တိုက်ပွဲတွေကြောင့် ဗန်းမော်ခရိုင်အတွင်းက ကျောင်းသူကျောင်းသားတွေ ကျောင်းမတက်နိုင်မှာ စိုးရိမ်နေရ

15

 

မေ၊၈

ဗန်းမော်ခရိုင်အတွင်းမှာရှိတဲ့ မြို့နယ်တွေမှာ တိုက်ပွဲတွေ ဖြစ်ပွားနေတာကြောင့် ဒီပညာသင်နှစ်မှာ ကျောင်းမတတ်နိုင်မှာနဲ့ ကလေးတွေရဲ့ လုံခြုံရေးကိုလည်း စိုးရိမ်နေကြတယ်လို့ ကျောင်းသားမိဘတွေက ပြောပါတယ်။

ဗန်းမော်ခရိုင်အတွင်းက မြို့နယ်တွေဖြစ်တဲ့ ဗန်းမော်၊ မံစီ၊ မိုးမောက်နဲ့ ရွှေကူ မြို့နယ်တွေမှာ ကချင်လွတ်လပ်ရေးတပ်မတော်(KIA) နဲ့ စစ်ကောင်စီတို့ တိုက်ပွဲတွေ ဖြစ်ပွားနေတာကြောင့် ကလေးတွေရဲ့ ရှေ့ပညာရေးအတွက် ရင်လေးရတယ်လို့ ဗန်းမော်မြို့ခံ ကျောင်းသားမိဘတစ်ဦးက မြစ်ကြီးနားသတင်းဂျာနယ်ကို ပြောပါတယ်။

တက်လို့ရတဲ့ နေရာဘက်ကို ပြောင်းကြမယ်ဆိုပြန်တော့လည်း အောက်ပိုင်းဘက်က အဖြစ်အပျက်တွေ ကြားရသလောက်တော့ ကျောင်းတွေမှာလည်း လေယာဉ်နဲ့ ဗုံးကြဲချတာတွေ ရှိတယ်ဆိုတော့ အဲဒါတွေလည်း စိုးရိမ်နေရတယ်။“လို့ ဆိုပါတယ်။

လာမယ့် မေလ ၂၃ ရက်နေ့မှာ ကျောင်းအပ်လက်ခံပြီး ဇွန်လ ၁ ရက်နေ့ကနေ ကျောင်းစဖွင့်မယ်လို့ ဆိုနေပေမဲ့ လတ်တလောမှာ တိုက်ပွဲ အခြေအနေတွေကြောင့် ကျောင်းဖွင့်ဖို့ မသေချာဘဲ ဖွင့်ခဲ့ရင်မယ်ဆိုရင်လည်း ပြန်ပိတ်မယ့် အနေအထားဘက် ပိုများနေတယ်လို့ ပြောဆိုနေကြပါတယ်။

တခြားဒေသဘက် ကျောင်းပြောင်းမယ်ဆိုရင်လည်း ကျောင်းပြောင်းလက်မှတ်မရနိုင်မှာ စိုးရိမ်နေကြတဲ့အပြင် ငွေကြေးပိုင်းမှာလည်း မပြည့်စုံမှုတွေ ရှိနေတဲ့အတွက် ကျောင်းသားမိဘတွေအနေနဲ့ ခက်ခဲနေကြတာပါ။

လက်ရှိ စစ်ရေးအနေအထားအရ ဗန်းမော်၊ မံစီ၊ မိုးမောက် စတဲ့ မြို့တွေမှာရှိတဲ့ ကျောင်းတွေဟာ ဒီစာသင်နှစ်မှာ ပိတ်ဖို့များတဲ့ အခြေအနေကို ရောက်ရှိနေတယ်လို့လည်း မံစီမြို့နေ ကျောင်းသားမိဘတစ်ဦးက ဆိုပါတယ်။

ကလေးတွေနဲ့ မိဘတွေက တစ်နေရာစီ နေနေကြတဲ့သူတွေလည်း ရှိကြတယ်။ လတ်တလောအခြေအနေအရ ဆိုရင်တော့ ဗန်းမော်၊ မံစီ၊ မိုးမောက် မြို့တွေက ကျောင်းတွေဖွင့်ဖို့က ပြောတော့ပြောကြမှာပေါ့။ ဒါပေမဲ့ ကျောင်းသားမိဘတွေ စိတ်ထဲမှာတော့ လုံခြုံမှုမရှိနိုင်ဘူးဆိုပြီး တက်ခိုင်းဖို့ ခက်တယ်။လို့ ပြောပါတယ်။

ကိုဗစ် ၁၉ စဖြစ်စဉ်ကတည်းက ကျောင်းတွေပိတ်လိုက်ဖွင့်လိုက် ဖြစ်နေရာကနေ အာဏာသိမ်းပြီးနောက် တိုက်ပွဲတွေအခြေအနေတွေအပြင် နယ်မြေတည်ငြိမ်မှု မရှိတာတွေကြောင့် ကလေးတွေအနေနဲ့ ကျောင်းတက်ဖို့အရေး စိတ်မပါတော့တာတွေလည်း ရှိတယ်လို့ အထက်ပါဗန်းမော်မြို့ခံ ကျောင်းသားမိဘက ဆိုပါတယ်။

ကျောင်းနားသွားတဲ့အထဲမှာ များသောအားဖြင့် အထက်တန်းနဲ့ အလယ်တန်းတွေများတယ်။ ဒါပေမဲ့ သူတို့ပဲလားဆိုပြန်တော့ မူလတန်းကသူတွေလည်း အကြောင်းအမျိုးမျိုးကြောင့် နားသွားတာရှိတော့ရှိတယ် လို့ ဆိုပါတယ်။

လက်ရှိအချိန်မှာတော့ ကချင်ပြည်နယ်အတွင်းမှာ တိုက်ပွဲတွေ ရပ်နားသွားနိုင်တဲ့ အခြေအနေမရှိဘဲ ဗန်းမော်မြို့နယ်အတွင်းမှာလည်း တိုက်ပွဲတွေပြင်းထန်နေပြီး စစ်ကောင်စီရဲ့ စခန်းတွေကို KIA ကနေ နေ့စဉ်လိုလို တိုက်ခိုက်သိမ်းပိုက်နေတာလည်း ဖြစ်ပါတယ်။

မတ်လ ၇ ရက်နေ့က စတင်လိုက်တဲ့ထိုးစစ်ကနေ လွယ်ဂျယ်မြို့ကို KIA ကသိမ်းပိုက်ပြီးတဲ့နောက် ဗန်းမော်မြို့ကိုလည်း တိုက်ခိုက်သိမ်းပိုက်လာနိုင်တဲ့ဆိုတဲ့ သတင်းတွေကြောင့်လည်း ဒေသခံတော်တော်များများက နီးစပ်ရာကို တိမ်းရှောင်သွားခဲ့ကြတာပါ။

မြို့ပေါ်မှာနေတဲ့ ကလေးတွေသာမက စစ်ရှောင်စခန်းတွေမှာရှိတဲ့ ကလေးတွေလည်း နယ်မြေငြိမ်းချမ်းတဲ့ တခြားနေရာဒေသတွေမှာ သွားရောက်ခိုလှုံနေရတာကြောင့် ကျောင်းတက်နိုင်မှာ မဟုတ်ဘူးလို့လည်း ကျောင်းသားမိဘတွေဆီက သိရပါတယ်။

တစ်ပြည်နယ်လုံးက ကလေးတွေအားလုံး သူတို့ရှိတဲ့နေရာမှာ ကျောင်းတက်နိုင်ဖို့အတွက် အတတ်နိုင်ဆုံး ကြိုးစားဆောင်ရွက်သွားမယ်လို့ စစ်ကောင်စီခန့် ကချင်ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန်က မြစ်ကြီးနားသတင်းဂျာနယ်ကို ပြောပါတယ်။

အားလုံးတက်နိုင်အောင်တော့ ကြိုးစားမယ်။ ရှိတဲ့နေရာမှာ၊ ရောက်နေတဲ့နေရာမှာ ကျောင်းတက်နိုင်ဖို့၊ အားလုံးရဲ့ ကလေးတွေပဲလေ။ ကျောင်းကိစ္စမှာ နစ်နာလို့တော့မရဘူး။လို့ ဦးခက်ထိန်နန်က ဆိုပါတယ်။

ဗန်းမော်ခရိုင်အတွင်း မြို့နယ်တွေထဲက တချို့နယ်မြေဒေသတွေကို KIA နဲ့ ပူးပေါင်းတပ်တွေက သိမ်းပိုက်ထိန်းချုပ်ထားကြပြီ ဖြစ်တဲ့အတွက် ဒီစာသင်နှစ်မှာတော့ KIO ကျောင်းတွေအဖြစ် ပြောင်းလဲဖွင့်လှစ်သွားမှာဖြစ်တယ်လို့ သတင်းတွေထွက်နေပေမဲ့ တိတိကျကျတော့ မသိရသေးပါဘူး။

လတ်တလော တိုက်ပွဲတွေ မရပ်သေးတဲ့ ဗန်းမော်ခရိုင်အတွင်းက မြို့နယ်တွေမှာ ကလေးတွေ လုံခြုံစွာကျောင်းတက်နိုင်ဖို့အရေး တာဝန်ယူပေးမှာ မရှိတဲ့အပြင် အာမခံချက်လည်း လုံးဝမရှိဘူးလို့ ကျောင်းသားမိဘတွေက ပြောဆိုနေကြပါတယ်။

 

LEAVE A REPLY

Please enter your comment!
Please enter your name here