အောက်တိုဘာ၊ ၉
ကချင်ပြည်နယ်မှာ ၂၀၀၁ ခုကနေ ၂၀၂၅ အထိ သစ်တောဖုံးလွှမ်းမှုဧကပေါင်း ၁၄ သိန်းကျော် ပျက်စီးခဲ့တယ်လို့ ပတ်ဝန်းကျင်ထိန်းသိမ်းရေးနဲ့ပတ်သက်ပြီး ကမ္ဘာလုံးဆိုင်ရာ အချက်အလက်တွေကို စောင့်ကြည့်နေတဲ့ Global Nature Watch (GNW) ရဲ့ ဖော်ပြချက်အရ သိရပါတယ်။
အဲဒီထဲက ၄၁ ရာခိုင်နှုန်းဟာ ပင်မသစ်တောကြီး ဆုံးရှုံးမှုပမာဏဖြစ်ပြီး ဧကပေါင်း ၅ သိန်း ၆ သောင်း ကျော် ရှိတယ်လို့ သိရပါတယ်။
သစ်တောပြုန်းတီးရတဲ့အကြောင်းတွေကတော့ အမြဲတန်းစိုက်ပျိုးရေးအတွက် နယ်မြေချဲ့တာ၊ သယံဇာတတူးဖော်တာနဲ့ လူနေအိမ်ခြေတွေတိုးချဲ့လာတာတွေအပြင် သဘာဝဘေးနဲ့ တောမီးလောင်တာတွေကြောင့်လည်း ပါဝင်တယ်လို့ ဆိုပါတယ်။
အခုနှစ် စက်တင်ဘာလ ၃၀ ရက်ကနေ ပြီးခဲ့တဲ့ အောက်တိုဘာလ ၇ ရက်နေ့အထိဆိုရင်လည်း ကချင်ပြည်နယ်မှာ သစ်တောပြုန်းတီးမှု သတိပေးချက် စုစုပေါင်း ၆,၄၆၂ ခုရှိနေတယ်လို့ သိရပါတယ်။
GNW ရဲ့ ဖော်ပြထားချက်အရ ကချင်ပြည်နယ်ထဲ သစ်တောဖုံးလွှမ်းမှုဧရိယာ အများဆုံး ဆုံးရှုံးနေတဲ့ဒေသတွေအဖြစ် မြစ်ကြီးနား၊ ဖားကန့်၊ ဗန်မော်၊ ပူတာအို၊ မိုးညှင်း၊ ဟိုပင်၊ မိုးကောင်းအပြင် ဆွမ်ပရာဘွမ်နဲ့ အင်ဂျန်းယန်ကြားထဲက ဒေသတွေဖြစ်နေတာကို တွေ့ရပါတယ်။
ကချင်ပြည်နယ်မှာ သစ်တောဖုံးလွှမ်းမှု တိုးပွားလာတဲ့အခြေအနေကတော့ ၂၀ဝ၀ ပြည့်နှစ်ကနေ ၂၀၂၀ ပြည့်နှစ်အတွင်း ဧကပေါင်း ၁ သိန်း ၃ သောင်းကျော်ပဲရှိတယ်လို့ GNW က ဆိုပါတယ်။
တစ်နိုင်ငံလုံးအတိုင်းအတာအနေနဲ့တော့ ၂၀၀၁ ခုကနေ ၂၀၂၅ ခုနှစ်အထိ သစ်တောဖုံးလွှမ်းမှု ပမာဏဟာ ဧကပေါင်း ၁၃ သန်းကျော်ရှိနေတယ်လို့ သိရပါတယ်။






