ခရီးသွားတပ်မတော်သားတစ်ဦးကို ဓားဖြင့်ထိုးခဲ့သူက မိုးညှင်းရဲစခန်းတွင် လာရောက်အဖမ်းခံ

2054
မိုးညှင်းရဲစခန်း

ဧပြီ ၂

ဟိုပင်မြို့ရှိ ဘောလုံးကွင်းအနီးတွင် ခရီးသွားရန် ကားစောင့်နေသော တပ်မတော်သားတစ်ဦးအား ဓားဖြင့်ထိုးခဲ့ပြီး တိမ်းရှောင်နေသည့် လူငယ်တစ်ဦးသည် မတ်လ ၂၇ ရက်တွင် မိုးညှင်းမြို့မရဲစခန်းသို့ လာရောက်ပြီး အဖမ်းခံခဲ့ကြောင်း သိရသည်။

အဆိုပါလူငယ်သည် ဟိုပင်မြို့(တောင်) မြို့သာယာရပ်ကွက်တွင် နေထိုင်သည့် အသက် ၂၁ နှစ်အရွယ် ကိုဝေယံစိုးဆိုသူဖြစ်ပြီး ၎င်းသည်ခမရ (၃၈၉)မှ အသက် ၄၅နှစ်အရွယ် တပ်ကြပ်တိုးလွင်အား ဟိုပင်မြို့ရှိ ဘောလုံးကွင်းအနီးတွင် မတ်လ ၂၁ ရက် ည (၇) နာရီခန့်က ဓားဖြင့်ထိုးသတ်ခဲ့ကြောင်း သိရသည်။

“သေဆုံးသူ  တပ်ကြပ်တိုးလွင်က ခရီးသွားဖို့ လမ်းဘေးကဆိုင်တစ်ဆိုင်မှာ ကားစောင့်ရင်းနဲ့ သူနဲ့အထင်အမြင်လွဲမှားကြပြီး စကားများရာကနေ အခုလို ဓားထိုးမှုဖြစ်ပွားခဲ့ကြတာပါ”ဟု ဟိုပင်ရဲစခန်းမှ တာဝန်ရှိသူတစ်ဦးက ပြောသည်။

တပ်ကြပ်တိုးလွင်ဆိုသူသည် တပ်သားစုဆောင်းရေးအတွက် မိုးကောင်းသို့သွားရန်ကားစောင့်နေစဉ် ၎င်းစီးမည့်ကားမလာသေးသည့်အတွက် ဈေးဆိုင်တစ်ဆိုင်၌ ထန်းရေ သောက်နေချိန် ကိုဝေယံစိုးဆိုသူနှင့်စကားများကြပြီး ဓားမြှောင်ဖြင့် အထိုးခံရခြင်းဖြစ်ကြောင်း ဟိုပင်ရဲစခန်းမှ ရရှိသည့် အချက်အလက်များအရ သိရသည်။

အဆိုပါ ဖြစ်စဉ်ကြောင့်တပ်ကြပ်တိုးလွင်၏ ဝမ်းဗိုက်၌ထိုးသွင်းဒဏ်ရာ ရရှိခဲ့သည့်အတွက် ၎င်းအား ဟိုပင်ဆေးရုံသို့ ပို့ဆောင်ပေးခဲ့သော်လည်း ဆေးရုံ၌ ည ၇ နာရီခန့်တွင် သေဆုံးသွားခဲ့သည်ဟု သိရသည်။

သေဆုံးခဲ့သည့် တပ်ကြပ်တိုးလွင်အား ဓားဖြင့်ထိုးသတ်သူ ဝေယံစိုးကို ဗိုလ်ကြီးကျော်ဇင်ဝင်းက တရားလိုပြုလုပ်ကာ ဟိုပင်နယ်မြေရဲစခန်းတွင် ရာဇသတ်ကြီး ပုဒ်မ- ၃၀၂ ဖြင့် အမှုဖွင့်ခဲ့ကြောင်း သိရသည်။

ထွန်းထွန်း (မိုးညှင်း)

LEAVE A REPLY

Please enter your comment!
Please enter your name here