တရုတ်နိုင်ငံကို တင်ပို့နိုင်ခြင်း မရှိတော့သည့်အတွက် ဖရဲသီးဈေးကွက်ပျက်

885

မေ ၁၁

ရာသီပေါ်သီးနှံ ဖြစ်သော ဖရဲသီးများသည် Covid-19ကာလအတွင်း တရုတ်နိုင်ငံကို တင်ပို့နိုင်ခြင်း မရှိတော့သည့်အတွက် မြို့တွင်း ဈေးကွက်တွင် အသီးတင်ပို့မှုများ ပေါများလာပြီး ဖရဲသီးဈေးသည်များ အခက်အခဲဖြစ်နေကြောင်း သိရသည်။

ပုံမှန်နှစ်များတွင် ဝိုင်းမော်မြို့နယ်ဖက်မှ မြေငှားရမ်းကာ လာရောက်စိုက်ပျိုးသည့် တရုတ် ဖရဲသီးများကို နယ်စပ်ဂိတ်များမှ တရုတ်နိုင်ငံကို အမြောက်အမြားတင်ပို့ပြီး အနည်းအကျဉ်းသာ မြို့တွင်းဈေးကွက်သို့ ရောက်ကြရခြင်းဖြစ်သော်လည်း ယခုနှစ်တွင် နယ်စပ်ဂိတ်များ ပိတ်လိုက်ခြင်းကြောင့် မြို့တွင်း ဈေးကွက်များတွင် ပေါများနေရခြင်း ဖြစ်သည်။

ယင်းကဲ့သို့ ပြည်ပကို တင်ပို့ခွင့် မရှိခြင်းကြောင့် စိုက်ခင်းမှ မြို့တွင်းဆိုင်များသို့ တိုက်ရိုက်တင်ပို့မှုများ ရှိနေပြီး၊ မြို့တွင်းပုံမှန်ဒိုင်များမှ လက်ကားလာရောက်ဝယ်ယူသူများ နည်းပါးလာကြောင်း ဖရဲသီးဒိုင် ဒေါ်တင်မာဦးက ပြောသည်။

“ရောင်းကွက်ကလည်း အဆင်မပြေတော့ဘူးလေ။ တရုတ်သီးက တအားပေါတော့၊ အရင်နှစ်တွေကတော့ အန်တီတို့က သူတို့ဆီက ဝယ်လို့မရဘူးလေ အသီးရှားတယ်။ ဒီနှစ်ကတော့ တရုတ်ပြည်ကို မပို့ရဘူး။ ပိတ်လိုက်တဲ့ အခါကျတော့ တအားပေါသွားတယ်။ ဆိုင်တိုင်းမှာလည်း ရှိတယ်။ ကိုယ့်ဆီ ငါးဆယ်တို့ တစ်ရာတို့ ယူတဲ့သူတွေကလည်း အခင်းကနေ တိုက်ရိုက်ပို့တော့ အန်တီတို့က သူတို့ကို ဖောက်သည် ပြန်ပို့လို့ မရတော့ဘူးလေ။ အခုအန်တီတို့က တစ်လုံးနှစ်လုံး စားဖို့လောက်ပဲ ရောင်းနေရတာပေါ့”ဟု ဒေါ်တင်မာဦးက ပြောသည်။

ထို့အပြင် ဖရဲသီးပေါ်စ အစောပိုင်းတွင် မြစ်ကြီးနားမြို့၏ ရာသီဥတုအခြေအနေကြောင့်လည်း လက်လီလာရောက် ဝယ်ယူသူနည်းပါးခဲ့ကြောင်း ဖရဲသီးဒိုင်တစ်ဦးဖြစ်သည့် ဒေါ်ခင်မြက ပြောသည်။

ယခင်နှစ်များတွင် တစ်ရက်လျှင် ဖရဲသီးရောင်းရငွေ သိန်းဂဏန်း ဝင်နေကျဖြစ်သော်လည်း ယခုနှစ် ဖရဲသီးဈေးကွက် ကျဆင်းမှုကြောင့် သောင်းငွေရောင်းရရန်ပင် ခက်ခဲနေရုံသာမက အမြောက်အမြား သိုလှောင်ထားသော အသီးများ ရက်လွန် ပုပ်သိုးလာခြင်းကြောင့်လည်း အရှုံးပေါ်ရန် အခြေအနေ ဖြစ်နေကြောင်း ဖရဲသီးသည်တစ်ဦး ဖြစ်သည့် ဒေါ်မီးမီးက ဆိုသည်။

“ဒီနှစ်ကတော့ ရောဂါဖြစ်တယ်ဆိုတော့ ရောင်းမှ မရောင်းရတာ။ လေးငါးထောင်ပဲ။ အသီးပုပ်တာ အခုမနက်ဆိုရင် ဆယ်လုံးလောက်ရှိတယ်။ အခုဆို အမြတ်မပြောနဲ့ အရင်းတောင် မရသေးဘူး”ဟု ဒေါ်မီးမီးက ပြောသည်။

နှစ်စဉ် ဖရဲသီးပေါ်သည့် ရာသီအတွင်း မြို့တွင်း ဖရဲသီးဒိုင်များသည် မိုးကောင်း၊ ကသာ စသည့် ပြည်တွင်းတွင် စိုက်ပျိုးသည့် အသီးနှင့် တရုတ်စိုက်ခင်းပိုင်ရှင်များမှ မြေငှားရန်းကာ လာရောက် စိုက်ပျိုးသည့် တရုတ်ဖရဲသီး ဆိုကာ နှစ်မျိုးနှစ်စား ရောင်းချလျက်ရှိကြောင်း သိရသည်။
Ann

LEAVE A REPLY

Please enter your comment!
Please enter your name here