
အောက်တိုဘာ၊၈
မြန်မာနိုင်ငံက လူ ၃ ယောက်မှာ ၂ ယောက်နှုန်းဆင်းရဲနေတာ ဒါမှမဟုတ် အကျပ်အတည်း တစ်ခု ကြုံတာနဲ့ ဆင်းရဲနွမ်းပါးမှုထဲကို ကျရောက်လုနီးပါး ဖြစ်နေတာကိုတွေ့ရတယ်လို့ ကုလသမဂ္ဂ ဖွံ့ဖြိုးမှုအစီအစဉ် (UNDP) က ဒီနေ့ထုတ်ပြန်လိုက်ပါတယ်။
“ဆင်းရဲနွမ်းပါးမှု အလွှာများ – မြန်မာနိုင်ငံ၏ ဘက်ပေါင်းစုံ ဆင်းရဲနွမ်းပါးမှု” (Layers of Deprivation: Multidimensional Poverty in Myanmar) ဆိုတဲ့ မြန်မာနိုင်ငံနဲ့ပတ်သက်တဲ့ UNDP ရဲ့ အစီရင်ခံစာမှာ အဲဒီလိုဖော်ပြထားတာပါ။
အဲဒီထဲမှာ ကျန်းမာရေး၊ ပညာရေးနဲ့ လူနေမှုအဆင့်အတန်းတို့မှာ ချို့တဲ့မှုတွေ တပြိုင်ထဲ ကြုံနေရတဲ့သူ တွေဟာ နိုင်ငံလူဦးရေရဲ့ ၆၈ ရာခိုင်နှုန်း(လူဦးရေ ၃၇ သန်းကျော်)အထိ ရှိနေပြီး သူတို့ဟာ ဘက်ပေါင်းစုံ ဆင်းရဲနွမ်းပါးမှုကို ကြုံတွေ့နေရသူတွေ ဒါမှမဟုတ် အဲဒီလိုဖြစ်တော့မယ့်သူတွေလို့ ဆိုပါတယ်။
“မြန်မာနိုင်ငံဟာ ကမ္ဘာ့သတင်းမျက်နှာဖုံးတွေမှာ ထိပ်ဆုံးက ပါဝင်မနေတော့ပေမဲ့ ပြည်သူ သန်းပေါင်းများစွာ ရင်ဆိုင်နေရတဲ့ ဒုက္ခတွေကတော့ ပိုပြီး နက်ရှိုင်းလာနေပါတယ်” လို့ ကုလသမဂ္ဂ အထွေထွေအတွင်းရေးမှူးချုပ်ရဲ့ လက်ထောက်လည်းဖြစ် UNDP ရဲ့ အာရှနဲ့ ပစိဖိတ်ဒေသဆိုင်ရာ ညွှန်ကြားရေးမှူးလည်းဖြစ်တဲ့ Kanni Wignaraja က ပြောပါတယ်။
အစီရင်ခံစာအရ ဆင်းရဲနွမ်းပါးမှု ပုံစံဟာ ဒေသတစ်ခုနဲ့တစ်ခု မတူညီဘဲ တချို့ဒေသတွေမှာ ပဋိပက္ခတွေ၊ နေရပ်စွန့်ခွာရမှုတွေနဲ့ ဝန်ဆောင်မှုတွေ လက်လှမ်းမမီမှုတို့က ပင်မအကြောင်းအရင်း ဖြစ်နေတယ်လို့ ဆိုပါတယ်။
တချို့ဒေသတွေမှာတော့ ဝမ်းစာရှာဖွေရေး၊ ပညာရေး၊ အခြေခံအဆောက်အအုံနဲ့ ပြည်သူ့ဝန်ဆောင်မှုတွေ ကာလရှည်ကြာ လစ်ဟာနေခဲ့တာတွေက အဓိက စိန်ခေါ်မှုတွေအဖြစ် ရှိနေတယ်လို့ ဖော်ပြထားပါတယ်။
ရေကြီးမှု၊ မုန်တိုင်းကျရောက်မှု၊ မိုးခေါင်မှုနဲ့ မြေပြိုမှုစတဲ့ ရာသီဥတုဆိုင်ရာ ရိုက်ခတ်မှုတွေဟာလည်း အိမ်ထောင်စု ၅ စုမှာ ၁ စုလောက်ကို ထိခိုက်စေပြီး အယ်လ်နီညို ဖြစ်စဉ်ကြောင့် ပိုဆိုးလာနိုင်တယ်လို့ ဆိုပါတယ်။
စက်သုံးဆီဈေးနှုန်းတွေဟာလည်း အရှေ့အလယ်ပိုင်း အကျပ်အတည်းမဖြစ်ခင် ကာလထက် ၈၇ ရာခိုင်နှုန်းကနေ ၈၅ ရာခိုင်နှုန်းလောက်ထိ မြင့်တက်နေတုန်းဖြစ်ပြီး ရန်ကုန်နဲ့ ယှဉ်ရင် ကချင်၊ ချင်း၊ ရခိုင်နဲ့ ဧရာဝတီ စတဲ့ ဒေသတွေမှာ ၂ ဆကနေ ၄ ဆအထိ ကွာဟနေတယ်လို့ အစီရင်ခံစာမှာ ဖော်ပြထားပါတယ်။ “တောင့်ခံနိုင်သူ အလွန်နည်းပါးသွားပါပြီ။
ထပ်ခါတလဲလဲ ကြုံရတဲ့ ရိုက်ခတ်မှုတွေက လူထု မှီခိုနေရတဲ့ အနည်းငယ်သော ခုခံအားတွေကို ကုန်ခမ်းသွားစေခဲ့ပါပြီ” လို့ UNDP ရဲ့ အာရှနဲ့ ပစိဖိတ်ဒေသဆိုင်ရာ ညွှန်ကြားရေးမှူးလည်းဖြစ်တဲ့ Kanni Wignaraja က ပြောပါတယ်။
၂၀၂၁ ခုနှစ်ကစလို့ အနည်းဆုံး လူငယ် ၁ သန်းလောက်ဟာလည်း မြန်မာနိုင်ငံကနေ ထွက်ခွာသွားဖွယ်ရှိပြီး ဒါဟာ တိုင်းပြည်ရဲ့ လူသားအရင်းအမြစ် ပျက်စီးဆုံးရှုံးမှု အကြီးမားဆုံး အခြေအနေတွေထဲက တစ်ခုဖြစ်တယ်လို့လည်း အစီရင်ခံစာက ထောက်ပြထားပါတယ်။
ပုံစာ – ၂၀၂၆ ခုနှစ် မေလအတွင်း စစ်အုပ်စု၏ စစ်ကြောင်းထိုးမှုကြောင့် ပေါက်မြို့နယ်မှ ပြည်သူများ ဘေးလွတ်ရာ တိမ်းရှောင်နေကြစဉ်/ ပုံ – ပေါက်လူသားစာနာ





