လက်ရှိအချိန်မှာတော့ အီဘိုလာ(Ebola) ရောဂါကူးစက်မှုကြောင့် သေဆုံးသူ ၁၀၀ ကျော်ရှိလာပါပြီ။ ကူးစက်ခံရတယ်လို့ သံသယရှိလူနာကတော့ ၅၀၀ ကျော်ပါ။
ကွန်ဂိုဒီမိုကရက်တစ် သမ္မတနိုင်ငံနဲ့ ယူဂန်ဒါနိုင်ငံတွေမှာ ဖြစ်ပွားနေတဲ့ Bundibugyo Ebola virus strain(BVD)(ဘွန်ဒီဘူဂျို) ကြောင့်ဖြစ်ပွားတဲ့ အထက်ပါ အီဘိုလာ (Ebola) ရောဂါကူးစက်မှုကို အပြည်ပြည်ဆိုင်ရာ ပြည်သူ့ကျန်းမာရေး အရေးပေါ်အခြေအနေအဖြစ် ကမ္ဘာ့ကျန်းမာရေးအဖွဲ့ (WHO) က သတ်မှတ်လိုက်ပါတယ်။
ရောဂါဖြစ်ပွားမှု အလွန်ပြင်းထန်ပြီး နိုင်ငံတကာနယ်စပ်တွေအနှံ့ ပျံ့နှံ့နိုင်တဲ့ အန္တရာယ်ရှိတာကြောင့် နိုင်ငံတကာ ပူးပေါင်းဆောင်ရွက်မှုကို အရေးပေါ်လိုအပ်ကြောင်း မေလ ၁၇ ရက်နေ့က ကြေညာခဲ့တာ ဖြစ်ပါတယ်။
ဒီရောဂါဖြစ်ပွားမှုက စိုးရိမ်ဖွယ်ဖြစ်ရတဲ့ အကြောင်းရင်းတွေကတော့ BVD အတွက် သီးသန့် အတည်ပြုထားတဲ့ ကာကွယ်ဆေး ဒါမှမဟုတ် ကုသမှုတွေ မရှိသေးတာ၊ ရောဂါဖြစ်ပွားမှုရဲ့ အမှန်တကယ် ကူးစက်ခံပမာဏကို အတိအကျ မသိရှိရသေးတာ၊ ကျန်းမာရေးဝန်ထမ်းတွေ ကူးစက်ခံနေရတာ၊ မြို့ပြဒေသတွေအပါအဝင် နေရာအများအပြားကို ရောဂါဖြစ်ပွားမှုတွေ ပျံ့နှံ့ နေတာနဲ့ လူအုပ်စု ခရီးသွားလာမှုတွေနဲ့ လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ စိန်ခေါ်မှုတွေကြောင့် ရောဂါပျံ့နှံ့နိုင်ခြေ ပိုမိုမြင့်တက်နေတဲ့အတွက် ဖြစ်တယ်လို့ ဆိုပါတယ်။
ကမ္ဘာ့ကျန်းမာရေးအဖွဲ့ (WHO) က ကိုးကားပြီး အမျိုးသားညီညွတ်ရေးအစိုးရ (NUG)၊ ကျန်းမာရေးဝန်ကြီးဌာနက မျှဝေထားတဲ့ အီဘိုလာရောဂါအကြောင်းနဲ့ ကူးစက်မှုလျှော့ချနိုင်တဲ့ နည်းလမ်းတွေကို ပြန်လည်မျှဝေပေးသွားမှာပါ။
– အီဘိုလာရောဂါဆိုတာဘာလဲ။ ဘယ်လိုကူးစက်နိုင်လဲ။
အီဘိုလာရောဂါ(Ebola Disease)ဆိုတာ ပြင်းထန်ပြီး အသက်အန္တရာယ်ရှိနိုင်တဲ့ ဗိုင်းရပ်စ် ကူးစက်ရောဂါတစ်မျိုး ဖြစ်ပါတယ်။ ကူးစက်ခံရသူတွေမှာ ပျမ်းမျှသေဆုံးနှုန်း ၅၀ ရာခိုင်နှုန်းခန့် ရှိပြီး အရင် အီဘိုလာကပ်ရောဂါတွေမှာ သေဆုံးနှုန်းတွေဟာ ၂၅ ရာခိုင်နှုန်း ကနေ ၉၀ ရာခိုင်နှုန်းအထိ ရှိခဲ့ကြောင်း ဆိုပါတယ်။
အီဘိုလာဗိုင်းရပ်စ် အမျိုးအစားအမျိုးမျိုးကြောင့် ကူးစက်ကပ်ရောဂါအကြီးစားတွေ ဖြစ်ပွားနိုင်ပြီး အဲဒီမှာ Ebola Virus Disease (EVD)၊ Sudan Virus Disease (SVD)နဲ့ Bundibugyo Virus Disease (BVD) တို့ ပါဝင်ပါတယ်။
အသီးစားလင်းနို့(fruit bats)တွေကို အီဘိုလာဗိုင်းရပ်စ်ရဲ့ သဘာဝသိုလှောင်ရင်းမြစ် (natural reservoir)အဖြစ် ယုံကြည်ထားပြီး လူမှာ ရောဂါကူးစက်မှုဟာ ရောဂါပိုးရှိတဲ့ တိရစ္ဆာန်တွေ (လင်းနို့၊ ချင်ပန်ဇီ၊ ဂေါ်ရီလာ၊ မျောက်)စတာတို့နဲ့ ထိတွေ့မှုကနေ စတင်နိုင်ကြောင်းဆိုပါတယ်။
လူကနေလူကူးစက်မှုကတော့ အီဘိုလာရောဂါရှိသူ ဒါမှမဟုတ် အီဘိုလာကြောင့် သေဆုံးသူရဲ့ သွေး၊ ခန္ဓာကိုယ်အရည်တွေနဲ့ တိုက်ရိုက်ထိတွေ့တာ အဲဒီသူတွေနဲ့ ထိတွေ့ထားတဲ့ ပစ္စည်းတွေနဲ့ မျက်နှာပြင်တွေကနေတဆင့် ကူးစက်မှုကြောင့် ဖြစ်ပွားနိုင်ပါတယ်။
ကျန်းမာရေးဝန်ထမ်းတွေနဲ့ သေဆုံးသူရဲ့ ခန္ဓာကိုယ်ကို တိုက်ရိုက်ထိတွေ့ရတဲ့ ဈာပနအခမ်း အနားတွေဟာ ရောဂါကူးစက်နိုင်ခြေ မြင့်မားတဲ့ အခြေအနေတွေဖြစ်ပါတယ်။
– ဘယ်လိုလက္ခဏာတွေ ပြတတ်လဲ။-
ရောဂါပိုးနဲ့ ထိတွေ့ပြီးနောက် ၂ ရက်ကနေ ၂၁ ရက် (၃ ပတ်)အတွင်း ရောဂါ လက္ခဏာတွေ ပေါ်လာတတ်ပါတယ်။ အစောပိုင်းလက္ခဏာတွေက ဖျားနာတာ ပင်ပန်းနွမ်းနယ်တာ၊ ကိုယ်လက် မအီမသာဖြစ်တာ၊ ကြွက်သားနာကျင်တာ၊ ခေါင်းကိုက်တာနဲ့ လည်ချောင်းနာတာတို့ဖြစ်ပါတယ်။
အဲဒီနောက်မှာတော့ အန်တာ၊ ဝမ်းလျှောတာ၊ ဗိုက်နာတာ၊ အရေပြားအဖုထွက်တာအပြင် ကျောက်ကပ်နဲ့အသည်း လုပ်ဆောင်မှုချို့ယွင်းတဲ့ လက္ခဏာတွေလည်း နောက်ဆက်တွဲ ဖြစ်လာနိုင်ကြောင်း ဆိုပါတယ်။
လူနာအချို့မှာတော့ ကိုယ်တွင်း၊ ကိုယ်ပြင် သွေးယိုစီးမှုတွေလည်း ဖြစ်ပေါ်နိုင်တဲ့အပြင် ပင်မအာရုံကြောစနစ် ထိခိုက်မှုကြောင့် စိတ်ရှုပ်ထွေးတာ စိတ်တိုလွယ်တာနဲ့ ရန်လိုတတ်တာတွေလည်း ဖြစ်စေနိုင်တယ်လို့ ပြောဆိုထားပါတယ်။
– ဘယ်လိုကုသမှုတွေ ပြုလုပ်ရမလဲ။-
စောစောစီးစီး ဆေးကုသမှုခံယူတာနဲ့ ရောဂါလက္ခဏာပေါ် မူတည်ပြီး ကုသမှုတွေ ရရှိခြင်းအားဖြင့် အသက်ရှင်နိုင်ခြေကို မြှင့်တင်ပေးနိုင်တာကြောင့် သံသယရှိလူနာနဲ့ ထိတွေ့ပြီးနောက် ဒီလက္ခဏာတွေ ပေါ်လာရင် ချက်ချင်းဆေးကုသမှုခံယူဖို့ လိုအပ်ပါတယ်။
ဒီအစောပိုင်းရောဂါလက္ခဏာတွေဟာ ငှက်ဖျားရောဂါအပြင် အခြားကူးစက်ရောဂါတွေနဲ့ ဆင်တူ နိုင်တာကြောင့် RT-PCR, ELISA, Antigen detection tests, Virus isolation by cell culture အစရှိတဲ့ ဓာတ်ခွဲခန်းစစ်ဆေးမှုတွေနဲ့သာ အီဘိုလာရောဂါကို အတည်ပြုနိုင်ကြောင်းလည်း သိရပါတယ်။
Ebola Virus Disease (EVD)အတွက် အသုံးပြုဖို့ အတည်ပြုထားတဲ့ ဆေးဝါးတချို့ ရှိပေမဲ့ လက်ရှိဖြစ်ပွားနေတဲ့ Bundibugyo Ebola Disease (BVD) အတွက်တော့ သီးသန့် အတည်ပြုထားတဲ့ ကုသဆေး မရှိသေးပါဘူး။
ရောဂါလက္ခဏာတွေ သက်သာစေဖို့ ထောက်ပံ့ကုသမှုတွေဖြစ်တဲ့ ရေဓာတ်ပြန်ဖြည့်ခြင်း၊ နာကျင်မှုသက်သာစေဖို့ ကုသမှု၊ အာဟာရထောက်ပံ့မှုနဲ့ နောက်ဆက်တွဲဖြစ်ပွားတဲ့ အခြားရောဂါ တွေကို ကုသခြင်းအားဖြင့် လူနာရဲ့ အသက်ရှင်နိုင်ခြေကို တိုးမြှင့်ပေးနိုင်ကြောင်း သိရပါတယ်။
လက်ရှိအသုံးပြုနိုင်တဲ့ ကာကွယ်ဆေးတွေဖြစ်တဲ့ Ervebo၊ Zabdeno နဲ့ Mvabea တို့ဟာ အီဘိုလာဗိုင်းရပ်စ် အမျိုးအစားအချို့ကိုသာ ကာကွယ်ပေးနိုင်ပြီး Bundibugyo Ebola Disease (BVD)အတွက် သီးသန့်ကာကွယ်ဆေးတွေကတော့ စမ်းသပ်ထုတ်လုပ်နေတဲ့ အဆင့်မှာသာ ရှိနေသေးကြောင်းလည်း ဆိုပါတယ်။
– ဆောင်ရန်-ရှောင်ရန်-
ဒါကြောင့် ရောဂါကူးစက်နိုင်ခြေကို လျှော့ချဖို့အတွက် ရောဂါပိုးရှိနိုင်တဲ့ တောရိုင်းတိရစ္ဆာန်တွေနဲ့ ထိတွေ့မှုရှောင်ကျဉ်ဖို့၊ အသားစိမ်းတွေကို မစားသုံးဖို့၊ ရောဂါရှိသူတွေနဲ့ သူတို့ရဲ့ခန္ဓာကိုယ်က ထွက်တဲ့အရည်တွေကို တိုက်ရိုက်မထိတွေ့ဖို့၊ ရောဂါဖြစ်ပွားသူတွေကို သီးခြားခွဲထားပြီး ရောဂါနဲ့ ထိတွေ့သူတွေကို အသွားအလာကန့်သတ် စောင့်ကြည့်ခြင်းပြုလုပ်ဖို့ စတဲ့အချက်တွေကို လိုက်နာဖို့လိုအပ်ပါတယ်။
ကျန်းမာရေး စောင့်ရှောက်မှုပေးတဲ့ နေရာတွေမှာ ကူးစက်မှုထိန်းချုပ်နိုင်ဖို့လည်း ကျန်းမာရေး ဝန်ထမ်းတွေအနေနဲ့ လူနာကို ကုသစောင့်ရှောက်ရာမှာ မည်သည့် ရောဂါအမျိုးအစား အတွက် ဖြစ်စေ စံပြုကာကွယ်ရေးနည်းလမ်းတွေဖြစ်တဲ့ လက်သန့်ရှင်းရေးစနစ်တကျ ပြုလုပ်ခြင်း၊ အသက်ရှူ လမ်းကြောင်းဆိုင်ရာ ကာကွယ်မှုကို လိုက်နာခြင်း၊ တစ်ကိုယ်ရေ ကာကွယ်ရေး ပစ္စည်း(PPE)တွေ အသုံးပြုခြင်း၊ ဘေးကင်းသော ဆေးထိုးနည်းစနစ်တွေ၊ ဘေးကင်းပြီး ဂုဏ်သိက္ခာရှိသော အလောင်းသင်္ဂြိုဟ်မှု နည်းလမ်းတွေကို အမြဲလိုက်နာဖို့ လိုအပ်ကြောင်း ပြောဆိုထားပါတယ်။
သံသယရှိသော ဒါမှမဟုတ် အတည်ပြုထားသော လူနာတွေကို ကုသရာမှာလည်း ပိုတင်းကျပ်တဲ့ ကာကွယ်ရေးနည်းလမ်းတွေကို အသုံးပြုရမှာဖြစ်ပြီး ဓာတ်ခွဲခန်းဝန်ထမ်းတွေအနေနဲ့လည်း အထူးဇီဝလုံခြုံရေးစနစ်တွေကို အသုံးပြုရမှာဖြစ်တယ်လို့ ပြောဆိုထားပါတယ်။
အီဘိုလာရောဂါကနေ ပြန်လည်ကောင်းမွန်လာသူတွေဟာ ဆေးဘက်ဆိုင်ရာ ဆက်လက် စောင့်ကြည့်မှုနဲ့ စိတ်ပိုင်းဆိုင်ရာထောက်ပံ့မှုတွေ လိုအပ်နိုင်ကြောင်း ပြောပါတယ်။
ရောဂါပိုးဟာ ပြန်လည်ကောင်းမွန်ပြီးနောက် ခန္ဓာကိုယ်အစိတ်အပိုင်းအချို့မှာ ဆက်လက် တည်ရှိနိုင်တာကြောင့် ရောဂါရှင်သန်ကျန်ရစ်သူ အမျိုးသားတွေအတွက် သုက်ရည်စစ်ဆေးမှုတွေ လိုအပ်နိုင်ပြီး ရောဂါကူးစက်မှုလျှော့ချဖို့ ပိုမိုဘေးကင်းတဲ့ လိင်ဆက်ဆံမှုနည်းလမ်းတွေကို လိုက်နာသင့်ကြောင်း ဆိုပါတယ်။
ဗိုင်းရပ်စ်ဟာ အချင်း (placenta)၊ သန္ဓေသားရည် (amniotic fluid)၊ သန္ဓေသား (fetus) နဲ့ မိခင်နို့မှာ ဆက်လက်တည်ရှိနိုင်တာကြောင့် ကိုယ်ဝန်ဆောင်နဲ့ နို့တိုက်မိခင်တွေလည်း ဆက်လက်စောင့်ကြည့်မှုတွေ လိုအပ်နိုင်ကြောင်း ပြောဆိုထားပါတယ်။
အီဘိုလာ ရောဂါကို လွန်ခဲ့တဲ့ ၁၉၇၆ ခုနှစ်က ကွန်ဂိုနိုင်ငံက အီဘိုလာမြစ်နားမှာ စတင်တွေ့ရှိခဲ့လို့ မြစ်အမည်ကို အစွဲပြုပြီး အီဘိုလာရောဂါလို့ခေါ်ဆိုခဲ့ပါတယ်။






