ကယ်ဖို့ခက်တာကြောင့် ကချင်အပါအဝင် မြန်မာနိုင်ငံထဲက အနီရောင်အဆင့်သတ်မှတ်ထားတဲ့ ဒေသတွေကို မသွားဖို့ ထိုင်ဝမ်သတိပေး

2

 

အောက်တိုဘာ၊ ၇

မြန်မာနိုင်ငံက ကျားဖြန့်စခန်းတွေအပါအဝင် အနီရောင်အဆင့်အဖြစ်သတ်မှတ်ထားတဲ့ဒေသတွေကို မသွားကြဖို့ ထိုင်ဝမ်ပြည်သူတွေကို ထိုင်ဝမ်အစိုးရက သတိပေးလိုက်ပါတယ်။

“မိမိတို့ရဲ့ မိသားစု ဒါမှမဟုတ် မိတ်ဆွေတွေထဲမှာ အဲဒီဒေသတွေကို သွားဖို့ အတင်းအကျပ် ကြိုးစားနေသူတွေရှိရင် မိမိကိုယ်တိုင်နဲ့ မိသားစုအတွက် မလိုလားအပ်တဲ့ ဒုက္ခတွေ မကြုံရအောင် မဖြစ်မနေ မသွားကြဖို့ အစွမ်းကုန် တားဆီးဖျောင်းဖျပေးကြပါ” လို့ ထိုင်ဝမ်ရဲ့ အရှေ့အာရှနဲ့ ပစိဖိတ်ရေးရာ ဌာနခွဲ ညွှန်ကြားရေးမှူးချုပ် မိုက်ကယ်လင်းက ပြောပါတယ်။

မနေ့ကပြုလုပ်တဲ့ ထိုင်ဝမ်နိုင်ငံခြားရေးဌာနရဲ့ သတင်းစာရှင်းလင်းပွဲမှာ မိုက်ကယ်လင်းက အဲဒီလို ပြောခဲ့တာဖြစ်တယ်လို့ ထိုင်ဝမ်တိုင်မ်းသတင်းဌာနက ဒီနေ့ ဖော်ပြလာတာပါ။

ထိုင်ဝမ်အစိုးရဟာ မြန်မာကို ဧပြီလ ၇ ရက်နေ့ကတည်း အဆင့် ၄ – အနီရောင် အဖြစ် သတ်မှတ်ထားတာကြောင့် တတ်နိုင်သမျှ မြန်မြန် ထွက်ခွာကြဖို့ ပြောထားပြီးသား ဖြစ်တယ်လို့လည်း မိုက်ကယ်လင်းက ပြောပါတယ်။

ထိုင်ဝမ်အစိုးရရဲ့ ထုတ်ပြန်ထားချက်အရတော့ ကချင်ပြည်နယ်အပါအဝင် တိုင်းနဲ့ဒေသကြီး ၁၄ ခုက ဒေသတော်တော်များများကို အနီရောင်အဆင့်သတ်မှတ်ထားတာပါ။

“မြန်မာနိုင်ငံမှာ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းတွေနဲ့ စစ်အုပ်စုကြား လက်နက်ကိုင် ပဋိပက္ခတွေ အများအပြား ဖြစ်နေတာကြောင့် အရေးပေါ် အခြေအနေ ဖြစ်လာရင် ကယ်ဆယ်ရေး လုပ်ငန်းတွေ ဆောင်ရွက်ဖို့ အလွန်ခက်ခဲလိမ့်မယ်” လို့ မိုက်ကယ်လင်းက ပြောပါတယ်။

မနေ့ကပြုလုပ်ခဲ့တဲ့ သတင်းစာရှင်းလင်းပွဲမှာတော့ မိုက်ကယ်လင်းက စစ်အုပ်စုရဲ့ ကျောက်တော်ကို ဗုံးကြဲတဲ့ဖြစ်စဉ်အကြောင်း ထည့်သွင်းပြောကြားခဲ့သလို အဲဒီဖြစ်စဉ်မှာ ထိုင်ဝမ်နိုင်ငံသားတွေ သေဆုံးတာမရှိခဲ့ဘူးလို့လည်း ပြောခဲ့ပါသေးတယ်။

လက်ရှိအချိန်မှာတော့ နိုင်ငံအများအပြားဟာ မြန်မာနိုင်ငံထဲက ဒေသတော်တော်များများကို အန္တရာယ်ရှိတဲ့ ဒေသတွေအဖြစ်သတ်မှတ်ထားပြီး သူတို့နိုင်ငံသားတွေကို အဲဒီနေရာတွေကို မသွားကြဖို့ သတိပေးထားကြတာ ဖြစ်ပါတယ်။

 

 

LEAVE A REPLY

Please enter your comment!
Please enter your name here