အောက်တိုဘာ၊၈
ကချင်ပြည်နယ်ထဲက လူဦးရေ တစ်သန်းနီးပါး (၈၁၀,၀၀၀) လောက်ဟာ ဘက်စုံဆင်းရဲနွမ်းပါးသူတွေ ဖြစ်နေကြပြီလို့ ကုလသမဂ္ဂ ဖွံ့ဖြိုးမှုအစီအစဉ် (UNDP) ရဲ့ ဒီနေ့ထုတ်ပြန်တဲ့ အစီရင်ခံစာအရ သိရပါတယ်။
UNDP က“ဆင်းရဲနွမ်းပါးမှု အလွှာများ – မြန်မာနိုင်ငံ၏ ဘက်စုံ ဆင်းရဲနွမ်းပါးမှု” (Layers of Deprivation: Multidimensional Poverty in Myanmar) ဆိုတဲ့ မြန်မာနိုင်ငံနဲ့ပတ်သက်တဲ့ အစီရင်ခံစာမှာ ကချင်ပြည်နယ်အကြောင်း ထည့်သွင်းဖော်ပြထားတာပါ။
ကချင်ပြည်နယ်ဟာ တခြားတိုင်းနဲ့ပြည်နယ်တွေနဲ့ယှဉ်ရင် လူဦးရေနည်းပါးပေမဲ့ ဘက်စုံဆင်းရဲနွမ်းပါးမှု မြင့်တက်တဲ့ ပြည်နယ်ထဲ ပါဝင်နေတယ်လို့ ဆိုပါတယ်။
ပြည်နယ်လူဦးရေ ၂ သန်းလောက်ရှိတဲ့အနက် လူဦးရေရဲ့ ၄၀ ရာခိုင်နှုန်းကျော်ဟာ ဘက်စုံဆင်းရဲနေတာ ဖြစ်ပြီး လူဦးရေနည်းတဲ့ တိုင်းနဲ့ပြည်နယ်ဒေသတွေထဲ ဆင်းရဲမှုက အဆင့် ၃ နေရာမှာ ရှိနေတာ ဖြစ်ပါတယ်။
ဘက်စုံဆင်းရဲနွမ်းပါးမှုကို တိုင်းတာတဲ့အချိန်မှာတော့ ပညာရေး၊ ကျန်းမာရေးနဲ့ လူနေမှုအဆင့်အတန်း တို့ကိုကြည့်ပြီး တိုင်းတာထားတာလို့ UNDP က ဆိုပါတယ်။
ကချင်ပြည်နယ်ကပြည်သူတွေ ဆင်းရဲရတဲ့အကြောင်းကိုတော့ ပဋိပက္ခတွေရဲ့ ရိုက်ခတ်မှုတွေနဲ့ ပထဝီဝင်အနေအထားအရ အထီးကျန်မှုကြောင့်လို့ UNDP က ဖော်ပြထားပါတယ်။
နိုင်ငံထဲ ဆင်းရဲနွမ်းပါးမှု အမြင့်ဆုံးပြည်နယ်ကတော့ ရခိုင်ပြည်နယ်ဖြစ်ပြီး ပြည်နယ် လူဦးရေရဲ့ ၆၈ ရာခိုင်နှုန်း ( ၁ ဒသမ ၆ သန်း) ကျော်ဟာ ဘက်စုံဆင်းရဲနွမ်းပါးနေတယ်လို့ ဆိုပါတယ်။
တစ်နိုင်လုံးအနေအထားနဲ့ ကြည့်မယ်ဆိုရင်လည်း မြန်မာနိုင်ငံက လူ ၃ ယောက်မှာ ၂ ယောက်နှုန်း ဆင်းရဲနေတာ ဒါမှမဟုတ် အကျပ်အတည်း တစ်ခု ကြုံတာနဲ့ ဆင်းရဲနွမ်းပါးမှုထဲကို ကျရောက်လုနီးပါး ဖြစ်နေတာကိုတွေ့ရတယ်လို့ UNDP က ဒီနေ့ထုတ် အစီရင်ခံစာမှာ သတိပေးထားပါတယ်။






