လူသားလောဘ၊ လူနေမူ စနစ်ကြောင့် အကျည်းတန်ခဲ့ရတဲ့ ဧရာဝတီ

1506

“ဧရာဝတီမြစ်သောက်သုံးရင် အသက်ရှည်တယ်”ဆိုတဲ့ ဆိုရိုးစကားရှိခဲ့ပေမယ့် အခုချိန်မှာတော့ သောက်သုံးတဲ့လူတွေ မရှိတော့ပါဘူး။

မြစ်ဘေးတစ်လျှောက် အရောင်အသွေး စုံလင်လှတဲ့ အမှိုက်တွေ ပြန့်ကြဲလျက်တွေ့ရှိရုံသာမက မြစ်ရေဟာလည်း ညစ်ညမ်းသွားလို့ ဖြစ်ပါတယ်။

လွန်ခဲ့တဲ့ ဆယ်စုနှစ် (၃)ခုခန့်က ဧရာဝတီမြစ်ရေဟာ ရေအောက်ကို အထင်သားမြင်ရပြီး မြစ်ဘေးတစ်လျှောက်လည်း စီစီရီရီဖြစ်နေတဲ့ ကျောက်တုံးလေးတွေနဲ့ လှပနေခဲ့တယ်။

Photo-Ann

ဒါပေမဲ့ အခုချိန်မှာတော့ မြစ်ဆိပ်ဆင်းကြည့်လိုက်ရင် အစီအရီရှိခဲ့တဲ့ ကျောက်တုံးလေးတွေအစား ဒူးလောက်ရှိတဲ့ ရွှံ့နုံးမြေတွေနဲ့ ရောင်စုံပလတ်စတစ်အိတ်တွေက အစားထိုးနေရာယူလို့ နေပါတယ်။

ဧရာဝတီ မြစ်ကမ်းဘေးမှာ နှစ်ပေါင်း(၅၀)ကျော်နေထိုင်ပြီဖြစ်တဲ့ ပိန်ပိန်းပါးပါး အသားညိုညိုနဲ့ အသက်(၅၀)ကျော် အရွယ်ရှိ ဦးပေါလ်လုက “အဝတ်အထည် အစုတ်တွေ ပလပ်စတစ်တွေနဲ့ ငါးတောင် ဘယ်လိုရှိနေမလဲမသိဘူး။ အရမ်းညစ်ပတ်သွားတယ်။ ဟိုတုန်းကဆို မြစ်ထဲ ထင်းကောက်တဲ့အချိန် ရေအောက်မှာ ဘယ်ထင်းက ဘယ်လိုလှတယ်၊ ကျောက်တွေကိုလည်း အထင်းသားမြင်ရတယ်။ အဲ့လိုမြင်တော့ အထင်သားလှတဲ့ဟာတွေပဲ တုတ်နဲ့ထိုးယူရတယ်။ ငါးလည်း အရမ်းရှိတယ်။ အခုတော့ မရှိတော့ဘူး”ဟု သူက ဧရာဝတီမြစ်ဖက် မျက်နှာမူပြီး လက်ညှိုးတထိုးထိုးနဲ့ ပြောပြနေပါတယ်။

တစ်ဆက်တည်းပဲ ဧရာဝတီမြစ်ဟာ အရင်ကတော့ အရမ်းသန့်ရှင်းခဲ့ပြီး အခုလို ညစ်ပတ်သွားတဲ့အကြောင်းကို ဦးပေါလ်လုက “အရင်ကထက် အရမ်းကွာခြားသွားပြီ။ ကွာခြားသွားတယ် ဆိုတာ အရင်ကတော့ မြစ်ဆိပ်မှာ ကျောက်တွေနဲ့။ နေရာသီဆို ကျွန်တော်တို့ ရေချိုးတဲ့အချိန်ဆိုရင် အဝတ်အထည်တောင် ဒီတိုင်းပဲ ဝတ်လာတယ်။ ရေချိုးပြီး တစ်ခါတည်း လျှော်ပြီး အဲ့ဒီမှာပဲ ပြန်လှန်း။ ခြောက်တဲ့အချိန်မှ ပြန်တယ်။ အခုတော့ ကျောက်တောင် မတွေ့တော့ဘူး။ အကုန်ရွှံ့တွေပဲ ဖြစ်ကုန်ပြီ။ သွားဆင်းလို့တောင် မရတော့ဘူး”လို့ မြစ်ဆိပ်ဆင်းတဲ့အချိန် ရွှံ့တွေဒူးလောက် ရှိတာကို လက်ဟန်ခြေဟန်နဲ့တကွ ပြောပြနေပါတယ်။

ယခင်က သောက်သုံးရေအတွက် ဧရာဝတီမြစ်ကိုပဲ မှီခိုအသုံးပြုခဲ့ကြပေမယ့် အခုချိန်မှာတော့ သောက်သုံးလို့ မရတော့ဘူးလို့ ဒေသခံတွေက ပြောပါတယ်။

“ခတ်လိုက်တဲ့အခါ အမှုန်တွေ အရမ်းထတယ်။ သဲတွေ အရမ်းပါတယ်။ အမြဲတမ်း နောက်ကျိနေတော့လေ”လို့ ဦးပေါလ်လုက ပြောပါတယ်။

သဘာဝပတ်ဝန်းကျင်ဆိုင်ရာ ဆောင်ရွက်နေတဲ့ KDNG (Kachin Development Networking Group)မှ အတွင်းရေးမှူး ဦးစာဂျီက “မလိခ သောက်ရင် အသက်ရှည်တယ်ဆိုပြီး မလိခမြစ်ဘေးမှာနေတဲ့ သူတွေက မလိခမြစ်ထဲ ရေငုပ်ပြီး၊ မလိခမြစ်ရေ ခပ်ပြီး သက်ကြီးရွယ်အိုတွေကို တိုက်ကြတယ်။ အခုတော့ လက်ဖက်ရည်ဖျော်ထားသလို ဖြစ်သွားပြီး၊ ဘယ်သူမှ မသောက်တော့ဘူး။ ထိရင်တောင်မှ ယားနာတွေ ဖြစ်တယ်။ ကြွပ်ကြွပ်အိတ်တွေ၊ အထက်ဖက်က မြေနီတွေနဲ့ ညစ်ညမ်းသွားတယ်”လို့ ဧရာဝတီမြစ် ပြောင်းလဲသွားတဲ့ အကြောင်းကို ပြန်ပြောင်းပြောပြပါတယ်။

လက်ရှိမှာတော့ ဧရာဝတီမြစ်ထဲ ရေချိုးဆင်းတာမျိုးတွေ၊ အဝတ်အစားလာရောက် လျှော်ဖွပ်တာတွေတောင် အနည်းအကျဉ်းသာ ရှိတော့တယ်လို့လည်း သိရပါတယ်။

ဦးပေါလ်လုရဲ့ အမျိုးသမီးကလည်း “အဝတ်လျှော်မယ့်နေရာလည်း မရှိတော့ဘူး။ မြစ်လယ်ထဲသွားပြီး လှေပေါ်ကနေပဲ မလျှော်ရင်တော့မရဘူး။ ဒါပေမဲ့ စောင်အထူတွေလည်း လျှော်လို့မရတော့ဘူး။ နုံးမြေတွေ၊ သဲတွေနဲ့ ဆိုတော့လေ”လို့ ဆိုပါတယ်။

ယခင်က မေခမြစ်နဲ့မလိခမြစ် အထက်ပိုင်းမှာ ရွှေတူးဖော်တဲ့အခါ တစ်နိုင်တစ်ပိုင် တူးဖော်လုပ်ကိုင်ကြတာများပေမယ့်၊ လွန်ခဲ့တဲ့ ဆယ်စုနှစ် (၃)ခုခန့်ကနေ စက်ယန္တရားကြီးတွေနဲ့ တူးဖော်လာတာကြောင့် မြစ်ရေနောက်ကျိမှုတွေ ဖြစ်လာတယ်လို့ မြစ်ဆိပ်ဘေးမှာနေထိုင်သူတွေက ပြောပါတယ်။

မေခမြစ် အထက်ပိုင်းမှာလည်း ယခင် ဒေသခံတွေက ၂၀၀၃၊ ၂၀၀၄ ခုနှစ်ခန့်က တစ်နိုင်တစ်ပိုင် ရွှေတူးဖော်တာတွေ ရှိတာကြောင့် ကာလအတန်ကြာ ရပ်ဆိုင်းထားခဲ့ရာကနေ ၂၀၁၉ ခုနှစ် သြဂုတ်လခန့်မှာ စက်ကြီးတွေနဲ့ ရွှေတူးဖော်မှုတွေ ရှိလာတယ်လို့ ဒေသခံတွေထံက သိရပါတယ်။

ဧရာဝတီ မြစ်ကမ်းဘေး နောင်နန်းကျေးရွာမှာနေထိုင်တဲ့ ကိုယ်ခန္ဓာတုတ်တုတ်ခိုင်ခိုင်နဲ့ ကချင်ခေါင်းပေါင်း ပေါင်းထားသူ ဒေါ်ထုဘူက “ဧရာဝတီမြစ်ကို အဟိုးအရင်က အမြဲသောက်သုံးခဲ့တယ်။ ဧရာဝတီမြစ်ပဲ ကောင်းတယ်ဆိုပြီး သောက်သုံးတာကို ခုတော့ ရွှေဖောင်တွေ ရွှေတူးကတည်းကတော့ စက်ဆီတွေနဲ့ အမှိုက်တွေရှိကတည်းက မသောက်သုံးဖြစ်တော့ဘူး။ မသောက်သုံးတာက ဆယ်စုနှစ်(၂)ခု ကျော်ပြီထင်တယ်။ ခုတော့ သုံးရေအဖြစ်လည်း မသုံးတော့ဘူး”လို့ နှမြောတမ်းတနေတဲ့ မျက်နှာထားနဲ့ ပြောပြပါတယ်။

အလားတူ ဒေါ်အင်ခွန်လုလည်း ယခင်ရွှေဖောင်တွေ မရှိခင်က ဧရာဝတီမြစ်ရေကို သောက်သုံးကြပေမယ့် ခုချိန်မှာတော့ “ရွှေဖောင်နဲ့ရွှေတွေ တူးလာကတည်းက စက်ဆီနံ့တွေအရမ်းနံတော့ မသောက်တော့ဘူး။ အဝတ်တောင်သွားမလျှော်တော့ဘူး။ လုံးဝကို မသုံးတော့ဘူး”လို့ ဆိုပါတယ်။

သောက်သုံးဖို့ သင့်တဲ့ရေဟာ 5NTU အောက်ရှိရမှာ ဖြစ်ပါတယ်။ အဲ့ဒီ သတ်မှတ်ချက်ထက် ကျော်ရင် နောက်ကျိမှုအဖြစ် သတ်မှတ်ထားပြီး သောက်သုံးဖို့ မသင့်ဘူးလို့ WHO ကနေ သတ်မှတ်ထားပါတယ်။၂၀၁၉ ခုနှစ် မေလမှာ မြစ်ကြီးနားမြို့ပေါ် ဝန်းသိုဆိပ်က မြစ်ရေမှာ နောက်ကျိမှု တန်ဖိုးပမာဏ 45.2 NTU ၊ သီတာဆိပ်မှာ 41.2 NTU နဲ့ စည်ပင်ဆိပ်မှာ 57 NTU ကို တိုင်းတာရရှိခဲ့တယ်လို့ ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာနရဲ့ တိုင်းတာစစ်ဆေးချက် ရလဒ်အရ သိရပါတယ်။
စည်ပင်သာယာက ဖြန့်ဝေလျက်ရှိတဲ့ ဧရာဝတီမြစ်ရေတွေကို မြစ်ကြီးနားမြို့ပေါ် ရပ်ကွက်နေ ပြည်သူတွေအတွက် သောက်ရေအဖြစ် သုံးစွဲဖို့ မသင့်လျော်ဘဲ၊ သုံးရေအဖြစ်ပဲ သုံးစွဲဖို့ သင့်လျော်ကြောင်း ပတ်ဝန်းကျင်ထိန်းသိမ်းရေး ဦးစီးဌာနရဲ့ အစီရင်ခံစာမှာ သုံးသပ်ထားတာကို တွေ့ရပါတယ်။

ဧရာဝတီ မြစ်ဘေးမှာ တဲထိုးနေထိုင်တဲ့ နှစ်ပေါင်း (၆၆)နှစ်အရွယ်ရှိသူ ဦးဘိုဝင်းက “အသေကောင်တွေ လာပစ်တော့ ထမင်းစားလို့တောင်မရဘူး၊ မြစ်ရေလည်းသောက်လို့ မရဘူး။ နံစော်နေတာပဲ”လို့ ပြောပါတယ်။

မြစ်ကြီးနားမြို့ ကချင်စုရပ်ကွက်က စက်လှေဆိပ်မှာလည်း သဲကျောက်ကားတွေ၊ သုံးဘီးတွေ၊ ဆိုင်ကယ်တွေနဲ့ အမှိုက်သယ်လာပြီး မြစ်ကမ်းဘေးမှာ လာရောက် စွန့်ပစ်ထားကြတာတွေက မိုးရာသီ ရေကြီးတဲ့အချိန်ဆို ဧရာဝတီမြစ်ထဲ အကုန်မျောပါ သွားတယ်လို့ မြစ်ဆိပ်ဘေးမှာ (၁၀)နှစ်ကျော်နေထိုင်သူ မသဲချိုက ပြောပါတယ်။

ထိုသို့ ဧရာဝတီမြစ် ညစ်ညမ်းလာတာဟာ အစိုးရအနေနဲ့ တာဝန်ယူမှု၊ တာဝန်ခံမှု မရှိတာတွေ၊ ဥပဒေနဲ့အညီ လက်တွေ့ဆောင်ရွက်မှု မရှိတာတွေကြောင့် ပြည်သူတွေလည်း အမှိုက်တွေကို စည်ကမ်းမဲ့ စွန့်ပစ်မှုတွေအပြင် မြစ်ဆုံအထက်ပိုင်းမှာ ရွှေတူးဖော်မှုတွေကြောင့် ဖြစ်တယ်လို့ သဘာ၀ ပတ်ဝန်းကျင်ဆိုင်ရာ ဆောင်ရွက်နေတဲ့ KDNG (Kachin Development Networking Group)မှ အတွင်းရေးမှူး ဦးစားဂျီက သုံးသပ်ပြောဆိုပါတယ်။

ယခင်ကတော့ “မြစ်ဆိပ်တွေ သန့်ရှင်းတယ်။ မိုးတွင်းမှာ ထင်းတုံးတွေမျှောတာပဲ တွေ့တယ်။ အခုတော့ လူတွေပြုလုပ်တဲ့ အမှိုက်တွေ အရမ်းပြန့်ကျဲလာလို့ ရေသောက်ဖို့ မပြောနဲ့ ရေချိုးရင် ယားတဲ့အထိ ဖြစ်သွားတယ်။ လူကို အဆိပ်ဖြစ်စေတယ်။ ရောဂါဖြစ်စေတယ်။ ဒီအခြေအနေတွေက မျက်မြင်ကိုယ်တွေ့ ပြောင်းလဲသွားတာတွေဖြစ်တယ်”လို့ ဦးစားဂျီက ဆက်လက်ဆိုပါတယ်။

မြစ်ကြီးနားမြို့နယ် အတွင်းမှာ တစ်နေ့ အမှိုက်တန်ချိန်(၁၅၀) ထွက်ရှိနေပြီး တစ်လမှာ (၄၅၀၀)တန်၊ တစ်နှစ်မှာ အမှိုက်တန်ချိန်ပေါင်း (၅၄,၀၀၀) ထွက်ရှိနေတယ်လို့ မြစ်ကြီးနားမြို့ စည်ပင်သာယာရေးအဖွဲ့ကနေ သိရပါတယ်။

နေ့စဉ်ထွက်ရှိတဲ့ အမှိုက်တန်ချိန်တွေထဲက စည်ပင်သာယာရေးအဖွဲ့အနေနဲ့ အမှိုက်သိမ်းစည်းနိုင်မှု (၇၀)ရာခိုင်နှုန်းကိုပဲ လုပ်ဆောင်နိုင်တယ်လို့ မြစ်ကြီးနားမြို့နယ် စည်ပင်သာယာရေးအဖွဲ့မှ သန့်ရှင်းရေး တာဝန်ခံ ဒုဦးစီးမှူး ဦးအောင်နေစိုးက မြစ်ကြီးနား သတင်းဂျာနယ်ကို ဖြေကြားခဲ့ဖူးပါတယ်။

စီတာပူ မြစ်ဆိပ်ဘေး တက္ကသိုလ်နောက် လမ်းကြားထဲ စည်ပင်အမှိုက်သိမ်းမရောက်တာ တစ်ကြောင်း၊ လမ်းမကြီး စည်ပင်အမှိုက်သိမ်းတဲ့ချိန် မပစ်ဘဲ၊ မြစ်ဆိပ်ဖက်မှာ လာရောက် စွန့်ပစ်တာတွေကြောင့် နှစ်လတစ်ကြိမ် မီးရှို့လေ့ရှိတယ်လို့ ဒေါ်နန်ဘူက ဆိုပါတယ်။

“မြစ်ရေကြီးလာတဲ့ အချိန် ကမ်းနားက အမှိုက်တွေ ဧရာဝတီမြစ်ထဲ မျောပါသွားတယ်”လို့ သူမက ဆိုပါတယ်။
နေ့စဉ်ဧရာဝတီ မြစ်ထဲမှာ ပလတ်စတစ် (၁၁၉)တန်စီးဆင်းနေကြောင်းနဲ့ ကမ္ဘာ့ ပလတ်စတစ် ညစ်ညမ်းမှု အများဆုံး မြစ်(၁၀)စင်းထဲမှာ နံပတ်(၉)အဆင့်မှာ ရှိနေကြောင်း ပလပ်စတစ်အမှိုက်တွေကို လျှော့ချရေးလှုပ်ရှားနေတဲ့ သန့်မြန်မာက ဖော်ပြထားပါတယ်။

မြန်မာနိုင်ငံရဲ့ အသက်သွေးကြောဖြစ်တဲ့ ဧရာဝတီမြစ်ကို ကာကွယ်ဖို့ရန် အတွက် အစိုးရကနေ အုပ်ချုပ်မှုပိုင်းဆိုင်ရာ ဖွဲ့စည်းပုံ၊ သဘာဝပတ်ဝန်းကျင် ဆိုင်ရာ ဥပဒေ၊ ပေါ်လစီတွေကို ချမှတ်အသုံးချမှုတွေနဲ့ လက်တွေ့လုပ်ဆောင်မှုတွေ လိုအပ်တယ်လို့ ဦးစာဂျီက သုံးသပ်ပြောဆိုပါတယ်။

ယခင်က သောက်သုံးရေအဖြစ် သုံးခဲ့တဲ့ သဘာဝအမွေအနှစ် မြစ်ကြောင်းကြီးဟာ အခုအချိန်မှာတော့ လူသားတွေရဲ့ စည်းစနစ် မရှိမှုနဲ့ လူသားတွေရဲ့ လောဘသားကောင်အဖြစ်ပဲ ဆိတ်သုဉ်းပျက်စီး သွားရပါတယ်။

ဧရာဝတီမြစ်ကြီးဟာ ကချင်လူမျိုးတွေရဲ့ ယဉ်ကျေးမှုသမိုင်းကြောင်း တည်ရှိရာနေရာ ဖြစ်ရုံသာမက မြန်မာနိုင်ငံသား တိုင်းရဲ့ အသက်သွေးကြောဖြစ်တာကြောင့် မြစ်ကြီးရဲ့ အလှအပသဘာဝကို မပျောက်ပျက်သွားစေဖို့ အားလုံးအတူတကွ ဝိုင်းဝန်းထိန်းသိမ်းကြဖို့ လိုပါတယ်။

မျိုးမြတ်မြတ်ပန်

LEAVE A REPLY

Please enter your comment!
Please enter your name here