တရုတ်တွဲကားကြီးများ ပိုင်ရှင်မဲ့ဖြစ်သွားသည့်အရေး ပြည်ထောင်စုအဆင့်သို့ တင်ပြထား

22824

မြစ်ကြီးနား၊ စက်တင်ဘာ ၁၈

တရုတ်နိုင်ငံမှ ကချင်ပြည်နယ်အတွင်းသို့ တရားမဝင် ဝင်ရောက်လာမှုဖြင့် ဖမ်းဆီး ထားသည့် ကားကြီး ၃၁ စီးအနက် ပိုင်ရှင်မဲ့ဖြစ်သွားသော တွဲကားများနှင့်ပတ်သက်ပြီး မည်သို့ ဆက်လက်ဆောင်ရွက် ရမည်ကို ပြည်ထောင်စုအစိုးရ၏ လမ်းညွှန်^အကြံပြုချက် စောင့်ဆိုင်းနေကြောင်း သိရသည်။

ဖမ်းဆီးစဉ်က တွေ့ရှိခဲ့သည့်  တွဲကား ၃၁ စီးအနက်  တရားဝင်ခွင့်ပြုချက်စာရွက်စာတမ်းပါသော ကား ၆ စီးသာပါဝင်ကြောင်း၊ ဖမ်းဆီးရမိသည့် ကားသမား၈ဦးတွင် နှစ်ဦးသည် တရားမဝင်  ဝင်ရောက်လာသူများဖြစ်ကြောင်း စစ်ဆေးပေါ်ပေါက်သဖြင့် လဝကဥပဒေအရ ဖမ်းဆီးအရေးယူခဲ့သည်ဟု သိရသည်။

ယင်းအမျိုးသားနှစ်ဦးကို နှစ်နိုင်ငံနယ်စပ်ကုန်သွယ်စီးဆင်းမှု အားကောင်းစေရေးအတွက် နှစ်နိုင်ငံလဝကဥပဒေအရ စက်တင်ဘာလ ၁၄ ရက်တွင် တစ်ဦးလျှင် ငွေဒဏ် ကျပ် ၁၀ သိန်းစီ အမိန့်ချမှတ်ကာ ပြည်နှင်ဒဏ်ပေးလိုက်သည်ဟုလည်း ဆိုသည်။

တရားမဝင် ကား ၂၃ စီးနှင့် သယ်ဆောင်လာသည့် မြေသြဇာ၊ ပိုးသတ်ဆေး၊ ပေါင်းသတ်ဆေးများ တင်ဆောင်မောင်းနှင်လာသည့် ယာဉ်မောင်းများ ထွက်ပြေးတိမ်းရှောင်သွားသည့်အတွက် ပိုင်ရှင်မဲ့ ဖြစ်သွားကြောင်း၊ တရုတ်နိုင်ငံ၏ မည်သည့်ကုမ္ပဏီမှ ထုတ်လုပ်ပြီး မည်သည့်ကုမ္ပဏီမှ တင်သွင်းကာ မည်သည့်ငှက်ပျောစိုက်ခင်းကုမ္ပဏီအတွက် သယ်ဆောင်လာသည်ကိုလည်း မသိရဟု ပြည်နယ်အစိုးရ တာဝန်ရှိသူတစ်ဦးက ပြောသည်။

သယ်ဆောင်လာသည့် ကုန်ပစ္စည်းများမှာ ဓာတ်မြေသြဇာ ၂၃၂၄၁ အိတ်၊ အရည် ၁၀၈၀ ဘူး၊ ပေါင်ဒါမှုန့်တစ်ထုတ်ရှိပြီး ပစ္စည်းအားလုံးပေါင်း ၁၀၇၅၃၀ ကီလိုဂရမ်၊ ကားအစီးရေ ၂၆ စီးကို ဖမ်းဆီးရမိခဲ့ကြောင်း၊ ဓာတ်မြေသြဇာ၊ ပိုးသတ်ဆေး၊ မှိုသတ်ဆေး၊ ပေါင်းသတ်ဆေး၊ အပင် အားဆေးစသော စိုက်ပျိုးရေးသုံးပစ္စည်း အမျိုးအစား စုစုပေါင်း ၄၅ မျိုးနှင့် ရေပိုက်ကဲ့သို့သော ဆက်စပ် ပစ္စည်းစုစုပေါင်း ၂၇ မျိုးကို တွေ့ရှိခဲ့ကြောင်း သိရသည်။

ယင်းပစ္စည်းများကို ပြည်နယ်အစိုးရမှ ဘဏ္ဍာရေးဝန်ကြီး ဦးဝေလင်းဦးဆောင် ဖမ်းဆီး၍ ဖွင့်ဖောက်စစ်ဆေးချိန်တွင် ကချင်ပြည်နယ်ရဲတပ်ဖွဲ့၊ ပြည်နယ်အကောက်အခွန်၊ အလုပ်သမားနှင့် လူဝင်မှု ကြီးကြပ်ရေးဦးစီးဌာန၊ ပြည်နယ်စိုက်ပျိုးရေးဦးစီဌာန၊ ပြည်နယ်ကုန်းလမ်းပို့ဆောင်ရေး ညွှန်ကြားရေးမှူး၊ ပြည်နယ်အစိုးရအဖွဲ့ရုံးမှ တာဝန်ရှိသူများ၊ မြစ်ကြီးနားခရိုင် အထွေထွေအုပ်ချုပ်ရေးဦးစီဌာန၊ စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီး ဦးဝေလင်းတို့မှ စောင့်ကြည့်ခဲ့ကြောင်းသိရသည်။

“ကားတစ်စီးချင်းစီရဲ့ ပါဝင်လာတဲ့ပစ္စည်းနဲ့ စစ်ဆေးတွေ့ရှိချက်များ အားလုံးကို  ပြည်ထောင်စု အစိုးရဆီ တင်ပြသွားမှာ ဖြစ်တယ်။ ဓာတ်ခွဲစမ်းသပ်ပြီး ရရှိလာတဲ့အဖြေပေါ်မူတည်ပြီး ပြည်ထောင်စု အစိုးရ၏ လမ်းညွှန်ချက်နဲ့အညီ သုံးလို့မရဘူးဆိုရင် ဖျက်ဆီးပါဆိုရင်ဖျက်ဆီးမယ်။  ပြည်သူတွေကို လေလံတင်စနစ်နဲ့ရောင်းပါဆိုရင်လည်း ရောင်းချပေးသွားမှာဖြစ်ပါတယ်”ဟု ဝန်ကြီးဦးဝေလင်းက ပြောသည်။

ဖမ်းဆီးထားသော ယင်းပစ္စည်းများ ပျက်စီးပျောက်ရှခြင်းမရှိအောင် မြစ်ကြီးနားနှင့် ဝိုင်းမော်မြို့တို့ တွင် တရားမဝင် ကုန်ပစ္စည်း တားဆီးနှိမ်နှင်းရေးအထူးအဖွဲ့မှ တာဝန်ယူထိန်းသိမ်းထားကြောင်း သိရသည်။

အဆိုပါ တရားမဝင်ပစ္စည်းများသည် ကံပိုင်တီနယ်စပ်ကုန်သွယ်ရေးဂိတ်မှ ဝင်ရောက်လာခြင်း မဟုတ်ဘဲ ဥမင်လှိုဏ်ဂူ အပေါ်ဘက် တောင်ကိုကျော်ကာ စုပေါင်းဂိတ်ကိုရှောင်းကွင်းပြီး ကန်ပိုင်တီမြို့ အထက်ဘက်ရှိ ရွာလမ်းဘက်မှ ရှောင်ကွင်းဝင် ရောက်လာကြောင်းသိရသည်။

သို့သော် ထိုသို့ဝင်ရောက်လာခြင်းကို မသိလိုက်သော ကန်ပိုင်တီနယ်စပ်ဂိတ်တွင် တာဝန် ကျနေသည့် စုပေါင်းအဖွဲ့ ၆ ဖွဲ့မှ တာဝန်ခံ ၆ ဦးနှင့် ၁၃ ကီလိုမိတာ(ချီဖွေလမ်းခွဲ)တွင် တာဝန် ထမ်းဆောင်နေသည့် ရဲတပ်ဖွဲ့၊ လဝက၊ တိမွေးကုမှ တာဝန်ရှိသူ ၃ ဦးနှင့် တရုတ်နိုင်ငံသား အမျိုးသား ၈ ဦး၊ စုစုပေါင်း ၁၇ ဦးကို အထူးတရားမဝင်ကုန်ပစ္စည်းတားဆီးနှိမ်နှင်းရေးအဖွဲ့မှ ခေါ်ယူစစ်ဆေးခဲ့သည်။

ကချင်ပြည်နယ်အတွင် တရားဝင်ကုန်သွယ်ရေးလမ်းကြောင်းဖြစ်သည့် လွယ်ဂျယ်ဂိတ်နှင့် ကန်ပိုင်တီဂိတ်နှစ်ခုမှ တရားမဝင်မှောင်ခိုပစည်းများ ဆက်လက်တင်သွင်းခြင်း မရှိစေရန် သက်ဆိုင်ရာဌာန အသီးသီးမှ အစိုးရအဖွဲ့၏ ဦးဆောင်မှုအဖြစ် ပူးပေါင်းပါဝင်မှသာလျင် တားဆီးထိန်းချုပ်လာနိုင်မည် ဖြစ်ကြောင်း ဦးဝေလင်းက အကြံပြုပြောကြားခဲ့သည်။

ပြည်နယ်အတွင်း တရားမဝင်ကုန်ပစ္စည်းများ ဝင်ရောက်မှု ဆက်လက်တားဆီးနိုင်ရေးအတွက်  ခရိုင်အဆင့် တရားမဝင် ကုန်ပစ္စည်းတားဆီးနှိမ်နှင်ရေး(အထူး)အဖွဲ့ကို ဖွဲ့စည်းထားပြီးဖြစ်ရာ ယင်းအဖွဲ့မှ အထူးကြပ်မတ်ဆောင်ရွက်သွားမည် ဖြစ်ကြောင်းနှင့် ဝင်ရောက်မှုရှိပါက တွေ့ရှိချက်များအားလုံးကို တစ်လတစ်ကြိမ်တင်ပြသွားရန် မှာကြားထားကြောင်း သိရသည်။

မွန်းမွန်းပန်

LEAVE A REPLY

Please enter your comment!
Please enter your name here