တိုက်ပွဲတွေကြောင့် အခင်းလုပ်ပြီး ကျန်ရှိနေတဲ့ ကဇူးယန်ရွာသားတွေ ဒဘတ်ချောင်းတစ်လျှောက် တိမ်းရှောင်နေရ

196

 

မေ ၊၂၀

တိုက်ပွဲတွေ ဖြစ်ပွားနေတာကြောင့် ဝိုင်းမော်မြို့နယ်၊ ကဇူးယန်ကျေးရွာမှာ အခင်းလုပ်ပြီး နေခဲ့ကြတဲ့ အိမ်ခြေ ၂၆ အိမ်က ဒေသခံတွေဟာ ဒဘတ်ချောင်းတစ်လျှောက် စစ်ဘေး တိမ်းရှောင်နေကြတယ်လို့ သိရပါတယ်။

ကချင်လွတ်လပ်ရေးတပ်မတော်(KIA)ကနေ ကဇူးယန်ကျေးရွာက စစ်ကောင်စီတပ်စခန်းကြီးကို မနေ့က တိုက်ခိုက်သိမ်းပိုက်ထားခဲ့တာဖြစ်ပြီး စစ်ကောင်စီဘက်က လေကြောင်းတိုက်ခိုက်မှုတွေ ပြုလုပ်လာမှာ စိုးရိမ်တာကြောင့် တိမ်းရှောင်နေရတာ ဖြစ်တယ်လို့ ဒေသခံတစ်ဦးက ပြောပါတယ်။

အခုလောလောဆယ်က ကိုယ့်အိမ်ကို ပြန်နေဖို့က မဖြစ်နိုင်သေးဘူး။ တပ်မှူး(KIA)ကလည်း မလောသေးနဲ့လို့ သတိပေးပြောဆိုထားတယ်တဲ့။ စစ်တပ်ဘက်ကလည်း လေယာဉ်နဲ့ မကြာခဏလာပစ်။ ဟိုအဝေးကြီးကဖြစ်တဲ့ ၃၂၁ နဲ့ တိုင်း(မပခ)ကနေ လက်နက်ကြီးနဲ့ ပစ်ခတ်လာမှာကို စိုးရိမ်နေရတုန်းပဲ။လို့ ဒေသခံက ဆိုပါတယ်။

အဲဒါကြောင့် ဒေသခံတွေဟာ ရေချောင်းနဲ့ သိပ်မဝေးတဲ့ နေရာမှာပဲ ဖြစ်သလို တိမ်းရှောင်နေကြတာဖြစ်တယ်လို့ ဆိုပါတယ်။

ဝိုင်းမော်-လိုင်ဇာလမ်း ဒဘတ်ယန်ကျေးရွာနဲ့ အနီးတစ်ဝိုက်က စစ်ကောင်စီတပ်စခန်းကြီးတွေကို KIA ကနေ မေလ ၁၈ ရက်နေ့ကတည်းက တိုက်ခိုက်နေတာကြောင့် အခင်းလုပ်ပြီး ကျန်ရှိနေခဲ့ ကဇူးယန်ရွာသားတွေ တိမ်းရှောင်နေရတာ ဖြစ်ပါတယ်။

ဒါ့အပြင် ကဇူးယန်ကျေးရွာအနီးက ဂါးရာယန်ကျေးရွာနဲ့ ဒဘတ်ယန်ကျေးရွာမှာ ကျန်ရှိနေတဲ့ ဒေသခံတွေလည်း ရွာအတွင်းကနေ တောဘက်ကို တိမ်းရှောင်နေကြတယ်လို့ ကြားသိရပါတယ်။

ကျေးရွာအတွင်းက ဒေသခံအများပိုင်းကတော့ မြို့ပေါ်က စစ်ရှောင်စခန်းတွေမှာ လွန်ခဲ့တဲ့ မတ်လ လဆန်းလောက်မှာ တိမ်းရှောင်သွားခဲ့ကြတာပါ။

မေလ ၁၈ ရက်နေ့က စတင်ခဲ့တဲ့ ထိုးစစ်နှစ်ရက်အတွင်း KIA ကနေ ဂါးရာယန်ကျေးရွာနဲ့ ၃၂၁ တပ်စခန်းကြားက လုံဇက်ကောင်တပ်စခန်းကြီးအပြင် ဒဘတ်ချောင်းကူး တံတားထိပ်က ကဇူးတပ်စခန်းကြီးတို့ကို အပြီးသိမ်းပိုက်နိုင်ခဲ့ပြီလို့ ဗိုလ်မှူးကြီးနော်ဘူက မြစ်ကြီးနားသတင်းဂျာနယ်ကို အတည်ပြုထားပြီး ဝိုင်းမော်-လိုင်ဇာ လမ်းတစ်လျှောက်မှာ စစ်ကောင်စီရဲ့ ၃၂၁ တပ်ရင်းတစ်ခုပဲ ကျန်ရှိတော့တယ်လို့ ဆိုပါတယ်။

 

LEAVE A REPLY

Please enter your comment!
Please enter your name here