မေ၊ ၂၁
ကချင်ပြည်နယ်၊ မိုးကောင်းမြို့မှာ လွတ်လွတ်လပ်လပ် မူးယစ်ဆေးဝါးရောင်းဝယ်နေတဲ့ ရောင်းချသူတွေကို ထိထိရောက်ရောက် အရေးယူဆောင်ရွက်ပေးဖို့ ဒေသခံတွေက လိုလား နေပါတယ်။
မြို့တွင်းရပ်ကွက်တွေမှာ ပေါ်တင်ရောင်းဝယ်နေကြပေမဲ့ ရောင်းချသူတွေကို ဖမ်းဆီး အရေးယူတာမရှိကြောင်း မိုးကောင်းဒေသခံ အမျိုးသားတစ်ဦးကပြောပါတယ်။
“အရေးယူတာမရှိလို့ မြို့လယ်မှာကို ရောင်းစားလို့ရနေတဲ့ အခြေအနေပေါ့။”လို့ ဆိုပါတယ်။
မိုးကောင်းမြို့လယ်က ရွာသစ်ရပ်ကွက်နဲ့ ဈေးကုန်းရပ်ကွက်တို့မှာ အဓိက ရောင်းဝယ် သုံးစွဲနေကြတာလို့ သိရပါတယ်။
တခါတလေ ရဲတွေက အယောင်ပြဖမ်းဆီးမှုတွေ လုပ်တဲ့အခါ ရောင်းချသူတွေကို ဖမ်းဆီးတာမရှိဘဲ သုံးစွဲသူတွေကိုသာ အဓိကဖမ်းဆီးနေတယ်လို့လည်း ဆိုပါတယ်။
ဒီလိုဖမ်းဆီးတာမျိုး ရှိတဲ့အခါဆိုရင် မြို့ပြင်ဘက်က ရွာငယ်တွေနဲ့ ဟိုပင်၊ ဆားမှော်၊ ကြာကြီးကွင်းတွေဘက်ကို သွားရောက်ရောင်းချကြသလို အဲဒီနေရာတွေဘက်မှာလည်း အခွဲအနေနဲ့ ရောင်းချမှု တွေရှိနေတယ်လို့လည်း ဆိုပါတယ်။
မူးယစ်ဆေးဝါး ရောင်းချသူတွေဟာ ဘယ်အဖွဲ့အစည်းကိုမှ အလေးမထားဘဲဆောက်ရွက်နေကြပြီး ပုံစံမျိုးစုံရောင်းချနေကြတာလို့ မိုးကောင်းဒေသခံအမျိုးသမီတစ်ဦးက မြစ်ကြီးနားသတင်းဂျာနယ်ကို ပြောပါတယ်။
“လိုင်းကြေး ပေးထားတယ်၊ ဂရုမစိုက်ဘူးဆိုတဲ့ ပုံစံမျိုးနဲ့ပဲ ရောင်းချနေတာရှင့်။ ကျွန်မတို့မြို့မှာဆို အခုလူငယ်ပိုင်းတွေ ပျက်စီးကုန်ကြပြီ။” လို့ဆိုပါတယ်။
ဈေးကုန်းရပ်ကွက်က ဧရာရုပ်ရှင်ရုံအနီးတစ်ဝိုက်နဲ့ ရွာသစ်ရပ်ကွက် KBC ဘုရားကျောင်း အနောက်ဘက်တွေမှာ မူးယစ်ဆေးဝါးကို ပွဲဈေးသဖွယ်ရောင်းချနေတာ ဖြစ်တယ်လို့ ဆိုပါတယ်။
ဒါတွေမရှိခင်ကတော့ အဲဒီရပ်ကွက်တွေဟာ အေးအေးချမ်းချမ်းနဲ့ နေထိုင်လို့ကောင်းတဲ့ရပ်ကွက် ဖြစ်ခဲ့တာလို့လည်း ပြောပါတယ်။
လက်ရှိမှာတော့ မူးယစ်ဆေးဝါးရောင်းချတဲ့ နေရာတွေမှာ အမြဲလိုလို လူစည်ကားနေသလို ရာမတစ်လုံးကို ကျပ် ၂,၅၀၀ နဲ့ ဘိန်းဖြူကို ကျပ် ၂,၀၀၀ ဖိုးကနေ စရတယ်လို့ သိရပါတယ်။
တချို့မိသားစုထဲမှာလည်း မူးယစ်ဆေးဝါးသုံးစွဲသူတွေရှိလာပြီး သုံးစွဲသူမိသားစုဝင်ကို ကြောက်နေရ သလို တောင်းတဲ့ငွေမပေးရင်လည်း ရန်ရှာတာတွေကြောင့် မိသားစုဝင်တွေ စိတ်ညစ်နေရတယ်လို့လည်း နောက်ထပ်မြို့ခံတစ်ဦးက ပြောပါတယ်။
“အချိန်ပြည့်သူတို့ကိုကြောက်နေရတယ်။ ပိုက်ဆံမပေးရင်ရန်ရှာတယ်။”လို့ ဆိုပါတယ်။
မူးယစ်ဆေးဝါး ရောင်းဝယ်နေမှု အခြေအနေကို လွတ်လပ်စွာမပြောဆိုရဲဘဲ မတိုင်တန်းရဲကြသလို တိုင်ရင်လည်း ဆောင်ရွက်ပေးတာ မရှိဘူးလို့ မြို့ခံတွေက ပြောပါတယ်။
တဖက်မှာလည်း ခိုးဆိုးလုယက်မှုတွေ နဂိုကထက်ပိုများပြားလာနေပြီး ရောင်းလို့ရတဲ့ ပစ္စည်းမှန်သမျှနဲ့ ရေတင်မော်တာတွေအထိ ခိုးယူတဲ့ အခြေအနေဖြစ်နေတယ်လို့လည်း ဒေသခံတွေက ပြောပါတယ်။
ဒါ့အပြင် နေထိုင်ရတာလည်းမလုံခြုံတော့သလို ညဘက်မှာလည်း ခွေးဟောင်သံကြားတိုင်း ထကြည့်နေရတဲ့ အခြေအနေဖြစ်နေကြောင်း ဆိုပါတယ်။
ပြီခဲ့တဲ့ မေလ ၁၉ ရက်နေ့က အိုးတန်းရပ်ကွက် အိမ်ရှေ့မှာရပ်ထားတဲ့ ဘက်ထရီ ဆိုင်ကယ်တစ်စီး ခိုးယူခံလိုက်ရသလို မေလ ၁၆ ရက်နေ့ကလည်း နောင်ကိုင်တောရပ်ကွက်က အိမ်ဝင်းအပြင်မှာ ရပ်ထားတဲ့ ဘက်ထရီဆိုင်ကယ်တစ်စီး ခိုးယူခံလိုက်ရတယ်လို့ သိရပါတယ်။
ဒေသခံ တွေဟာ သူခိုး၊ ဓားပြရန်တွေကို ကြောက်နေရသလို ခိုးမှုတွေဖြစ်တိုင်းလဲ ဖမ်းဆီးရမိတာ မရှိဘူးလို့ ပြောပါ တယ်။
အာဏာသိမ်းပြီးနောက်ပိုင်း မိုးကောင်းမြို့မှာ မူးယစ်ဆေးဝါးရောင်းဝယ်သုံးစွဲတာတွေ ပိုမိုဆိုးရွား လာတာဖြစ်ပြီး ရောင်းချနေသူတွေကို အမြန်ဆုံးအရေးယူစေလိုတယ်လို့ မြို့ခံတွေက တောင်းဆိုပါတယ်။






