ဗီနိုင်းဆိုင်းဘုတ်ထောင်ပြီး ကျောက်စိမ်းလိုက်ဝယ်နေတဲ့ တရုတ်နိုင်ငံသား

1309

ဧပြီ ၂

ဖားကန့်မြို့နယ်၊ လုံးခင်းကျေးရွာအုပ်စု ကထန်ရွာနှင့် ဆွတ်အောင်ကျေးရွာကြားရှိ နေမင်းကမ္ဘာကျောက်မျက်တူးဖော်ရေးကုမ္ပဏီ၏ စွန့်ပစ်မြေစာပုံတွင် တရုတ်စာတန်းပါ ဗီနိုင်းပိုစတာများကို လိုက်လံစိုက်ထူလျက်ရှိကြောင်း သိရသည်။

မြန်မာနိုင်ငံသား တရုတ်လူမျိုး၏ ဘာသာပြန်ပြောပြချက်အရ ယင်းစာတန်းသည် “မြေစာပုံအောက်တွင် ရေမဆေးကျောက်ဝယ်နေပြီ။ ရေမဆေးကျောက်ရောင်းချင်ရင် Wechat မှတစ်ဆင့် ဆက်သွယ်နိုင်သည်”ဟု ရေးသားထားခြင်းဖြစ်ကြောင်းသိရပြီး Wechat ID ကိုပါ တစ်ပါတည်းထည့်သွင်းဖော်ပြထားကြောင်းလည်း သိရသည်။

  “အဲဒီဗီနိုင်းပိုစတာတွေကို ခဏစိုက်ပြီးတော့ ဓာတ်ပုံရိုက်တယ်။ ဓာတ်ပုံရိုက်ပြီးရင် ချက်ချင်းဖြုတ်ဖြုတ်သွားတယ်။ ဓာတ်ပုံဆရာပါ တစ်ခါတည်းခေါ်လာတယ်”ဟု ယင်းမြေစာပုံအနီးမှာ ရှာဖွေနေသည့် ရေမဆေးသမားတစ်ဦးက ပြောသည်။

ယင်းကိစ္စနှင့်ပတ်သက်၍ ဖားကန့်မြို့နယ် အုပ်ချုပ်ရေးမှူးဦးကျော်စွာအောင်ထံ ဆက်သွယ်မေးမြန်းကြည့်ရာ ၎င်းတို့အနေဖြင့်ယင်းကိစ်္စကို စုံစမ်းစစ်ဆေးနေဆဲဖြစ်ကြောင်း မြစ်ကြီးနားသတင်းဂျာနယ်သို့ ပြောသည်။

  “ဒီကိစ္စနဲ့ပတ်သက်ပြီး ကျွန်တော်ကို ရာအိမ်မှူးတွေ အကြောင်းကြားထားတာတော့မရှိသေးဘူး”ဟု ဦးကျော်စွာအောင်က ပြောသည်။

အထက်ပါ ဗီနိုင်းပိုစတာများကို  မတ်လ ၂၇ ရက်နေ့ နေ့လယ်ပိုင်းက စတင်စိုက်ထူနေခြင်းဖြစ်ပြီး ဖားကန့်ကျောက်စိမ်းတွင်းဒေသသို့ နိုင်ငံခြားသားများ သွားရောက်ခွင့်ပိတ်ပင်ထားသော်လည်း တရုတ်နိုင်ငံသား ကျောက်စိမ်းပွဲစားများနှင့် ကုန်သည်များ အများအပြားရောက်ရှိနေကြောင်း သိရသည်။

စည်သူ(မြစ်ကြီးနား) ၊ဇော်မိုးထက်(ဖားကန့်)

LEAVE A REPLY

Please enter your comment!
Please enter your name here