ဖက်ဒရယ်ဥပဒေအကယ်ဒီမီရဲ့ ၂ နှစ်တာ ဥပဒေပညာ ဒီပလိုမာပရိုဂရမ် အပတ်စဉ် ၁၂ ဒုတိယအသုတ် ဝင်ခွင့်လျှောက်လွှာကို မေလကုန်အထိ လက်ခံမယ်

2

 

မေ၊၂၀

ဖက်ဒရယ်ဥပဒေအကယ်ဒီမီရဲ့ ၂ နှစ်တာ ဥပဒေပညာ ဒီပလိုမာပရိုဂရမ် အပတ်စဉ် ၁၂ ဒုတိယ အသုတ် ကျောင်းဝင်ခွင့်လျှောက်လွှာတွေကို ဒီမေလကုန်ထိပဲ လက်ခံမှာဖြစ်တာကြောင့် အမြန်ဆုံး လျှောက်ထားဖို့ Federal Law Academy က အသိပေးထားပါတယ်။

ဒုတိယအသုတ်အတွက် ကျောင်းဝင်ခွင့်လျှောက်လွှာတွေကို ၂၀၂၆ ဧပြီလ ၁ ရက်နေ့ ကနေ စတင်ဖွင့်လှစ်ခဲ့တာဖြစ်ပြီး မေလ ၃၁ ရက်နေ့အထိ နောက်ဆုံးထား လျှောက်ထားနိုင်မှာ ဖြစ်ပါတယ်။

ရက်သတ်မှတ်ချက်နီးကပ်လာပြီဖြစ်တဲ့အတွက် အမြန်ဆုံးလျှောက်ထားဖို့ကိုလည်း Federal Law Academy တိုက်တွန်းနှိုးဆော်ထားပါတယ်။

လျှောက်လွှာစိစစ်ရွေးချယ်တာကိုတော့ ဇွန်လ ၁ ရက်နေ့မှာ ပြုလုပ်မှာဖြစ်ပြီး ပဏာမ ရွေးချယ်ခံ ရတဲ့သူတွေရဲ့ လူတွေ့မေးမြန်းခြင်းအစီအစဉ်ကတော့ ဇွန် ၂ ရက်နေ့ကနေ ဇွန် ၄ ရက်နေ့အထိ ၃ ရက်တာ ပြုလုပ်သွားမှာဖြစ်တယ်လို့ သိရပါတယ်။

အဲဒီနောက် ဇွန်လ ၅ ရက်နေ့နဲ့ ၆ ရက်နေ့တွေမှာတော့ သက်ဆိုင်ရာ ကျောင်းသူ၊ ကျောင်းသားတွေဆီ ဝင်ခွင့်ရလဒ်တွေကို အီးမေးလ်ကတဆင့် အကြောင်းကြားသွားမှာ ဖြစ်တယ်လို့ ပြောဆိုထားပါတယ်။

ဒါ့အပြင် ဒီ၂၀၂၆ – ၂၀၂၇ ပညာသင်နှစ်အတွက် ကျောင်းသူကျောင်းသားပေါင်း ၃၅ ဦးသာ လက်ခံ သွားမှာဖြစ်သလို အမျိုးသမီးတွေကို ဦးစားပေးရွေးချယ် သွားမှာလို့လည်း သိရပါတယ်။

ပညာသင်နှစ် တစ်နှစ်တာ ကာလအတွက် နေထိုင်စားသောက်မှုနဲ့ ကျောင်းစရိတ်ကို တရုတ်ငွေ ယွမ် ၄၇၀၀ သတ်မှတ်ထားပြီး ကျောင်းဝင်ခွင့်လျှောက်လွှာပုံစံကို Federal Law Academy ရဲ့ လူမှုကွန်ရက် စာမျက်နှာမှာ ရယူနိုင်ပါတယ်။

လျှောက်ထားလိုသူတွေကတော့ အခြေခံပညာအထက်တန်းအောင်မြင်ပြီး အသက် ၁၈ နှစ်နဲ့ အထက်၊ ၃၅ နှစ်အောက် ဖြစ်ရမှာပါ။ ဒါ့အပြင် ပြည်တွင်းတက္ကသိုလ်မှာ CDM ပြုလုပ် ထားတဲ့ တက္ကသိုလ် ကျောင်းသူ/ကျောင်းသားတွေ၊ကြားကာလတက္ကသိုလ်ပညာရေးအစီအစဉ်မှာ အနိမ့်ဆုံးအနေနဲ့ ဒုတိယနှစ်တက်ရောက်အောင်မြင်ပြီးထားသူတွေ၊ တိုင်းရင်းသား ခုခံစစ်ဆင် အဖွဲ့အစည်း (EROs)တွေရဲ့ ထိန်းချုပ်ဒေသတွေမှာရှိတဲ့ ကောလိပ်တွေက ဒီပလိုမာရရှိထားသူတွေနဲ့ လူမှု အခြေပြုကောလိပ်တွေက ဒီပလိုမာရရှိထားသူတွေအပြင် တိုင်းရင်းသားခုခံစစ်ဆင် အဖွဲ့အစည်း တွေ(EROs)နဲ့ စစ်အာဏာရှင်စနစ်ဆန့်ကျင်တဲ့ နွေဦးတော်လှန်ရေး လှုပ်ရှားမှုမှာ ၂ နှစ်အထက် ပါဝင်ထမ်းဆောင်နေကြသူတွေ လျှောက်ထားနိုင်တယ်လို့သိရပါတယ်။

ဝင်ခွင့်လျှောက်လွှာနဲ့အတူ အထက်တန်းအောင်မြင်ကြောင်းလက်မှတ်၊ တက္ကသိုလ်/ ကောလိပ် တခုခုက ရရှိထားတဲ့ ဘွဲ့လက်မှတ်ဒါမှမဟုတ် ဒီပလိုမာလက်မှတ်နဲ့ CDM ပြုလုပ်ထားတဲ့ စာရွက်စာတမ်း အထောက်ထားအပြင် ဆေးထောက်ခံစာတွေ ပူးတွဲလျှောက်ထားရမယ်လို့ ဆိုပါတယ်။

ဒါ့အပြင် လူထု အသင်းအဖွဲ့၊ နိုင်ငံရေးပါတီ၊ တိုင်းရင်းသားခုခံစစ်ဆင်အဖွဲ့အစည်းတွေက စေလွှတ် တဲ့ ကျောင်းသူ/သားတွေဆိုရင်တော့ မိခင်အဖွဲ့အစည်းရဲ့ ထောက်ခံချက်စာ နဲ့ လျှောက် ထား ရမယ်လို့လည်း ဖော်ပြထားပါတယ်။

တိုင်းရင်းသားပေါင်းစုံလူငယ်တွေကို ဥပဒေပညာပေးနိုင်ရေးအတွက် Federal Law Academy ကို ဥပဒေအထောက်အကူပြုကွန်ရက်နဲ့ ကချင်လွတ်လပ်ရေးအဖွဲ့အစည်း(KIO) တို့ပူးတွဲပြီးတော့ KIO ထိန်းချုပ်ရာ မိုင်ဂျာယန်မြို့မှာ ၂၀၁၄ ခုနှစ်၊ ဇွန်လ ၂၆ ရက်နေ့က တည်ထောင်ခဲ့တာဖြစ်ပါတယ်။

 

LEAVE A REPLY

Please enter your comment!
Please enter your name here