နိုဝင်ဘာ၊ ၁၉
အပြည်ပြည်ဆိုင်ရာ တရားရုံး (ICJ) က မြန်မာနိုင်ငံဟာ ရိုဟင်ဂျာတွေအပေါ် လူမျိုးသုဉ်းသတ်ဖြတ်မှု ကျူးလွန်ခဲ့တယ်လို့ ဒီနေ့အမိန့်ချမှတ်လိုက်ပါတယ်။
အဲဒီဆုံးဖြတ်ချက်အပေါ် တရားသူကြီး ၉ ယောက်က ထောက်ခံပြီး ၆ ယောက်က ကန့်ကွက်ခဲ့တာဖြစ်တယ်လို့ သိရပါတယ်။
ဒါ့အပြင် မြန်မာက နစ်နာသူတွေကို ၂ နှစ်အတွင်း လျော်ကြေးပေးရမယ့်အပြင် သူတို့အရင်နေတဲ့နေရာမှာ ပြန်နေထိုင်ခွင့်ရဖို့အတွက်လည်း လုပ်ပေးရမယ်လို့ ICJ တရားသူကြီးက ပြောပါတယ်။
“မြန်မာလုံခြုံရေးတပ်ဖွဲ့တွေဟာ ရိုဟင်ဂျာအရပ်သား ထောင်ပေါင်းများစွာကို သတ်ဖြတ်ခဲ့တာ၊ ကျယ်ကျယ်ပြန့်ပြန့် လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်မှုတွေနဲ့ ကလေးသူငယ်များအပေါ် အလွန်အမင်း ရက်စက်ကြမ်းကြုတ်တဲ့ အကြမ်းဖက်လုပ်ရပ်တွေကို ကျူးလွန်ခဲ့တဲ့အပြင် ဘင်္ဂလားဒေ့ရှ်နိုင်ငံကို အစုလိုက်အပြုံလိုက် ထွက်ပြေးတိမ်းရှောင်ဖို့ ကြိုးပမ်းနေကြတဲ့ ရိုဟင်ဂျာတွေအပေါ် တိုက်ခိုက်ခဲ့တာကို တရားရုံးက တွေ့ရှိရပါတယ်”လို့ တရားရုံးက ပြောခဲ့ပါတယ်။
သက်သေအထောက်အထားခိုင်တဲ့ အရာတွေပေါ်ကိုသာမူတည်ပြီး တရားရုံးကဆုံးဖြတ်ချက်ခဲ့တာလို့ ဆိုပါတယ်။
သက်သေတွေထဲမှာ မြေပြင်ထိဆင်းပြီရယူထားတာတွေပါသလို ဂြိုဟ်တုကနေ ရိုက်ယူပြီး တိုက်ဆိုင်စစ်ဆေးထားတဲ့ သက်သေတွေလည်း ပါဝင်တယ်လို့ သိရပါတယ်။
ဒီနေ့ စီရင်ချက်ချတဲ့အချိန်မှာတော့ တရားခွင်ထဲမှာ စစ်အုပ်စုရဲ့ မြန်မာကိုယ်စားလှယ်အဖွဲ့ကို ဦးဆောင်လာတဲ့ ဦးကိုကိုလှိုင်ကိုလည်းတွေ့ရပါတယ်။
မြန်မာဘက်ကတော့ တရားရင်ဆိုင်နေတဲ့ကာလတလျှောက် လူမျိုးတုံးသတ်ဖြတ်မှု စွပ်စွဲချက်တွေကို အမြဲပယ်ချခဲ့ပြီး လက်နက်ကိုင် သောင်းကျန်းသူတွေရဲ့ တိုက်ခိုက်မှုကို တုံ့ပြန်ဆောင်ရွက်ခဲ့တာလို့သာ အမြဲခုခံပြောဆိုခဲ့ပါတယ်။
“စီရင်ချက်ကို အပြည့်အဝ အကောင်အထည်ဖော်ဖို့ ပံ့ပိုးကူညီရေးဟာ နိုင်ငံအားလုံးရဲ့ တာဝန် ဖြစ်လာပါလိမ့်မယ်”လို့လည်း မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂ လူ့အခွင့်အရေး အထူးအစီရင်ခံစာ တင်သွင်းသူ ကယ်လီ အန်း အက်ကယ်စ်ကာရီ (Kelley Eckels Currie) က ICJ က စီရင်ချက်မချခင် နိုဝင်ဘာ ၁၈ ရက်နေ့က ပြောထားပါတယ်။
၂၀၁၉ ခုနှစ် နိုဝင်ဘာလ ၁၁ ရက်မှာ ဂမ်ဘီယာနိုင်ငံက အစ္စလာမ်မစ်းပူးပေါင်းဆောင်ရွက်ရေး အဖွဲ့ဝင်နိုင်ငံ (၅၇) နိုင်ငံရဲ့ ထောက်ခံမှုနဲ့ ICJ မှာ မြန်မာနိုင်ငံကို တရားစွဲခဲ့တာဖြစ်ပါတယ်။
ရိုဟင်ဂျာတွေအပေါ် ကျူးလွန်ခဲ့တဲ့ လူမျိုးပြုန်းစေမှုကို မြန်မာနိုင်ငံဟာ တားဆီးဖို့နဲ့ ပြစ်ဒဏ်ချမှတ်ဖို့ တာဝန်ပျက်ကွက်ခဲ့တာကြောင့် လူမျိုးပြုန်းစေမှုဆိုင်ရာစာချုပ် (Genocide Convention) ကို ချိုးဖောက်တယ်ဆိုပြီး တရားစွဲခဲ့တာပါ။
ICJ ဆိုတာဟာ နိုင်ငံတွေအကြား တရားဥပဒေဆိုင်ရာအငြင်းပွားမှုတွေကို ဖြေရှင်းပေးတဲ့ ကုလသမဂ္ဂတရားရုံးဖြစ်ပြီး လူပုဂ္ဂိုလ်တွေကို တရားမစွဲဆိုနိုင်ဘဲ နိုင်ငံတွေကသာ တရားစွဲဆိုနိုင်တာ ဖြစ်ပါတယ်။
ICJ ဟာ နိုင်ငံတွေက လက်မှတ်ရေးထိုးပြီးအတည်ပြုထားတဲ့ စာချုပ်တွေနဲ့ပတ်သက်ပြီး အငြင်းပွားမှုတွေကို တရားစီရင်ပိုင်ခွင့်ရှိတဲ့ တရားရုံးဖြစ်ပါတယ်။
မြန်မာနိုင်ငံဟာ လူမျိုးပြုန်းစေမှုဆိုင်ရာစာချုပ်ကို ၁၉၅၆ ခုနှစ်မှာ လက်မှတ်ထိုးခဲ့တာဖြစ်ပါတယ်။ မြန်မာနိုင်ငံကိုတော့ ဂမ်ဘီယာဟာ လူမျိုးပြုန်းစေမှုဆိုင်ရာပြစ်မှုတွေက ကာကွယ်ရေးနဲ့ ပြစ်ဒဏ်ချမှတ်ရေး သဘောတူစာချုပ် (လူမျိုးပြုန်းစေမှုဆိုင်ရာစာချုပ်) အပိုဒ် ၉ အရ အဲဒီ အမှုကို တရားရုံးဆီ တင်ပြခဲ့တာဖြစ်ပါတယ်။
မြန်မာနိုင်ငံဆိုရာလွတ်လပ်သော စုံစမ်းစစ်ဆေးမှု ယန္တရား (IIMM) ကတော့ ဂမ်ဘီယာနဲ့ မြန်မာ အမှုဟာ မြန်မာပြည်သူတွေအတွက်သာမက နိုင်ငံတကာ အသိုင်းအဝိုင်း တစ်ရပ်လုံးအတွက် အရေးကြီးသလို အနာဂတ်အမှုတွေအတွက်လည်း အခုစီရင်ချက်က လွှမ်းမိုးမှုရှိနိုင်တယ်လို့ ပြောထားပါတယ်။
IIMM ကတော့ တရားရုံးဟာ ကိုယ်ပိုင်ရဲတပ်ဖွဲ့မရှိသလို သူ့ရဲ့ စီရင်ဆုံးဖြတ်ချက်တွေကိုလည်း တိုက်ရိုက် အကောင်ထည်ဖော်စေနိုင်တာမျိုးမရှိဘူးလို့ ဆိုထားပါတယ်။
ဒါပေမဲ့ နိုင်ငံတစ်နိုင်ငံက တရားရုံးရဲ့ စီရင်ချက်ကို လိုက်နာဖို့ ပျက်ကွက်ရင် တခြားနိုင်ငံအနေနဲ့ အဲဒီ ကိစ္စကို ကုလသမဂ္ဂလုံခြုံရေးကောင်စီဆီတင်ပြနိုင်ပြီး လုံခြုံရေးကောင်စီက အရေးယူဆောင်ရွက်ဖို့လို၊ မလို ဆုံးဖြတ်နိုင်တယ်လို့ IIMM က ပြောပါတယ်။
ဒါပေမဲ့ လုံခြုံရေးကောင်စီမှာတော့ လက်ရှိစစ်အုပ်စုနဲ့နီးကပ်နေတဲ့ တရုတ်နဲ့ ရုရှားလိုနိုင်ငံမျိုးတွေက ဗီတိုအာဏာကိုင်ထားပါတယ်။






