ဧပြီ ၂
မြစ်ကြီးနားမြို့နယ် စည်ပင်သာယာရေးကော်မတီက မြို့ပေါ်ရပ်ကွက်အချို့တွင် ထားရှိသည့် အမှိုက်ကန်များကို ရှင်းလင်းဖယ်ရှားလိုက်ပြီး ထိုအမှိုက်ကန်နေရာသို့ လာရောက်စွန့်ပစ်သည့် အမှိုက်များကို လိုက်လံသိမ်းဆည်းတော့မည်မဟုတ်ကြောင်း မြို့နယ်စည်ပင်သာယာရေးကော်မတီ ဥက္ကဋ္ဌ ဦးမီထွယ်ဇော်လတ်ကပြောသည်။
အစီအစဉ်ကို ဖျတ်သိမ်းလိုက်ရခြင်းမှာ အမှိုက်ပစ်သူများက အမှိုက်များကို ပုံးအတွင်းမထည့်ဘဲ ပုံးနံဘေးတွင် လာရောက်စုပုံ စွန့်ပစ်ကြခြင်း၊အချိန်အကန့်အသတ်ဖြင့် လာရောက်စွန့်ပစ်ရန် သတ်မှတ်ပေးသော်လည်း သတ်မှတ်ချိန်ပြင်ပတွင် လာရောက်စွန့်ပစ်နေခြင်းတို့ကြောင့် လမ်းမပေါ်တွင် အမှိုက်များပြန့်ကျဲကာ မြို့တော်၏ သန့်ရှင်းသာယာမှုကိုထိခိုက်နေစေသည့်အတွက်ဖြစ်သည်ဟု ကော်မတီဥက္ကဋ္ဌက ရှင်းပြသည်။
“စွန့်ပစ်ချိန်မဟုတ်ဘဲ မိမိအိမ်ထဲမှာရှိသမျှ အမှိုက်တွေကို ကိုယ့်အိမ်မှာအမှိုက်မရှိရင်ပြီးရောဆိုတဲ့ အသိစိတ်နဲ့ ပုံးထဲသေချာ စနစ်တကျမပစ်တဲ့အတွက် ခွေးတွေ၊ နွားတွေနဲ့ ဆိတ်တွေလာပြီး ဖွထားကြတယ်။ပြီးတော့ ရောင်းလို့ရတာတွေကို ပြန်ရွေးကြတဲ့သူတွေလည်းရှိကြတော့ အရမ်းအရုပ်ဆိုးစေတယ်”ဟု ဦးမီထွယ်ဇော်လတ်က ပြောသည်။
ပြည်ထောင်စုလမ်းမနှင့်ထိစပ်နေသည့် ရပ်ကွက်များဖြစ်သော မြို့သစ်ကြီး၊ မြေမြင့်၊ ရန်ကြီးအောင်၊ ယုဇနနှင့် မြို့သစ်ရပ်ကွက်များရှိ အုပ်ချုပ်ရေးမှူးနှင့် ရပ်မိရပ်ဖများနှင့်တွေ့ဆုံကာ ပညာပေးဟောပြောဆွေးနွေးပြီး အမှိုက်ပုံးများ ဖြုတ်သိမ်းခဲ့ခြင်းဖြစ်ကြောင်းနှင့် အမှိုက်များကို မနက် ၇ နာရီတွင် တစ်ကြိမ်နှင့်ညနေ ၄ နာရီတွင်တစ်ကြိမ်ကားဖြင့် လိုက်လံသိမ်းဆည်းခြင်းများ ပြုလုပ်ပေးလျက်ရှိကြောင်း သိရသည်။
မြစ်ကြီးနားမြို့ရှိ မြို့ပေါ်ရပ်ကွက် ၂၈ ရက်ကွက်အနက်၂၅ ရက်ကွက်ကို အမှိုက်သိမ်းယာဉ် ၁၁ စီးဖြင့်သာ နေ့စဉ်လိုက်လံ သိမ်းဆည်းနေရသဖြင့် အချို့ရပ်ကွက်များတွင် တစ်ပတ်လျက် တစ်ကြိမ်ခန့်သာသွားရောက်သိမ်းဆည်းနိုင်ကြောင်း၊ ရပ်ကွက်အားလုံးကို သိမ်းဆည်းနိုင်ရေးအတွက် အမှိုက်သိမ်းယာဉ်နှင့် လုပ်သားအင်အား ထပ်မံဖြည့်တင်းရန် လိုအပ်နေကြောင်းလည်း ၎င်းကပြောသည်။
“ကား ၂၅ စီးလောက်ရှိရင်ကတော့ မြို့ပေါ်ရပ်ကွက်အားလုံးအတွက် လုံလောက်ပြီ။ အခုကောက်နေတဲ့ ရပ်ကွက်က အမှိုက်တွေက တစ်ရက်ကို အမှိုက်တန်ချိန် ၁၀၀ လောက်ထွက်နေတာ။ အဲဒါကိုလည်း၁၀ မိုင် လောက်ဝေးတဲ့နေရာကိုသွားပစ်ရတော့ ရပ်ကွက်အတွင်း ပတ်ဖို့အချိန်လုံလောက်မှုမရှိဘူး”ဟုလည်း ဦးမီထွယ်ဇော်လတ်က ပြောသည်။
ထို့ကြောင့် ပြည်သူများအနေဖြင့် စည်ပင်သာယာအဖွဲ့နှင့်ပူးပေါင်းကာ အမှိုက်များကို သတ်မှတ်ချိန်အတွင်း စနစ်တကျစွန့်ပစ်ပေးစေလိုသည်ဟုလည်း ဦးမီထွယ်ဇော်လတ်ကပြောသည်။
“ပြည်သူတွေအနေနဲ့ ကိုယ့်မြို့၊ ကိုယ့်ဒေသကို တကယ်ချစ်တဲ့စိတ်ရှိရင်တော့ တကယ်လှပတဲ့မြို့ဖြစ်လာမှာပါ။ အမှိုက်စွန့်ပစ်တဲ့ကိစ်္စကို စည်ပင်တစ်ခုတည်းလုပ်လို့မရဘူး။ စွန့်ပစ်သူနဲ့ သိမ်းဆည်းသူနှစ်ဦး အတူတကွလုပ်ဆောင်မှဖြစ်မယ့်အရာဖြစ်ပါတယ်။ ဒါကြောင့်ကိုယ်မြို့ကို ချစ်ကြပါလို့ပြောချင်ပါတယ်”ဟု ၎င်းကဆိုသည်။
စည်ပင်သာယာအဖွဲ့ကမြို့တွင်းရှိ အမှိုက်ပုံးများကိုဖယ်ရှားပြီး အများပြည်သူအချိန်မရွေးအမှိုက်ပစ်နိုင်ရန် ဧရာရုပ်ရှင်ရုံရှေ့တွင် အမှိုက်သိမ်းယာဉ် ၃ စီး၊ စီတာပူရပ်ကွက် ဒူဝါဇော်ရစ်လမ်းနှင့် မနောင်ကွင်းပတ်လမ်းထောင့်၌ တစ်စီးထားရှိပေးပြီး မြို့တွင်းရပ်ကွက်များတွင် ကားဖြင့် နေ့စဉ်လှည့်လည်သိမ်းဆည်းခြင်း၊ အချို့ရပ်ကွက်များတွင် တစ်ပတ်လျှင် နှစ်ကြိမ်မှ သုံးကြိမ် သိမ်းဆည်းပေးခြင်းများ ဆောင်ရွက်ပေးလျက်ရှိကြောင်းသိရသည်။
မွန်းမွန်းပန်