တစ်ကျော့ပြန်အသက်သွင်းဖို့ ကြိုးစားခြင်း

1004

အမေရိကန်နဲ့ ဗြိတိန်သံအမတ်တို့ မြစ်ကြီးနားမြို့ကို ၂၀၁၈ နှစ်ကုန်ပိုင်းက လာရောက်လည်ပတ်ပြီး နိုင်ငံတော်အစိုးရပိုင်း ခေါင်းဆောင်တွေနဲ့ ကချင်နိုင်ငံရေး ခေါင်းဆောင်တွေကို တွေ့ခဲ့ပြီးတဲ့နောက် တစ်ပတ်ကျော်အကြာမှာ တရုတ်သံအမတ်လည်း လာရောက်လည်ပတ်ခဲ့တာ ပရိသတ်အသိပဲ ဖြစ်ပါတယ်။

သံအမတ်တွေ လာရောက်လည်ပတ်တာကို ကျွန်တော်တို့အားလုံး ဂုဏ်ယူစွာ လက်ခံ ကြိုဆိုပါတယ်။ သို့သော် တရုတ်သံအမတ်ကြီး မြစ်ကြီးနားမြို့ကို လည်ပတ်ခဲ့ပြီးနောက် တရုတ်သံရုံးရဲ့ ဇန်နဝါရီလ ၁၄ ရက်နေ့ ထုတ်ပြန်ကြေညာချက်ထဲက “ကချင်ပြည်နယ် ဒေသခံ တိုင်းရင်းသား ပြည်သူများသည် မြစ်ဆုံရေအားလျှပ်စစ်စီမံကိန်းကို ဆန့်ကျင်ကန့်ကွက်မှု မရှိကြောင်း”ဆိုတဲ့ အဆိုကြောင့် လွန်စွာပဲ စိတ်မကောင်း ဖြစ်ရပြန်ပါတယ်။

ဒီ ထုတ်ပြန်ချက်နဲ့ ပတ်သက်ပြီး ကချင်နိုင်ငံရေး ခေါင်းဆောင်တွေက ဒီပြောဆိုချက်က မမှန်ကန်ကြောင်း၊ လွဲမှားတဲ့ ကောက်နုတ်ချက်နဲ့ ထုတ်ပြန်ချက်သာ ဖြစ်ပြီး၊ ကချင်ပြည်သူတစ်ရပ်လုံးက မြစ်ဆုံရေကာတာ ဆောက်လုပ်ရေးကို သဘောမတူကြောင်းနဲ့၊ တရုတ်-ကချင် အနာဂတ်ဆက်ဆံရေးကို ထိခိုက်နိုင်စေကြောင်း ဖြေရှင်းလို့ ပြောဆိုခဲ့ကြပါတယ်။

အရင် သမ္မတဟောင်း ဦးသိန်းစိန်က ၂၀၁၁ ခု စက်တင်ဘာ ၃၀ ရက်နေ့မှာ မြစ်ဆုံရေအားလျှပ်စစ် စီမံကိန်းကို ရပ်နားခဲ့တာ ဒီနေ့ ၇ နှစ် ကျော်ခဲ့ပြီး၊ တရုတ်သံရုံးရဲ့ ထုတ်ပြန်ကြေညာချက်ကြောင့် မြစ်ဆုံအရေးနဲ့ ပတ်သက်ပြီး အိပ်မောကျနေတဲ့ မြန်မာပြည်သူတွေကို ဒီနေ့ ဒီကြေညာချက်ကတစ်ဖန် လှုပ်နိူးလိုက်ပြီ ဖြစ်ပါတယ်။

ဒီနေ့ကမ္ဘာမှာ ၁၅ မီတာအမြင့် (လေးထပ်တိုက်ထက် မြင့်) ထက်ရှိတဲ့ ရေကာတာပေါင်း ၅၇၀ဝ၀ ရှိပြီး၊ တရုတ်နိုင်ငံမှာ ၂၂၀ဝ၀ ကျော် (ကမ္ဘာ့နံပါတ်တစ် ရေကာတာဆောက်လုပ်မှု)၊ လာအိုနိုင်ငံမှာ ၁၂ ခု၊ ထိုင်းနိုင်ငံမှာ ၂၆ ခု နဲ့ မြန်မာနိုင်ငံမှာ ၂၆၀ လောက်ထိရှိလာနိုင်ပြီး၊ အဲ့ဒီကမှ ကချင်ပြည်နယ်မှာ ၃၉ ခုလောက်ထိ ဆောက်လုပ်သွားနိုင်တယ်လို့ စစ်တမ်းတွေက ဆိုပါတယ်။

ဒီနေ့ မြန်မာလူထုတစ်ရပ်လုံး စိုးရိမ်နေကြတာက မေခ၊ မလိခနဲ့ ဧရာဝတီမြစ်တွေပေါ်မှာ ဆောက်လုပ်သွားမယ့် ရေကာတာပေါင်း ၇ ခုထဲက မြစ်ဆုံဆိုတဲ့ ရေကာတာကြီးကိုပါ။ ဒီ မြစ်ဆုံရေကာတာကြီးက လာအိုမှာ ဇူလိုင် ၂၀၁၈ ခုနှစ်က ကျိုးပေါက်လို့ လူပေါင်း ၄၀ သေဆုံးပြီး၊ ၁၁၀ဝ ကျော် ပျောက်ဆုံးလို့၊ ၆၆၀ဝ ကျော် အိုးအိမ်မဲ့ခဲ့ရတဲ့  Saddle Dam D ရေကာတာထက် ၁၄ ဆကျော်ကြီးပါတယ်။

ရေကာတာအသေးလေးရဲ့ ပျက်စီးဆုံးရှုံးမှုတောင် ဒီလောက်များနေရင် ရေကာတာကြီးတွေရဲ့ ဆုံးရှုံးမှုဟာ အဆမတန်ဆိုတာ ဧကန်မလွဲပါဘူး။ မြစ်ဆုံရေကာတာရဲ့ ဆုံးရှုံးနိုင်ခြေက ဒါ့ထက်မကပဲ တစ်နိုင်ငံလုံး ဒုက္ခပင်လယ် ဝေသွားနိုင်ပါတယ်။

ဒီနေ့ တရုတ်အစိုးရက နိုင်ငံတော်အစိုးရပိုင်း ခေါင်းဆောင်တွေနဲ့ ကချင်နိုင်ငံရေး ခေါင်းဆောင်တွေကို တွေ့ပြီး တစ်နိုင်ငံလုံး အပစ်အခတ်ရပ်စဲရေး၊ ဒုက္ခသည်များ မိမိတို့နေရပ်ကို စိုးရိမ်ကြောင့်ကြမှုကင်းစွာ ပြန်နိုင်ရေး၊ စီးပွားရေးတိုးတက်နိုင်တဲ့ အခွင့်အလမ်း စတာတွေကို အကောင်အထည်ဖော် လုပ်ဆောင်ပေးသွားမယ်ဆိုတဲ့ ကတိကဝတ်တွေ အပြင် အနောက်နိုင်ငံတွေနဲ့ ဆက်ဆံရေးတွေ သိပ်မလုပ်ဖို့နဲ့ အဲ့ဒီရဲ့ အကျိုးဆက်တွေကို ခံရနိုင်တယ်ဆိုတဲ့ ရာဇသံဆန်ဆန် ပြောဆိုမှုတွေနဲ့အတူ ရပ်ဆိုင်းထားတဲ့ မြစ်ဆုံရေကာတာဆောက်လုပ်ရေး ပြန်လည်အသက်သွင်းဖို့ ကြိုးစားလာနေတာကို ကချင်ပြည်သူများသာမက တစ်နိုင်ငံလုံးက ပြည်သူတွေ သေချာ စဉ်းစားအဖြေရှာဖို့ လိုနေပြီဖြစ်ကြောင်း မြစ်ကြီးနားသတင်းဂျာနယ်မှ တင်ပြလိုက်ရပါတယ်။

မြစ်ကြီးနားသတင်းဂျာနယ်

LEAVE A REPLY

Please enter your comment!
Please enter your name here