တုတ်ထိုး အိုးပေါက် ဂျာနယ်စကားဝိုင်း အတွဲ ၆၊ အမှတ် ၂၆

1604

တုတ်ထိုး – တောခုတ်တဲ့သူက တောခုတ်၊ တောင်ဖြိုတဲ့သူကတောင်ဖြို။ စံရတော့ သင်း(ဒင်း)တို့။ ခံရတော့ ငါတို့ပါတကား။
အိုးပေါက် – ဘာတွေညည်းနေတာလဲဗျာ။

တုတ်ထိုး – ဘေးဒုက္ခတွေ ဝိုင်းဝိုင်းလည်နေတဲ့ပြည်သူတွေအတွက် စိတ်မကောင်း ဖြစ်နေမိတာပါဗျာ။
အိုးပေါက် – ဒီလို ပြည်သူတွေ ဒုက္ခရောက်နေလို့ စစ်သားတွေရော၊ အရပ်ဘက်အဖွဲ့အစည်းတွေ၊ ပရဟိတအဖွဲ့အစည်းတွေ၊ အနုပညာရှင်တွေက ရေဘေးဒုက္ခရောက်နေကြတဲ့ ပြည်သူတွေအတွက် အုတ်တစ်ချပ်၊ သဲတစ်ပွင့် ဖြစ်နေကြချိန် လမ်းဘေးခွေးတွေလို အသိဉာဏ်တိမ်ပြီး ဘေးထိုင် ဘုပြောနေကြတဲ့ လူတွေရှိသေးတာခက်တယ်ဗျို့။ ဖွတ်စိတ်၊ ဖွတ်ကြံတွေနဲ့ လူတွေနဲ့တော့ မိုးကြီး ချုပ်ဦးတော့မှာပါပဲ။ ဘယ်သူလဲဆိုတော့ ဦးရဲထွဋ်ဆိုတဲ့လူပေါ့ဗျာ။ လူမှုကွန်ရက်မှာ သူတင်လိုက်တဲ့ ပိုစ့်တစ်ခုကြောင့် အဝေဖန်ခံနေရတယ်။

တုတ်ထိုး – သူက ဘာရေးလို့ပါလိမ့်။
အိုးပေါက် – ထီးကလေးနဲ့ မနီ၊ ခြင်းခတ်တဲ့မောင်နဲ့ ပရဟိတ အကူအညီပေးလိုသူများ သိနိုင်အောင် ဆိုပြီးရေကြီးမှုဒဏ်ခံနေရတဲ့ ဒေသများအခြေအနေဆိုပြီး တင်ထားသတဲ့ဗျ။

တုတ်ထိုး – လူသာကြီးပြီး ဉာဏ်မကြီးတဲ့ လူတွေစကား ဘေးကိုသာ ထားလိုက်ပါဗျာ။ အများ ဒုက္ခရောက်နေတဲ့အချိန် ဘေးထိုင်ဘိုင်ကျ ဓာတ်တိုင်သေးပန်းနဲ့ ဖောင်းထုဖို့လောက်ပဲ စဉ်းစားနေတဲ့လူတွေ။
အိုးပေါက် – ကျုပ်တို့ တိုင်းပြည်ကြီးမှာလည်း၊ ဘယ်တော့များမှ အေးအေးချမ်းချမ်းနဲ့နေရမယ် မသိတော့ပါဘူးဗျာ။ စစ်ဘေး၊ ရေဘေး၊ သဘာဝဘေးတွေနဲ့။ သစ်ပင်သစ်တောတွေ၊ တောင်တွေခုတ်။ ဆွေစဉ်မျိုးဆက် ကြီးပွားချမ်းသာပြီး စည်းစိမ်ဥစ္စာအပြည့်နဲ့ အပူအပင် ဘာမှမရှိတဲ့အချိန် သစ်ပင်တစ်ပင်မှ မခုတ်ခဲ့တဲ့ပြည်သူတွေက ရေဘေးဒုက္ခခံစားနေကြရတယ်။

တုတ်ထိုး – ဒုက္ခသည်အချင်းချင်း ကူညီကြတာပေါ့ဗျာ။ အခုလိုအချိန်မှာ အနီတွေ၊ အစိမ်းတွေ ခွဲခြားမနေဘဲ အများအကျိုးအတွက် ညီညွတ်ချိန် တန်ပါပြီဗျာ။
အိုးပေါက် – ကျုပ်တို့ တိုင်းပြည်မှာလည်း ပထဝီစာအုပ်တွေထဲမှာ သိပ်ချမ်းသာသလောက် တကယ့် လက်တွေ့မှာ သိပ်ဆင်းရဲကြရရှာတယ်။

တုတ်ထိုး – ဆရာဇော်ဂျီရေးသလိုပေါ့။ “တို့ရွာ၊ တို့မြေ၊ တို့ရွာမြေဝယ်စေတီစပါး၊ များလည်းများ၏ တို့ရွာတို့မြေ၊ တို့ရွာမြေဝယ်ရေချိုသောက်ရန်၊ မြစ်ချောင်းကန်နှင့်သီးနှံချိုပျား၊ များလည်းများ၏”
အိုးပေါက် – တကယ်လည်း ပထဝီအနေအထား ကောင်းခဲ့ပါတယ်။ ဒါပေမဲ့ များပေမယ့်လည်း တမွဲမွဲနဲ့ ပါပဲဗျာ။

တုတ်ထိုး – ဟုတ်ပေါ့ဗျာ။ ဆန်စပါး၊ ပဲအမျိုးမျိုး၊ ပြောင်း၊ နှမ်း၊ ဝါကအစ ငွေ၊ ခဲ၊ အဖြိုက်နက် ကျောက်သံပတ္တမြားအဆုံး တယ်လည်း ကြွယ်ဝခဲ့သကိုး။
အိုးပေါက် – ကြွယ်ဝပေမယ့်လည်း တမွဲမွဲနဲ့ပါပဲဗျာ။ ဆန်ရေစပါး ပေါများတယ်။ ဘယ်မှာ ပြည်သူတွေ ဝ၀လင်လင် စားခဲ့ရ
သတုန်း။ ကျွန်းသစ်တွေ ပေါတယ်နော်။ ပြည်သူတွေ တဲထိုးဖို့ ဝါးလုံးတောင် အနိုင်နိုင်ဗျာ။ အရှေ့တောင်အာရှမှာ အချမ်းသာဆုံးဆိုတဲ့ ကျုပ်တို့တိုင်းပြည်ဟာ ဆင်းရဲတွင်းထဲက မထွက်နိုင်ကြဘူး။ အုပ်ချုပ်တဲ့ လူတန်းစားတွေဟာ ကောင်းမယ်ထင်လို့ လုပ်ခဲ့တာပါဗျာဆိုပြီး သူတို့ပဲ ကောင်းကောင်းသွား၊ သူတို့ပဲ ကောင်းကောင်းစားခဲ့ကြရတာပါ။

တုတ်ထိုး – ဒီကြားထဲ ဘူးလက်လှဆွေလို လူမျိုးကလည်းကျော်ဟိန်းလိုလို ဘာလိုလိုနဲ့စင်ပေါ်တက်ပြီး ဟိုလူ့ပုတ်ခတ်၊ ဒီလူ့ပုတ်ခတ်ပြော သူများဘာသာရေးကို ထိခိုက်လိုထိခိုက်။ ဟော အဲ့ဒီလို အရူးချီးပန်းပြောနေတော့လည်း စိတ်မမှန်လို့ ပါတီကနေ ထုတ်ထားတာကြာပြီ။ ဘာညာ ဘာညာ ဘလာဘလာ။ အူတက်အောင် ရယ်နေရတော့တာပါပဲ။
အိုးပေါက် – အရူးကွက် နင်းတယ်ဆိုတာ ဒါမျိုးနေမှာပေါ့။

တုတ်ထိုး – ဒါနဲ့ လျှပ်စစ်နဲ့ စွမ်းအင်ဝန်ကြီး ဦးဝင်းခိုင် သတင်း ဘာကြားသေးလဲဗျ။
အိုးပေါက် – သူက ဘာဖြစ်လို့လဲ။

တုတ်ထိုး – အဂတိလိုက်စားမှုနဲ့ စစ်ဆေးခံနေရတယ်ဆိုတဲ့ ဝန်ကြီးလေဗျာ။
အိုးပေါက် – သူလား။ သူ အစည်းအဝေးတွေ တက်နေတယ်။

တုတ်ထိုး – ကျုပ်ကြားတာတော့ ကျန်းမာရေးမကောင်းလို့ ဆေးခွင့်ယူထားသတဲ့ဆို။
အိုးပေါက် – နေပြန်ကောင်းလာလို့ နေမှာပေါ့ဗျာ။

တုတ်ထိုး – ဒါနဲ့ ဒုက္ခတွေကြားက စိတ်ချမ်းသာစရာသတင်းလေး ပြောချင်ပါသေးရဲ့။
အိုးပေါက် – ဘာတဲ့။ မြန်မာနိုင်ငံရဲ့ အချမ်းသာဆုံးစာရင်းဝင် ပုဂ္ဂိုလ်တွေဟာ ဘီလ်ဂိတ်လိုသူတို့ရဲ့ ပိုင်ဆိုင်မှုတွေကို အများအကျိုးအတွက် လှူဒါန်းလိုက်မယ်တဲ့လား။

တုတ်ထိုး – အကောင်းပြောမလို့ပါဆို။ ဖောက်ဖောက်လာတယ်။ ဒါနဲ့ မြန်မာနိုင်ငံရဲ့ အချမ်းသာဆုံးပုဂ္ဂိုလ်တွေဟာ ဘယ်သူတွေများလဲ။
အိုးပေါက် – Frontier Myanmar က ထုတ်ပြန်ထားတဲ့ အချမ်းသာဆုံးပုဂ္ဂိုလ်တွေက
(၁) ဦးဇော်ဇော် (Max Myanmar)
(၂) ဦးထွန်းမြင့်နိုင်(ခ) စတီဗင်လော (Asia World)
(၃) ဦးတေဇ (Htoo)
(၄) ဦးသိမ်းဝေ (ခ) ဆာဂျင့်ပန်း (FMI Yama)
(၅) ဦးမိုက်ကယ် မျိုးမြင့် (MPRL Oil and Gas )
(၆) ဦးချစ်နိုင် (Eden)

တုတ်ထိုး – ခင်ဗျားနာမည် မပါဘူးလား။
အိုးပေါက် – မြစ်ကြီးနားသတင်းဂျာနယ် အယ်ဒီတာကြီးက စာမှုခ တစ်ပုဒ်တစ်သိန်း ပေးမယ်ဆိုရင်တော့ မြန်မာ့အချမ်းသာဆုံးစာရင်းထဲမှာ အိုးပေါက်တို့ ပါသွားနိုင်တယ်။ ဟဲဟဲဟဲ ။

တုတ်ထိုး – အယ်ဒီတာကြီးက ခင်ဗျားကို စာမူခတစ်သိန်းပေးချင်ပါတယ်တဲ့။ ဒါပေမဲ့ ခင်ဗျားချမ်းသာသွားရင် ဘဝင်လေဟပ်ပြီး ဘူးလက်လှဆွေလို အရူးကွက်တွေနင်းပြီးတောင်ပြော မြောက်ပြောတွေ လျှောက်ပြောနေလို့ အရူးလက်မှတ်ရနေမှာစိုးလို့ စာမူခ တိုးမပေးတော့တာတဲ့။
အိုးပေါက် – အောင်မလေး။ ရူးချင်စမ်းပါစေလို့။ ပေးကြည့်လိုက်စမ်းပါလို့။ ဟဲ ဟဲ ဟဲ။

တုတ်ထိုး – မှတ်တောင်ထားရဦးမယ်။
အိုးပေါက် – ဒါနဲ့ ပြောစမ်းပါဦး။ ဘာစိတ်ချမ်းသာစရာ သတင်းလဲ။

တုတ်ထိုး – မြန်မာနိုင်ငံရဲ့ ကိုယ်ပိုင်ဂြိုလ်တု Myanmar Sat-2 ကို အောင်မြင်စွာ လွှတ်တင်နိုင်တဲ့ သတင်းလေဗျာ။ ဘယ်လောက်ဂုဏ်ယူစရာကောင်းတဲ့ သတင်းလဲဗျာ။
အိုးပေါက် – ကျုပ်လည်း ကြားမိပါတယ်ဗျ။ ဂြိုလ်တုဆက်သွယ်ရေးကွန်ရက်ကို အရင်တုန်းက အမေရိကန်၊ တရုတ်၊ ထိုင်း၊ ဗီယက်နမ်၊ အင်ဒိုနီးရှားနဲ့ အခြားနိုင်ငံတွေဆီကနေ တစ်နှစ်မှာ ဒေါ်လာ ၁၀ သန်းကျော်ပေးပြီး ငှားရမ်းအသုံးပြုခဲ့ရတယ်။ ခုတော့ ကိုယ်ပိုင်ဂြိုလ်တုတစ်လုံး အသုံးပြုနိုင်ခဲ့ပြီ။

တုတ်ထိုး – ကုန်ကျစရိတ်က အမေရိကန်ဒေါ်လာ ၁၅၅ ဒသမ ၇သန်းလောက် ရှိတယ်ဗျ။ ၂၀၁၈ ခုနှစ်တုန်းကတော့ ၃၀%၊ ၂၀၁၉ ခုနှစ်မှာ ၅၀%၊ ၂၀၂၀မှာ ၂၀% ရာခိုင်နှုန်းပေးသွင်းရမှာ။ ဘယ်လောက် ဂုဏ်ယူစရာကောင်းသလဲဗျာ။ ဆက်သွယ်ရေးစနစ်တွေ ပိုကောင်းလာတော့မယ်။ အစိုးရက လုပ်ဆောင်ပေးနေတဲ့ ကျန်းမာရေး၊ ပညာရေးဝန်ဆောင်မှုလုပ်ငန်းတွေ ပိုကောင်းလာတော့မယ်။ သဘာဝဘေးအန္တရာယ်တွေ အရေးပေါ် အခြေအနေတွေမှာလည်း သတင်းအချက်အလက်တွေ ပိုမိုလွယ်ကူလာနိုင်တော့မယ်။
အိုးပေါက် – အရင်အစိုးရတွေ လက်ထက်တုန်းက နှစ်ပေါင်းများစွာ အုပ်ချုပ်ခဲ့ကြတာ ဒါတွေ ဘာလို့ မလုပ်ခဲ့ကြတာပါလိမ့်။

တုတ်ထိုး – လုပ်ပြီ ခင်ဗျားကတော့။ ဂြိုလ်တုလေးတစ်လုံး လွွှတ်တင်နိုင်တာနဲ့ ကိုယ့်အစိုးရကို တော်တော်အထင်ကြီးနေတယ် ဟုတ်လား။ အခုရေတွေကြီးတယ်ဗျာ။ လူတွေသေတယ်ဗျာ။ ဒါ ခင်ဗျားတို့ အစိုးရလက်ထက်မှာ ဖြစ်ခဲ့တာမဟုတ်လား။ ဘယ်အစိုးရတက်တက် ပြည်သူတွေပဲ လှိမ့်ခံရတာပါပဲဗျာ။
အိုးပေါက် – ဒီမှာ ကိုအိုးပေါက်ရဲ့။ ခင်ဗျားတို့အဘတွေ လက်ထက်တုန်းက ဒီလိုသဘာဝပျက်စီးတာတွေ၊ ဂေဟစနစ်တွေပျက်စီးတတ်တာတွေ ဘာမှမတွက်ချက်ဘဲ တောမြင်တောခုတ်၊ တောင်မြင်တောင်ရှင်း၊ ငါကောင်းစားရေး၊ ငါ့လူငါ့ဆွေမျိုး ကောင်းစားရေးတွေပဲ လုပ်ခဲ့ကြလို့ အခုလိုဖြစ်နေတာဗျ။ အဘတွေဆိုးခဲ့တဲ့ အမွေကို ဒီအစိုးရက လက်ဆင့်ကမ်းခဲ့ရတာ။ ဟွန်း…ပြောမပြောချင်တော့ဘူး။

တုတ်ထိုး – လွန်တာရှိ ဝန္ဒာမိပါဗျာ။
အိုးပေါက် – အခုမှ အရူးလက်မှတ်နဲ့ အရူးကွက်မနင်းချင်နဲ့။ ကျုပ်တို့ပြည်သူတွေရဲ့ ကျောမှာ ဒဏ်ရာတွေချည်းပဲဗျ။ ခံရပါများလို့ အံတိုနေပြီ။ ဒီလိုအကွက်တွေ ရိုး…ဟိုး ဟိုး ဟိုး နေပြီဗျ။

တုတ်ထိုး – သာတုန်း ပြောပေဦးပေါ့ဗျာ။
အိုးပေါက် – ဟုတ်တယ်လေ။ ခင်ဗျားတို့အဘတွေက ခေတ်အဆက်ဆက်မှာ မိုးပျံပူပေါင်းတွေပဲ လွှတ်တင်နိုင်ခဲ့တာမဟုတ်လား။ ဟွန်း ပြောကိုမပြောချင်ဘူး။ ပြောရင်လည်း အိုးပေါက် လွန်ရာကျမယ်။ မပြောရင်လည်း အဘသမီးလိုချင်ရာကျမယ်။ ဟွန်း။
တုတ်ထိုး – မှတ်တောင်ထားရဦးမယ်။ ။

LEAVE A REPLY

Please enter your comment!
Please enter your name here