
အောက်တိုဘာ၊ ၂၀
မြန်မာနိုင်ငံကို ဘာသာရေးလွတ်လပ်ခွင့် အထူးစိုးရိမ်ရတဲ့နိုင်ငံ (CPC – Country of Particular Concern) အဖြစ်သတ်မှတ်ပေးဖို့ အမေရိကန်အစိုးရကို ခရစ်ယာန်အဖွဲ့အစည်းတွေက ဆက်တိုက်တောင်းဆိုလာကြပါတယ်။
ကမ္ဘာတစ်ဝှမ်းမှာ ဖိနှိပ်ခံနေရတဲ့ ခရစ်ယာန်ဘာသာဝင်တွေရဲ့ အခွင့်အရေးအတွက် ဆောင်ရွက်ပေးနေတဲ့ (International Christian Concern – ICC) ဟာ မြန်မာနိုင်ငံကို CPC အဖြစ်သတ်မှတ်ပေးဖို့ မနေ့က အောက်တိုဘာ ၁၉ ရက်နေ့မှာ တောင်းဆိုခဲ့ပါတယ်။
ICC ဟာ မြန်မာကို CPC အဖြစ်သတ်မှတ်ဖို့ ကချင်ပြည်နယ်ထဲက ဘုရားကျောင်းတွေ တိုက်ခိုက်ခံရတာနဲ့ စစ်ရေးအတွက် အသုံးချတဲ့နေရာအဖြစ် စစ်အုပ်စုက ပြုလုပ်နေတာတွေ၊ ချင်းပြည်နယ်က ခရယာန်သင်းအုပ်ဆရာတွေ သတ်ဖြတ်ခံနေရတာတွေကို ထောက်ပြထားပါတယ်။
ဒါ့အပြင် ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလ အာဏာသိမ်းမှုကစပြီး ခရစ်ယာန်အများစုနေထိုင်တဲ့ ဒေသတွေကို တိုက်ခိုက်မှုတွေကြောင့် ဘုရားကျောင်းတွေ ပျက်စီးခဲ့သလို ဘာသာဝင်တွေလည်း နေရပ်စွန့်ခွာ ထွက်ပြေးနေရတယ်လို့ ICC က ရေးထားပါတယ်။
နိုင်ငံတကာ ဘာသာရေးလွတ်လပ်ခွင့်ဆိုင်ရာ အမေရိကန်ကော်မရှင် (USCIRF) ကလည်း အမေရိကန်အစိုးရအနေနဲ့ မြန်မာကို CPC အဖြစ်သတ်မှတ်ဖို့ အခုနှစ်အစီရင်ခံစာထဲမှာ အကြံပြုထားတာကိုလည်း CPC က ထောက်ပြထားပါတယ်။
အမေရိကန်အစိုးရအနေနဲ့ စစ်အုပ်စုနဲ့ ဆွေးနွေးနေတဲ့အချိန်မှာလည်း ဘာသာရေးလွတ်လပ်ခွင့်ဟာ ဒုတိယဦးစားပေးအနေနဲ့ရှိမနေသင့်သလို တိုးတက်လာရမယ့် ကိစ္စဖြစ်သင့်တယ်လို့ ICC က အကြံပြုထားပါတယ်။
အမေရိကန်ဟာ မြန်မာနိုင်ငံကို ၁၉၉၉ ကနေ ၂၀၂၃ အထိ CPC နိုင်ငံစာရင်းထဲ ထည့်သွင်းခဲ့ဖူးပြီး အခုအချိန်မှာတော့ မြန်မာဟာ အဲဒီစာရင်းထဲမပါဝင်တော့ပါဘူး။ ပြီးခဲ့တဲ့ အောက်တိုလဆန်းပိုင်းနဲ့ စက်တင်ဘာလဆန်းပိုင်းထဲမှာဆိုရင် တခြားခရစ်ယာန် အဖွဲ့အစည်းတွေနဲ့ လူပုဂ္ဂိုလ်တွေဟာ မြန်မာနိုင်ငံကို CPC စာရင်းထဲထည့်သွင်းဖို့ အမေရိကန်ကို တောင်းဆိုခဲ့ကြပါတယ်။





