စက်သုံးဆီရရှိဖို့ ခက်ခဲတာကြောင့် နောင်မွန်မြို့တွင် လူအင်အားသုံးပြီး လယ်ထွန်နေရ

14

 

မေ၊၈

ကချင်ပြည်နယ်၊ ပူတာအိုခရိုင်၊ နောင်မွန်မြို့အတွင်း စက်သုံးဆီ ရရှိဖို့ခက်ခဲတဲ့အတွက် လူအင်အားသုံးပြီး လယ်တွေထွန်ယက်နေရတယ်လို့ ဒေသခံတွေရဲ့ ပြောပြချက်အရ သိရပါတယ်။

မိုးကျချိန်အတွင်း လယ်တွေကိုအပြီး ထွန်ယက်ရမှာဖြစ်ပေမဲ့ စက်သုံးဆီဝယ်မရတဲ့ အခက်အခဲတွေကြောင့် စက်ယန္တာရားနဲ့ ထွန်ယက်လို့မရဘဲ ကျွဲ၊ နွား မရှိတဲ့သူတွေကတော့ လူနဲ့အစားထိုး လုပ်ကိုင်လာကြတာလို့ နောင်မွန်ဒေသခံပြည်သူတစ်ဦးက မြစ်ကြီးနားသတင်းဂျာနယ်ကို အခုလို ပြောပါတယ်။

ပြည်သူတွေ အရမ်းဒုက္ခရောက်နေတယ်။ ဒီဇယ်ဝယ်မရဘူး။ ရောင်းတဲ့နေရာမရှိတော့ လယ်တွေလည်း မထွန်နိုင်သေးဘူး။ လူနဲ့ပဲ ဆွဲတော့တယ်။ အရင်ကလို ဖြစ်သွားပြီ။ ကျွဲ၊ နွားမရှိတဲ့ သူတွေကတော့ လူနဲ့ ဆွဲတော့တယ်။“လို့ ဒေသခံက ပြောပါတယ်။

စက်သုံးဆီတွေသာမက စားသုံးဆီနဲ့ ဆေးအစရှိတဲ့ အခြေခံကုန်ခြောက်ပစ္စည်းတွေပါ ပြတ်လပ်နေတာ တစ်လကျော်လောက်ရှိနေပြီလို့ ဆိုပါတယ်။

လက်ရှိအချိန်မှာတော့ စက်သုံးဆီအခက်အခဲကြောင့် နောင်မွန်မြို့တစ်ခုလုံးက လယ်ဧက သုံးပုံကနေ တစ်ပုံလောက်သာ လုပ်နိုင်နေသေးတဲ့ အနေအထားရှိတယ်လို့ အထက်ပါဒေသခံရဲ့ ထပ်မံပြောပြချက်အရ သိရတာပါ။

လယ်ထွန်စက်တွေ အသုံးပြုတဲ့နောက်ပိုင်းကနေ ကျွဲ၊ နွားတွေကို လယ်ယာလုပ်ငန်းအတွက် သုံးတာနည်းသွားတာကြောင့် လက်ရှိအချိန်မှာ ပြန်လည်အသုံးပြုဖို့ တစ်ချို့ ကျွဲ၊ နွားတွေ အဆင်မပြေတော့ဘူးလို့ ဆိုပါတယ်။

အထက်ပါ အကြောင်းအရင်းတွေကြောင့် လက်ရှိအချိန်မှာတော့ ကျွဲ၊ နွားမရှိတဲ့ လယ်လုပ်သူတွေဟာ တစ်ဧကကို လူအနည်းဆုံး လေးယောက်ကနေ ခြောက်ယောက်လောက် ထယ်ထိုးနေရပြီး တစ်ချို့ မြေနေရာမာကြောတဲ့ ဧကတွေဆိုရင် တစ်နေ့လုံးကိုမှ တစ်ဧက ပြီးစီးဖို့ ခက်ခဲတယ်လို့ ဒေသခံတွေက ပြောပါတယ်။

နောက်ထပ် ဒေသခံတစ်ဦးရဲ့ ပြောပြချက်အရလည်း ဇွန်လကနေ ဩဂုတ်လအတွင်း လယ်စပါးတွေ စိုက်ပျိုးပြီးစီးရမှာ ဖြစ်ပေမဲ့ လက်ရှိအတိုင်းအတာနဲ့ဆိုရင် လယ်စပါးစိုက်ပျိုးချိန် နောက်ကျမှာကို စိုးရိမ်နေတယ်လို့ သိရပါတယ်။

နောင်မွန်မြို့အတွင်း လယ်စပါးစိုက်ပျိုးဧကကို အတိအကျမပြောဆိုနိုင်ပေမဲ့ ရာပိုင်းလောက်ရှိတယ်လို့ ဒေသခံတွေက ပြောပါတယ်။

ကချင်လွတ်လပ်ရေးတပ်မတော်(KIA) နဲ့ စစ်ကောင်စီတို့ရဲ့ တိုက်ပွဲတွေကြောင့် မတ်လ ၉ ရက်နေ့ကနေ စပြီး မြစ်ကြီးနား-ပူတာအိုလမ်းပိုင်း ပိတ်သွားတဲ့အတွက် ပူတာအိုဒေသအတွင်း ကုန်စည်စီးဆင်းမှုမရှိတော့ဘဲ အခြေခံစားကုန်တွေ ဈေးအဆမတန် မြင့်တက်သွားတဲ့အပြင် စက်သုံးဆီပြတ်လပ်တာတွေ ကြုံတွေနေရတာလည်း ဖြစ်ပါတယ်။

လက်ရှိအချိန်မှာတော့ စက်သုံးဆီ တစ်ပေပါကို ကျပ်သိန်း ၅၀ လောက်အထိ ပေါက်ဈေးရှိနေတဲ့အပြင် ဝယ်ယူစရာမရှိဘဲ ဆိုင်တွေမှာလည်း ရောင်းချတာ မရှိပါဘူး။

၂၀၁၄ သန်းခေါင်စာရင်းအရ နောင်မွန်မြို့အတွင်းမှာ လူဦးရေ ၂,၀၀၀ ကျော် နေထိုင်ပြီးတော့ လမ်ပန်းဆက်သွယ်ရေးခက်ခဲတဲ့ မြို့တစ်မြို့ဖြစ်ပါတယ်။

နောင်မွန်မြို့ဟာ မြန်မာမြောက်ဖျားပိုင်းမှာ တည်ရှိပြီး ပူတာအိုမြို့ (အထက်ပိုင်း) နဲ့ ၇၅ မိုင်(ကားလမ်းဖြင့်) လောက် ကွာဝေးပါတယ်။

 

LEAVE A REPLY

Please enter your comment!
Please enter your name here