိမ်သာပြည့်နေတဲ့ ပြဿနာနဲ့ ကြုံနေရတာဟာ တော်တော်လေးကို ဒုက္ခရောက်ရပါတယ်။ အလားတူ အခု စစ်ရှောင်စခန်း မှာလည်း ကျား/မ ခွဲထားပေမယ့် လူများတာကြောင့် သတ်မှတ်ထားသလို မသုံးနိုင်ဘူးလို့လည်း ဆိုပါတယ်။ အိမ်သာ မလောက်ငှတဲ့ ပြဿနာနဲ့ကြုံရတဲ့ စစ်ရှောင်စခန်း (၂)ခုလုံးဟာ အိမ်သာအသစ် ဆောက်လုပ်မယ်ဆိုရင်လည်း မြေနေရာ မရှိတဲ့ အခက်အခဲလည်း ရှိနေပါတယ်။
မြစ်ကြီးနားမြို့ပေါ်က တချို့ စစ်ရှောင်စခန်းတွေမှာရှိတဲ့ အိမ်သာတွေမှာလည်း အနံအသက်ဆိုး ထွက်ပေါ်မှုတွေ ရှိနေတာကြောင့် အနံအသက် သက်သာအောင်၊ ထုံးဖြူးတာတွေ ပြုလုပ်နေရတာတွေလည်း ရှိနေပါတယ်။
ကချင်ပြည်နယ် အတွင်းမှာ စစ်ရှောင်စခန်း(၁၀၀)ကျော် ရှိပြီး လူဦးရေအရ တစ်သိန်းနီးပါး နေထိုင်လျက်ရှိပါတယ်။ အဆိုပါ အိမ်သာပြဿနာဟာ စစ်ရှောင်စခန်းအများစုမှာ ကြုံတွေ့နေတဲ့ ပြဿနာတွေထဲကနေ မဖြစ်မနေ ဖြေရှင်းသင့်တဲ့ အမေ့လျော့ခံ ပြဿနာတစ်ခုပဲ ဖြစ်ပါတယ်။
Ann,Benadeth