ဖေဖော်ဝါရီ ၁၅
စစ်ရှောင် ပြည်သူများ နေရပ်ပြန်နိုင်ရေး အတွက် ကချင်နှစ်ခြင်းခရစ်ယာန်အဖွဲ့ချုပ်(KBC)နှင့် အမျိုးသားပြန်လည် သင့်မြတ်ရေးနှင့် ငြိမ်းချမ်းရေး ဗဟိုဌာန (NRPC)တို့ တရားဝင် တွေ့ဆုံသွားမည် ဖြစ်ကြောင်း သိရသည်။
မြန်မာ တပ်မတော်နှင့် ကေအိုင်အိုတို့အကြား တရားဝင် တွေ့ဆုံဆွေးနွေးမှုများ ပြုလုပ်ပြီး စစ်ရှောင်များ မိမိနေရပ်တို့ ပြန်လည်နေထိုင်နိုင်သည့် နေရာဒေသများကို ရွေးချယ်ကာ နေရပ်ပြန်နိုင်သည့် နေရာများ ရရှိလာပါက(KBC)နှင့် NRPC တွေ့ဆုံသွားမည် ဖြစ်ကြောင်း ကချင်နှစ်ခြင်းခရစ်ယာန် အဖွဲ့ချုပ်(KBC)ဥက္ကဋ္ဌ ဒေါက်တာခလမ်ဆမ်ဆွန်က ပြောသည်။
“ကေဘီစီနဲ့ NRPC တရားဝင်တွေ့ဖို့ရှိတယ်။ တရားဝင် တွေ့ပြီးတဲ့နောက်မှာ တပ်မတော်နဲ့ ကေအိုင်အေကလည်း ပြန်နိုင်မယ့်နေရာဒေသကို သူတို့ရွေးချယ်မှာ သူတို့ ရွေးချယ်ပြီးတဲ့နေရာတွေမှာ ကျွန်တော်တို့က နေရပ်ပြန်နိုင်ရေးကို လုပ်သွားဖို့ လုပ်နေတာပေါ့။ တစ်ခါအလွတ်သဘော တွေ့ပြီးပြီ။ တရားဝင်တွေ့ဖို့က မတ်လ လဆန်းပိုင်းလောက် တွေ့ဖြစ်မယ်”ဟု ဒေါက်တာခလမ်ဆမ်ဆွန်က မြစ်ကြီးနားသတင်းဂျာနယ်သို့ ပြောသည်။
ထို့အပြင် KBC အဖွဲ့သည် ဖေဖော်ဝါရီ ၁၁ ရက်နေ့က မြန်မာနိုင်ငံဆိုင်ရာ ဥရောပ သံအမတ်ကြီး Kristan Schmidt နှင့် တွေ့ဆုံပြီး စစ်ရှောင်ပြည်သူများ နေရပ်ပြန်ရေးနှင့် မြစ်ဆုံအရေး သဘာ၀ ပတ်ဝန်းကျင်ထိခိုက်မှု ကိစ္စရပ်များကိုဆွေးနွေးခဲ့ကြကြောင်းလည်းသိရသည်။
“အဓိက ဆွေးနွေးဖြစ်တာကတော့ IDPs နေရပ်ပြန်ရေးပါပဲ။ အဲ့မှာ အီးယူက ဘယ်လိုပါဝင် မယ်ဆိုတာကို ဆွေးနွေးတိုင်ပင်တာပါ။ သူတို့ဘက်ကတော့ အခုလည်း အများကြီးပါဝင်နေတဲ့အဖွဲ့ဖြစ်တယ် ဆိုတော့ အခုနေရပ်ပြန်ရေးမှာလည်း သူတို့က ပါဝင်မယ်ဆိုတာကိုဆွေးနွေးတာပေါ့။ အစီအစဉ် ကောင်းကောင်း လုပ်ရမယ်။ နေရပ်ပြန်ရေးမှာ လုံခြုံစိတ်ချစွာနဲ့ မိမိရဲ့ဆန္ဒအရ ပြန်ရေးကို ကြိုးစားပေးရမယ် ဆိုတဲ့အကြောင်းတွေ ဆွေးနွေးတယ်”ဟု ဒေါက်တာခလမ်ဆမ်ဆွန်က ပြောသည်။
မြစ်ဆုံကိစ္စတွင်လည်း အီးယူအနေဖြင့် တရုတ်၏ လုပ်ငန်းကို ပူပန်မှု ရှိသော်လည်း ပြည်သူများအနေဖြင့် သဘာဝပတ်ဝန်းကျင် ထိခိုက်မှုကြောင့် ကွင်းဆက်ဖြစ်မည့် အကျိုးဆက်များကို သဘောပေါက်နားလည်ရန် လိုအပ်ကြောင်းတို့ကို ဆွေးနွေးဖြစ်ခဲ့သည်ဟု သိရသည်။
Salai







