မယ်ဇလီတောစစ်ရှောင်စခန်းမှာ စားရေးသောက်ရေး ခက်ခဲနေ

2

 

မေ၊၂၀

ကချင်ပြည်နယ်၊ ဝိုင်းမော်မြို့နယ်၊ ဒိန်ဂျာယန်ကျေးရွာက မယ်ဇလီတောစစ်ရှောင်စခန်းမှာ နေထိုင်တဲ့ စစ်ရှောင်ပြည်သူအယောက် ၄၀၀ ကျော်ဟာ နေ့စဉ်စားသောက်ဖို့ အကူညီလိုအပ်နေတယ်လို့ သိရပါတယ်။

ကူညီလှူဒါန်းသူတွေ မရောက်ရှိတာ အချိန်ကြာလာတာနဲ့အမျှ နေ့စဉ်စားသောက်ဖို့ အခက်အခဲ ကြုံနေတာလို့ စစ်ရှောင်ပြည်သူတစ်ဦးက ပြောပါတယ်။

ကျပန်းအလုပ်နဲ့ နေ့စားအလုပ်၊ တစ်ပိုင်တနိုင် နှမ်းခင်းနဲ့ တောင်ယာအလုပ်တွေ လုပ်ကိုင်ကြပြီး အလုပ်မလုပ်နိုင်တဲ့ အသက်ကြီးရင့်သူတွေ များတာကြောင့် အခက်အခဲရှိနေတာပါ။

“အသက်ကြီးသူများတော့ အခက်အခဲရှိတယ်။ အဓိကလိုအပ်ချက်ကတော့ စားရေး၊ သောက်ရေးပါ။”လို့ အထက်ပါစစ်ရှောင်က ဆိုပါတယ်။

လက်ရှိနေထိုင်နေတဲ့ စစ်ရှောင်စခန်းဟာ ဝိုင်းမော်မြို့နဲ့အလှမ်းဝေးတဲ့အပြင် ဆေးရုံ၊ဆေးခန်းနဲ့လည်းဝေးတာကြောင့် ငှက်ဖျား၊ နှာစေး၊ ချောင်းဆိုးပျောက်ဆေးနဲ့ အကိုက်ခဲပျောက်ဆေးစတဲ့ အခြေခံဆေးဝါးတွေလည်း လိုအပ်ကြောင်း ဆက်လက်ပြောပါတယ်။

ဒါ့အပြင် လူအယောက် ၄၀၀ ကျော် စုစည်းနေထိုင်ရတဲ့ စစ်ရှောင်စခန်းမှာ ရေချိုးခန်းနဲ့ ရေလှောင်ကန် တွေလည်း မရှိတဲ့အတွက် အဆင်မပြေမှုတွေ လည်းရှိနေကြောင်း မုတ်ကြိတ်ကျေးရွာ ဒေသခံတစ်ဦးဆီက ကြားသိရပါတယ်။

ကလေးတွေဟာ ဂွေထုကျေးရွာအထိ ကျောင်းသွားတက်ရတာကြောင့် ဒီနှစ်မှာတော့ ကျောင်းအနီး မြေငှားအဆောင်ဆောက်ပြီး ကျောင်းတက်ခိုင်းဖို့ ပြင်ဆင်နေတာပါ။

စစ်ရှောင်အိမ်ထောင်စု ၇၅ စုကဟာ လွန်ခဲ့တဲ့ ၂ နှစ်ကျော်လောက်မှာ KIA နဲ့ မြန်မာစစ်တပ်တို့ရဲ့ ပြင်းထန်တဲ့တိုက်ပွဲကြောင့် မုတ်ကြိတ်ကျေးရွာကနေ ထွက်ပြေးတိမ်းရှောင်သွားခဲ့ကြတာ ဖြစ်ပါတယ်။

မုတ်ကြိတ်ကျေးရွာက တချို့စစ်ရှောင်တွေကတော့ မြစ်ကြီးနားမြို့၊ ဝိုင်းမော်မြို့နဲ့ မန်ဝင်းစတဲ့ ကျေးရွာတွေဘက်ကို စစ်ရှောင်သွားကြတယ်လို့လည်း သိရပါတယ်။

ဒိန်ဂျာယန်ကျေးရွာကတော့ ဝိုင်းမော်-ဆဒုံးလမ်း ဝါရှောင်ကျေးရွာအကျော်မှာ လမ်းခွဲကနေ သွားရတာဖြစ်ပြီး မုတ်ကြိတ်ကျေးရွာတော့ ဝါရှောင်ကျေးရွာမရောက်ခင်မှာ တည်ရှိတာဖြစ်ပါတယ်။

 

LEAVE A REPLY

Please enter your comment!
Please enter your name here