ဇန်န၀ါရီ ၃၀
တပ်မတော်က တနိုင်းမြို့နယ် KIA တပ်ရင်း ၁၄ လက်အောက်ခံ ပေါက်ဝအခွန်ကြီးကြပ်ရေးဂိတ်မှ အမျိုးသမီးဝန်ထမ်းနှစ်ဦးအား ဖမ်းဆီးခေါ်ဆောင်သွားပြီးနောက်တွင် ၎င်းတို့နှစ်ဦးကို ကေအိုင်အေစစ်သမီး ဟုတ်မဟုတ် စစ်ဆေးကာ ပြန်လွှတ်ခဲ့ကြောင်း သိရသည်။
၎င်းတို့နှစ်ဦးမှာ တနိုင်းမှမဆိုင်းအိန်နှင့် ဟိုပင်မှ မဂျာမိုင်တို့ဖြစ်ကြပြီး တက္ကသိုလ်နောက်ဆုံးနှစ် ကျောင်းသူများဖြစ်၍ ကျောင်းပိတ်ချိန် ၀င်ငွေရရှိရန် ထိုပေါက်ဝ KIA ဂိတ်တွင် အလုပ်ဝင်ရောက် လုပ်ကိုင်ခြင်းဖြစ်သည်ဟု မဂျာမိုင်ကပြောသည်။
“စစ်ဗိုလ်လားတော့ မသိဘူး။ ကျမတို့နှစ်ယောက်ကို ကေအိုင်အေ စစ်သမီးတွေလား၊ စစ်သားမိန်းမတွေလားဆိုပြီးမေးတယ်။ ကျွန်မတို့က အဲဒါတွေ မဟုတ်ကြောင်း၊ ကျောင်းစရိတ်ရဖို့ ပိုက်ဆံလာရှာတာဖြစ်ကြောင်း ရှင်းပြတော့ နာမည်တွေ၊ အိမ်လိပ်စာတွေမေးပြီး ကြိုးတုပ်လျက်နဲ့ ပေါက်ဝရွာဘက်ကို ပြန်ခေါ်လာပေးတယ်။ နောက်တော့ ဗျူဟာမှူးက ကျွန်မတို့ကို အိနြေ္ဒမပျက်စေရဘူး။ အသက်လည်း မဆုံးစေရဘူး။ မိသားစုနဲ့လည်း ပြန်ဆုံရမယ် ငါအာမခံတယ်လို့ ပြောတယ်”ဟု ၎င်းတို့က ရှင်းပြသည်။
၎င်းတို့အား စစ်ဆေးမေးမြန်းပြီးနောက် ဇန်န၀ါရီလ ၂၉ ရက် နေ့လယ် ၁ နာရီခန့်တွင် ၎င်းတို့နှစ်ဦးအား ငွေကျပ်တစ်သိန်းစီပေး၍ ပယင်းမှော်မှထွက်လာကြသူအချို့နှင့်အတူ ပြန်လွှတ်ပေးခဲ့ကြောင်း သိရသည်။
မဆိုင်းအိန်နှင့် မဂျာမိုင်သည် ဒီဇင်ဘာလမှစတင်ပြီး ကေအိုင်အေအခွန်ကြီးကြပ်ရေးဂိတ်သို့ ရောက်ရှိနေခြင်းဖြစ်ကြောင်း၊ ထိုဂိတ်တွင် အလုပ်လုပ်ကိုင်သည့် ၀န်ထမ်းများအားလုံး တစ်လလျှင် ငွေကျပ် ၁၂၀၀၀၀ လုပ်ခလစာရကြောင်း သိရသည်။
လက်ရှိအချိန်တွင် တပ်မတော်နှင့် ကေအိုင်အေတပ်ဖွဲ့အကြား ပြင်းထန်သည့်တိုက်ပွဲများ နေ့စဉ်ဖြစ်ပွားနေပြီး ကေအိုင်အေ တပ်ရင်း ၁၄ နယ်မြေတွင် တပ်မတော်က စစ်ကြောင်း ၇ ကြောင်းရှိသော စစ်အင်အားများနှင့် နေ့စဉ်လှုပ်ရှားတိုက်ခိုက်နေကြောင်း သိရသည်။
လဖိုင်လု







