ဆွမ်ပရာဘွမ်တွင် ပိတ်မိနေသည့် ယာဉ်များအား ယနေ့နံနက်မှ စတင်ဖြတ်သန်းခွင့်ပြု

684

မတ်၊၃

ကချင်ပြည်နယ်၊ ဆွမ်ပရာဘွမ် မြို့တွင် ပူတာအိုဘက်သို့ သွားရန် စောင့်ဆိုင်းနေသည့် ယာဉ်အစီး(၁၀၀)ဝန်းကျင်ကို ယနေ့နံနက် (၈)နာရီ အချိန်၌ ဖြတ်သန်းခွင့်ပြုပြီ ဖြစ်ကြောင်း သိရသည်။

မြစ်ကြီးနားမှ ပူတာအိုသို့ တက်လာသည့် စက်သုံးဆီယာဉ်၊ ကုန်တင်ယာဉ်သာမက ခရီးသည်တင်ယာဉ် စုစုပေါင်း ယာဉ်အစီး (၁၀၀) ဝန်းကျင်နှင့် လူအယောက်(၂၀၀) ဝန်းကျင်ကို စစ်ကောင်စီတပ်ပေါင်းစုက မဖြတ်ခိုင်းသောကြောင့် စောင့်ဆိုင်းနေရာမှ ယနေ့ ဖြတ်သန်းခွင့် ပြုခဲ့ခြင်းဖြစ်သည်။

၎င်းတို့ထဲမှ အချို့ ခရီးသည်များသည် စောင့်ဆိုင်းနေရသည်မှာ (၁)ပတ်ဝန်းကျင် ရှိပြီဖြစ်ကြောင်းလည်း သိရသည်။

ဆွမ်ပရာဘွမ်ဂိတ်မှ ဖြတ်သန်းခွင့် ပြုလိုက်ပြီ ဖြစ်သော်လည်း မူလာရှီးဒီးဂိတ်တွင် ထပ်မံ၍ စောင့်ဆိုင်းရမည်ဟု ကြားသိနေရကြောင်း ဒေသခံတစ်ဦးက မြစ်ကြီးနားသတင်းဂျာနယ်သို့ ပြောသည်။

“ဒီမနက်(၈)နာရီကနေ ဖြတ်ခိုင်းပြီ။ မနေ့က မဖြတ်ခိုင်းတာက ဘာအကြောင်းပြချက်နဲ့တော့ မသိဘူး။ ဆွမ်ပရာဘွမ် ဂိတ်မှာ ပိတ်တာ။ မူလာရှီးဒီဂိတ်မှာရော မဖြတ်ခိုင်းဘူး။ ကားရော၊ ဆိုင်ကယ်ရော။ အဲဒီမှာ‌ ရော တစ်ခါ ရောက်ရင် ဘယ်လို ဖြစ်မလဲ မသိသေးဘူး။ မနက်ဖြန်လောက်မှ ကျော်လို့ရမယ်လို့ ပြောတယ်”ဟု ၎င်းက ဆိုသည်။

ပူတာအိုမြို့နယ်အတွင်း ကချင်လွတ်လပ်ရေးတပ်မတော် (KIA)၊PDF ပူးပေါင်းတပ်ဖွဲ့ဝင်များနှင့် စစ်ကောင်စီတို့ အကြား ဖေဖော်ဝါရီလဆန်းပိုင်းကတည်းက တိုက်ပွဲဖြစ်ပွါးနေပြီး မြို့အဝင်ဂိတ်များ ပိတ်ထားခဲ့ခြင်းကြောင့် စက်သုံးဆီပြတ်လပ်နေပြီး အခြေခံစားသောက်ကုန်များ စျေးနှုန်းမြင့်တက်နေခြင်း ဖြစ်သည်။

LEAVE A REPLY

Please enter your comment!
Please enter your name here