ဇွန် ၁၄
တစ်သျှူးငှက်ပျောခြံများ တိုးချဲ့စိုက်ပျိုးခြင်း မပြုရန် အစိုးရက တားမြစ်ထားသော်လည်း ဗန်းမော်ခရိုင်၊ ဒေါ့ဖုန်းယန် မြို့နယ်တွင် တိုးချဲ့စိုက်ပျိုးမှုများ ရှိနေသည်ဟု ဒေသခံများထံမှသိရသည်။
ပန်းမြတ်မာလာ ကုမ္ပဏီက ဒေါ့ဖုန်းယန်မြို့နယ်၊ နမ့်ဂေါ၊ တာဆိုင်နှင့် ရှဒါန်ပါကျေးရွာ တစ်ဝိုက်တွင် ဆောင်ရွက်နေခြင်း ဖြစ်ကာ အချို့ကုမ္ပဏီများကလည်း မြေလွတ်မြေရိုင်း ဖော်ထုတ်ခွင့် ခွင့်ပြုချက် မကျသေးမီ လျှောက်ထားဆဲကာလတွင် မြေယာဖော်ထုတ်ခြင်း၊ ပြုပြင်ခြင်းလုပ်ငန်းများ ဆောင်ရွက်မှုကြောင့် ဒေသခံတို့နှင့် အငြင်းပွားကြသဖြင့် ဗန်းမော်ခရိုင် အထွေထွေအုပ်ချုပ်ရေးဦးစီးဋ္ဌာနက ငှက်ပျော တိုးချဲ့စိုက်ပျိုးမှုများ ဆက်လက်မဆောင်ရွက်ရန် မေလ ၂၄ ရက်နေ့က စာထုတ် တားမြစ်ခဲ့ကြောင်း သိရသည်။
သို့သော်လည်း ပန်းမြတ်မာလာကုမ္ပဏီက နမ့်ဂေါနှင့် ရှဒါန်ပါ ကျေးရွာများတွင် စိုက်ပျိုးနေသည်ဟု အမည်မဖော်လိုသည့် ဒေသခံတစ်ဦးက ဇွန်လ ၈ ရက်နေ့တွင် ရိုက်ကူးထားသည့် သတင်းဓါတ်ပုံများကို မြစ်ကြီးနားသတင်းဂျာနယ်သို့ ပေးပို့ခဲ့သည်။
“ပန်းမြတ်မာလာကုမ္ပဏီက တရားမဝင် ဓာတ်မြေသြဇာတွေ၊ မြေဆီအိတ်တွေကို တွေ့တယ်။ နောက်ပြီးတော့ အဲဒီမှာ တရုတ်တွေ အများကြီး ရောက်နေတာလည်း တွေ့တယ်”ဟု အထက်ပါဒေသခံက ၎င်းမြင်တွေ့ခဲ့ရသည်များကို ပြောသည်။
စိုက်ပျိုးဧက များပြားသည့်အတွက် ဧကပေါင်း မည်မျှရှိသည်ကို ခန့်မှန်းနိုင်ခြင်းမရှိသော်လည်း ပန်းမြတ်မာလာ ကုမ္ပဏီမှ တစ်သျှူးငှက်ပျော စိုက်ပျိုးခြင်းလုပ်ငန်းများကို နေ့စဉ်လုပ်ကိုင်နေကြောင်း တာဆိုင်ကျေးရွာအုပ်ချုပ်ရေးမှူး ဦးအောင်မိုးက ပြောသည်။
“စိုက်ပျိုးတာကတော့ နေ့တိုင်းပဲ။ တာဆိုင်ရွာအနောက်ဘက် နန့်ဂေါနဲ့ တာဆိုင်ကြားမှာ”ဟု အုပ်ချုပ်ရေးမှူးက အတည်ပြုပြောကြားသည်။
မေလ ၁၅ ရက်နေ့က ကျင်းပခဲ့သည့် အမျိုးသားလွှတ်တော် အစည်းအဝေးတွင် “တစ်သျှူးငှက်ပျော ထပ်မံတိုးချဲ့ စိုက်ပျိုးခြင်းမပြုရန် တားမြစ်ထားသော ကချင်ပြည်နယ် အစိုးရအဖွဲ့၏ တားမြစ်ချက်ကို ဖောက်ဖျက်ပြီး တစ်သျှူးငှက်ပျောစိုက်ပျိုးနေသည့် သတ္တုတူးဖော်ရေးကုမ္ပဏီ အမည်ခံ ပန်းမြတ်မာလာ ကုမ္ပဏီကို အရေးယူပေးရန် အစီအစဉ်ရှိမရှိ”ကို မေးမြန်းခဲ့ရာတွင်လည်း တိကျသည့်ဖြေဆိုချက်များ မပါဝင်သည့်အပြင် အရေးယူရန်အတွက်လည်း မဖြေဆိုခဲ့ပေ။
အထက်ပါ အကြောင်းအရာများနှင့် ပတ်သက်ပြီး ပန်းမြတ်မာလာ ကုမ္ပဏီမှ ကိုရန်နိုင်မင်းဆိုသူထံ မြစ်ကြီးနားသတင်း ဂျာနယ်မှ ဖုန်းဖြင့် ဆက်သွယ်ခဲ့ရာ ယင်းကိစ္စနှင့် ပတ်သက်ပြီး သက်ဆိုင်ရာ ခရိုင်မြို့နယ်မှ စိစစ်လျက်ရှိကြောင်း ဖြေကြားခဲ့ပြီး တစ်သျှူးငှက်ပျောစိုက်ပျိုးခြင်းနှင့်ပတ်သက်၍ နိုင်ငံတော်မှ ထုတ်ပြန်ထားခြင်း မရှိသဖြင့် တရားမဝင်စိုက်ပျိုးနေသည်ဟု စွပ်စွဲပြောဆိုနေကြခြင်းသာ ဖြစ်ကြောင်း ၎င်းက ဖြေကြားခဲ့သည်။
ပန်းမြတ်မာလာကုမ္ပဏီ ပိုင်ရှင်မှာ ဒေါ်ခေါန်မိုင် ဖြစ်ကြောင်းသိရပြီး ယင်းကုမ္ပဏီသည် တရားမဝင်မြေငှားရမ်းခြင်း၊ တရားမဝင်ဝယ်ယူခြင်းများ ပြုလုပ်ကာ တစ်သျှူးငှက်ပျောများ တိုးချဲ့ စိုက်ပျိုးခဲ့ခြင်းဖြစ်သည်ဟု ဒေသခံများက ပြောကြသည်။
စည်သူ(မြစ်ကြီးနား)







