ဧပြီ ၂၂
တရုတ်ပြည်တော်ပြန်များအား နေရပ်သို့ ပို့ဆောင်ပေးရာတွင် လမ်းခရီးကြား အဆင်မပြေမှုများ ရှိနေပြီး သက်ဆိုင်ရာအစိုးရအနေဖြင့် အမြန်ဆုံး ဖြေရှင်ပေးစေလိုကြောင်း ပြည်တော်ပြန်များအား ပို့ဆောင်ပေးနေသည့် ကာသမားများထံမှ သိရသည်။
ကားသမားများအနေဖြင့် တရုတ်နယ်စပ်ဂိတ် မှတဆင့် ပြည်တော်ပြန်များအား တင်ဆောင်ပေးရာတွင် လမ်းခရီးတစ်လျှောက် တရုတ်ငှက်ပျောကား၊ ဖရဲကားကြီးတွေများ ရှိနေသောကြောင့် ယာဉ်ကြောပိတ်ဆို့ပြီး ခရီးကြန့်ကြာမှုများ ရှိနေသဖြင့် ပြည်တော်ပြန် တင်ဆောင်သည့် ကားအဖြစ် သတ်သတ်မှတ်မှတ် သတ်မှတ်ပေးစေရန် တောင်းဆိုလျက်ရှိနေသည်။
”ကျွန်တော်တို့ဘက်က အကြံပေးချင်တာက သွားတဲ့အခါမှ အဆင်ပြေဖို့ပြောချင်တယ်။ တောင်ပေါ် ရောက်ရင်လည်း ကားကြီးတွေနဲ့ပိတ်၊ တစ်ချို့ကားသမားတွေနဲ့ရန်တွေဖြစ်၊ အဲဒီလိုအချိန် ကြန့်ကြာမှုတွေရှိတယ်။ ရှေ့ကနေ ပွိုင့် ပြေးနဲ့ဆိုရင်တော့ ကျွန်တော်တို့နောက်ကလိုက်ရုံပဲ အဆင်ပြေတယ်။ သတ်မှတ်ထားတဲ့ ကားဆိုရင်တော့ အရေးကြီးတယ်ဆိုပြီး ဖယ်ပေးမှာပေါ့။ အခုက အဲဒီလိုမရှိတော့ ကိုယ့်ကိုကိုယ်လမ်းရှင်းပြီး လာခဲ့ရတော့ အချိန်ကြန့်ကြာပြီး ခရီးမတွင်ဘူး။” ဟု အမည်မဖော်လိုသူ ကားသမားတစ်ဦးမှ ပြောသည်။
ပြည်တော်ပြန်များအား ပို့ဆောင်ပေးရာတွင် ကားခကို မူလသတ်မှတ်နှုန်းထက် လျော့ယူကြရပြီး သတ်မှတ်ထားသည့် နားနေစခန်းသို့ ရောက်ရှိချိန်တွင်လည်း ကားသမားများအတွက် နေရာထိုင်ခင်း စီစဉ်ထားပေထားခြင်း မရှိသောကြောင့် အခက်အခဲ ဖြစ်ရကြောင်းလည်း သိရသည်။
”ကျွန်တော်တို့အိမ်ပြန်တော့ မိသားစုကလည်း လက်မခံချင်ဘူး၊ ရပ်ကွက်ကလည်း လက်မခံချင်ဘူး။ အဆင်ပြေသလိုပဲ ဒီမှာပဲ နားလိုက်ရတယ်။ လမ်းမှာကတစ်နေရာမှ ဝင်နားလို့မှမရတာ။ ပြည်တော်ပြန်တွေကို ပဲတင်ခွင့်ရှိတယ်။ ဒီကခရီးသည်တင်ခွင့်မရဘူး။၏”ဟု အထက်ပါကားသမားမှ ဆိုသည်။
ယာဉ်ကြောပိတ်ဆို့မှုများ မရှိစေရန်အတွက် ပြည်တော်ပြန်များအား ပို့ဆောင်ပေးနေစဉ်အတွင်း တရုတ် ကုန်တင်ကားကြီးများ သွားလာမှုများကို ခေတ္တရပ်နားခိုင်းထားမည်ဖြစ်ကြောင်း ကချင်ပြည်နယ်အစိုးရအဖွဲ့ရုံးမှ ညွှန်ကြားရေးမှူး ဦးဇော်ဇော် ကပြောသည်။
”ပထမဆုံးရက်တော့ သတိလစ်ဟင်းသွားတော့ အဲဒီကားတွေနဲ့ သွားပိတ်သွားတယ်။ နောက်နေ့တော့ အဲဒီကားတွေကို အဆင်းရောအတက်ရော ပိတ်ထားပြီး ဖြေရှင်းပေးနေပါတယ်။”ဟု ဦးဇော်ဇော်က ရှင်းပြသည်။
လက်ရှိချိန်တွင် ပြည်တော်ပြန်များအား ဆက်တိုက် ပို့ဆောင်ပေးနေရသဖြင့် ကားသမားများအတွက် Quarantine ထားပေးရန် အခက်အခဲရှိနေသေးကြောင်း၊ ဦးဇော်ဇော်က ဆက်လက်ပြောသည်။
”ကားသမားတွေကို ကွာရန်တင်းထားရင် ပြည်တော်ပြန်တွေကို ပြန်ပို့ပေးနိုင်မှာ မဟုတ်ဘူး။ လွယ်ဂျယ်မှာပဲ ထောင်နဲ့ ချီပြီး ထားရတော့မယ်။ တဲတွေလည်း အချိန်မီ ဆောက်နိုင်မှာ မဟုတ်ဘူး။” ဟု ဦးဇော်ဇော်က ဆိုသည်။
ဧပြီလ ၂၀ရက်နေ့ထိ စာရင်းများအရ မြစ်ကြီးနား ကုန်တင်ကုန်ချစခန်းသို့ ရောက်ရှိခဲ့သည့် ပြည်တော်ပြန်ဦးရေ ၁၃၀၀ ကျော် ရှိနေပြီး ကချင်ပြည်နယ်အပါအဝင် အခြားတိုင်းနှင့် ပြည်နယ်အသီးသီးမှ ပါဝင်ကြောင်းလည်း သိရသည်။
Ann







