ဆနီခူး ကျေးရွာစာသင်ကျောင်းဝင်းတွင် မြှုပ်ထားခဲ့သည့် စစ်ကောင်စီတပ်သား အလောင်းများအား နေရာရွှေ့ပေးစေလို

256
ဆီနီခူးကျေးရွာ-ချီဖွေ

စက်တင်ဘာ၊၁၆

ကချင်ပြည်နယ်၊ ဝိုင်းမော်-ချီဖွေသွားလမ်း ပေါ်မှာရှိတဲ့ ဆနီခူးကျေးရွာ စာသင်ကျောင်းဝင်းထဲမှာ မြှုပ်နှံထားတဲ့ စစ်ကောင်စီ အလောင်းတွေကို နေရာရွှေ့ပေးဖို့ ကျေးရွာဒေသခံများက ပညာရေးမှူးရုံးမှာ စာတင်ထားတယ်လို့ သိရပါတယ်။

တိုက်ပွဲအတွင်း သေဆုံးသွားတဲ့ စစ်ကောင်စီအလောင်း (၃)လောင်း ကို စက်တင်ဘာလ (၉) ရက်နေ့က ဆနီခူးကျေးရွာ စာသင်ကျောင်းမှာ မြုပ်နှံထားတာကြောင့် ကျောင်းပိတ်ထားရတာ တစ်ပတ်လောက် ရှိပြီဖြစ်ပြီး အလောင်းတွေကို နေရာရွှေ့ပေးဖို့ စာတင်ထားတာဖြစ်ကြောင်း ဆနီခူးဒေသခံတစ်ဦးက မြစ်ကြီးနားသတင်းဂျာနယ်ကို ပြောပါတယ်။

အခုက မရွှေ့သေးဘူး။ စာကလည်းမနေ့ကမှ ထည့်နိုင်တယ် ပညာရေးရုံးကို။သူတို့တွေဘယ်လို့ဆက်လုပ်သွားမယ် ဆိုတာတော့ သူတို့အပိုင်းပေါ့။ကျွန်တော်တို့က ရွာရဲ့ကျောင်းအတွက်အနေနဲ့ပဲ တင်သွင်းထားတာပေါ့။ အလောင်းက အဲဒီနေ့ကပစ်ခတ်ကြပြီး နောက်တစ်နေ့လာမြှုပ်သွားတာ။ကျောင်းကတော့ မဖွင့်သေးဘူး။ ” လို့ ဒေသခံက ဆိုပါတယ်။

KIA နဲ့နီးစပ်တဲ့ သတင်းရင်းမြစ်တစ်ဦးကလည်း စစ်ကောင်စီ စစ်ကြောင်းကို တပ်ရင်း(၃)က စောင့်ကြိုတိုက်ခိုက်ခဲ့ပြီးနောက် ဒဏ်ရာရသူတွေကို ကားနဲ့သယ်သွားပြီး သေဆုံးသူ (၃) ယောက်ကို မြှုပ်နှံသွားခဲ့တယ်လို့လည်း ဆိုပါတယ်။

စစ်ကောင်စီတပ်ဖွဲ့ အင်အား (၅၀) ခန့်ဟာ စက်တင်ဘာလ (၈) ရက်နေ့က ဝိုင်းမော်မြို့မှ ချီဖွေဘက်ကို ငှက်ပျောတင်ကားနဲ့ တက်လာချိန် ဆနီခူးရွာထိပ်မှာ KIA ကနေ စောင့်ကြိုတိုက်ခိုက်ခဲ့တာ ဖြစ်ပါတယ်။

ဆနီခူးကျေးရွာဟာ ဝိုင်းမော်မြို့နဲ့ မိုင် (၃၀) လောက် ကွာဝေးတာလည်း ဖြစ်ပါတယ်။

LEAVE A REPLY

Please enter your comment!
Please enter your name here