စစ်မှန်တဲ့ဒီမိုကရေစီဖြစ်ဖို့ စဉ်းစားစရာအချက်များ

977

အမှန်တစ်ကယ် စစ်မှန်တဲ့ဒီမိုကရေစီစနစ်ရှိမှသာ တိုင်းပြည် ငြိမ်းချမ်းဖွံ့တိုးတက်နိုင်မှာ ဖြစ်ပါတယ်။ ဒီတော့ စစ်မှန်တဲ့ ဒီမိုကရေစီကို ဘယ်လိုတိုင်းတာနိုင်ပါသလဲ။

စစ်မှန်တဲ့ဒီမိုကရေစီလို့ ပြောနိုင်ဖို့ဆိုရင် အရွယ်ရောက်တဲ့ နိုင်ငံသားတိုင်း မဲပေးနိုင်ခွင့် ရှိရပါမယ်၊ တရားမျှတလွတ်လပ်တဲ့ ရွေးကောက်ပွဲတွေကိုလည်း အကြိမ်ကြိမ် ကျင်းပပေးရပါမယ်၊ ရွေးကောက်ပွဲ ဝင်ပြိုင်နိုင်ဖို့ စစ်မှန်တဲ့နိုင်ငံရေးပါတီတွေ အများအပြားရှိဖို့လည်း လိုအပ်ပါတယ်။ နောက်ပြီး အများ ပြည်သူတွေ သတင်းအချက်ကို ဘက်ပေါင်းစုံကနေ လွယ်ကူစွာ ရရှိနိုင်အောင်လည်း စီမံဆောင်ရွက်ပေး ထားရပါမယ်။

နောက်ထပ်အရေးကြီးတာက နိုင်ငံသားတိုင်းကို နိုင်ငံရေး လွတ်လပ်စွာပြောဆို လှုပ်ရှားခွင့် ပေးရပါမယ်။ ဒါမှလည်း နိုင်ငံသားတွေက သူတို့ရဲ့နိုင်ငံရေးယုံကြည်ချက်တွေ၊ အကျိုးစီးပွား အကြောင်းတွေကို သူတို့အချင်းချင်းကြားမှာ လွတ်လပ်စွာ ပြောဆိုဆွေးနွေး၊စည်းရုံး လှုပ်ရှားနေကြမှာပါ။

နိုင်ငံရေးပညာရှင်တွေ ပြောဆိုထားတဲ့ စံချိန်စံနှုန်းမီတဲ့ ဒီမိုကရေစီစနစ်ဖြစ်ဖို့ မျှော်မှန်းချက် ၃ ချက်ရှိတယ်လို့ ဆိုပါတယ်။ ပထမအချက်ကတော့ နိုင်ငံသားလွတ်လပ်ခွင့်နဲ့နိုင်ငံရေးလွတ်လပ်ခွင့် ရှိဖို့ပါ၊ ဒုတိယကတော့ လူထုက ပြည်သူ့မူဝါဒဆိုင်ရာနဲ့ မူဝါဒဖော်ဆောင်သူတွေကို ထိန်းချုပ်ထားနိုင်မှုနဲ့ တတိယအချက်ကတော့ နိုင်ငံရေးမှာ လုပ်ပိုင်ခွင့်နဲ့ ရပိုင်ခွင့်တွေကို တန်းတူညီမျှရနိုင်ခွင့် ရှိဖို့ပါ။

အဲ့ဒီနောက် ပွင့်လင်းမြင်သာမှုတွေ၊ တရားဥပဒေကို လေးစားလိုက်နာမှုတွေ၊ ကောင်းမွန်တဲ့ အုပ်ချုပ်မှုတွေကို ထပ်ပေါင်းလိုက်မယ်ဆိုရင် အရည်အသွေးမြင့်တဲ့ ဒီမိုကရေစီစနစ်တစ်ရပ်ကို အကောင်အထည် ဖော်နိုင်မယ်ဆိုတာ ဧကန်မုချပါပဲ။
နိုင်ငံရေးနဲ့ပတ်သက်ပြီး တည်ငြိမ်ရင့်ကျက်တဲ့ အင်စတီကျူးရှင်းတွေ ပေါ်ပေါက်လာဖို့ကိုလည်း အားပေးသင့်ပါတယ်။ ဒါမှလည်း အဲ့ဒီ အင်စတီကျူးရှင်းတွေက ပြည်သူကိုယ်စား အများပြည်သူဆိုင်ရာ မူဝါဒနဲ့ အဲ့ဒီမူဝါဒချမှတ်သူတွေကို ထိန်းချုပ်ပေးနိုင်မှာ ဖြစ်ပါတယ်။

ဒါမှလည်း ပြည်သူလူထုက အစိုးရအနေနဲ့ နိုင်ငံသားတွေ၊ အသင်းအဖွဲ့တွေ၊ လူမှုအသိုက်အဝန်းတွေကို ကျယ်ပြန့်တဲ့လွတ်လပ်ခွင့်နဲ့ နိုင်ငံရေးအရ တန်းတူညီမျှမှုတွေ ပေးတယ်လို့ ခံစားနားလည်နိုင်မှာပါ။ အဲ့ဒီလိုလုပ်တဲ့ အစိုးရကသာ နိုင်ငံသားတွေရဲ့ မျှော်လင့်ချက်တွေကို ဖြည့်ဆည်းပေးနိုင်မှာပါ။

နိုင်ငံသားတွေအနေနဲ့လည်း အစိုးရရဲ့ လုပ်ဆောင်မှုတွေကို ရွေးကောက်ပွဲလို အစီအမံတွေက တစ်ဆင့် အကဲဖြတ်ပေးနိုင်ပါလိမ့်မယ်။ အားသာချက်အနေနဲ့ အစိုးရအရာရှိတွေနဲ့ အင်စတီကျူးရှင်းတွေ ဟာလည်း တစ်ဖွဲ့နဲ့တစ်ဖွဲ့ ဥပဒေအကြောင်း အရကော၊ အခြေခံဥပဒေအရပါ တာဝန်ယူမှု တာဝန်ခံမှုတွေ ရှိလာကြမှာ ဖြစ်ပါတယ်။

စစ်မှန်တဲ့ ဒီမိုကရေစီ အရည်အသွေး ပြည့်မပြည့် ဆိုတာကို အချုပ်အားဖြင့် တရားဥပဒေစိုးမိုးမှု၊ နိုင်ငံရေးပြိုင်ဆိုင်မှု၊ နိုင်ငံသားများ ပါဝင်မှု၊ ထက်/အောက်/ဘေး တာဝန်ယူမှု တာဝန်ခံမှု၊ နိုင်ငံရေးနဲ့ နိုင်ငံသားလွတ်လပ်ခွင့်တွေကို လေးစားလိုက်နာမှုနဲ့ နိုင်ငံရေးအရ တန်းတူညီမျှမှု စတာတွေနဲ့ ဆန်းစစ်ဆုံးဖြတ် နိုင်ပါလိမ့်မယ်။

နောက်တစ်ဆင့်ကတော့ တာဝန်ယူတုံ့ပြန်မှုပါ။ ဒါမှလည်း နိုင်ငံသားတွေ အမှန်တကယ် လိုအပ်နေတဲ့ အများပြည်သူဆိုင်ရာ မူဝါဒတွေ၊ တောင်းဆိုချက်တွေ၊ လိုအင်ဆန္ဒတွေနဲ့ အစိုးရက လက်ရှိ အကောင်အထည်ဖော် ဆောင်ရွက်နေတဲ့ နိုင်ငံရေးလုပ်ငန်း ဖော်ဆောင်မှုတွေဟာ ကိုက်ညီမှုရှိရဲ့လား ဆိုတာကို ဆန်းစစ်နိုင်မှာ ဖြစ်ပါတယ်။

အချုပ်အနေနဲ့ ဆိုရရင် တရားဥပဒေ စိုးမိုးမှုက အရေးအကြီးဆုံးပါ။ နိုင်ငံရေး သိပ္ပံပညာရှင် ဂီရာမိုအိုဒေါ်နယ်က တရားဥပဒေစိုးမိုးမှုသာရှိရင် ဥပဒေရှေ့မှောက်မှာ နိုင်ငံသား အားလုံးဟာ တန်းတူညီမျှဖြစ်ပြီး အစိုးရရဲ့ လုပ်ဆောင်မှုတွေဟာလည်း တရားဥပဒေနဲ့ ညီညွတ်လာကာ တည့်မှတ်မှန်ကန်လာလိမ့်မယ်လို့ ဆိုထားတာနဲ့အညီ မြစ်ကြီးနားသတင်းဂျာနယ်ကလည်း စစ်မှန်တဲ့ဒီမိုကရေစီအကျိုး မျှော်ကိုးလို့ ရေးသားလိုက်ရပါတယ်။

မြစ်ကြီးနားသတင်းဂျာနယ်

LEAVE A REPLY

Please enter your comment!
Please enter your name here