ဖေဖော်ဝါရီ ၇
တောင်ကိုးရီးယားနိုင်ငံထုတ် လေအေးပေးစက်ပါ လေအိတ်ရထားကို မြစ်ကြီးနား – မန္တလေး ရထားလမ်းပိုင်းတွင် မတ်လ လဆန်းပိုင်းမှ စတင်ပြေးဆွဲရန် စီစဉ်နေကြောင်း မြစ်ကြီးနားဘူတာ ရုံပိုင်ရုံးမှ သိရသည်။
အဆိုပါ လေအိတ်ရထားကို ကိုးရီးယား EDCF နိုင်ငံခြားချေးငွေဖြင့် ဝယ်ယူထားခြင်းဖြစ်ပြီး အထက်တန်းတွဲ ၁၀ တွဲ၊ စားသောက်တွဲ ၁ တွဲနှင့် ဘရိတ်တွဲ ၁ တွဲပါဝင်ကာအထက်တန်း ၁ တွဲလျှင် ၃၃ဦးစီးနင်းနိုင်ကြောင်း သိရသည်။
လက်မှတ်နှုန်းထားများ၊ ရထားပြေးဆွဲမည့် အချိန်စာရင်းများ၊ ရပ်နားမည့်ဘူတာများကို မြန်မာ့မီးရထားရုံးချုပ် နေပြည်တော်မှ သတ်မှတ်ပေးမည် ဖြစ်ကြောင်း မြစ်ကြီးနားဘူတာ ရုံပိုင်ချုပ် ဦးခင်သော်ကပြောသည်။
“ပြည်ထောင်စုဝန်ကြီးရဲ့လမ်းညွန်ချက်အရ မတ်လဆန်းပိုင်းမှာတော့ သေချာပေါက် ပြေးဆွဲတော့မှာဖြစ်ပါတယ်”ဟု ၎င်းက ပြောသည်။
လက်ရှိ မြန်မာ့မီးရထားမှ ပြေးဆွဲနေသည့် ရထားများထက် ပိုမိုအဆင့်မြင့် သက်တောင့်သက်သာ ဖြစ်မည့် ကိုးရီးယားလေအိတ်ရထားကို ခရီးသွားမိဘပြည်သူများအနေဖြင့် မြန်မာ့မီးရထားမှ သတ်မှတ်ထားသည့် စည်းမျဉ်း စည်းကမ်းများကို လိုက်နာစီးနင်းရန် လိုအပ်ကြောင်း ဦးခင်သော်က ဆက်လက်ပြောသည်။
“ကျွန်တော်တို့ ဒေသမှာဆိုရင် အနံ့ထွက်တဲ့ ကုန်ပစ္စည်းဖြစ်တဲ့ တညင်းသီးလိုဟာမျိုးတွေကို သယ်လို့မရတော့ဘူး”ဟု ၎င်းက ပြောသည်။
လတ်တလောတွင် မြစ်ကြီးနား-မန္တလေး ရထားလမ်းပိုင်းကို မြစ်ကြီးနားဘူတာမှ မနက် ၈နာရီ ၁၅မိနစ်တွင်ထွက်သည့် အမှတ်(၅၆)အစုန် အထူးအမြန်ရထား၊ ၈ နာရီ ၄၅မိနစ်တွင် အမှတ်(၄၂)တွင် ဒုတိယအမြန်ရထား၊ နေ့လည် ၁၂နာရီ ၄၅မိနစ်တွင် လေအိတ်ရထားနှင့် ညနေ ၄ နာရီတွင် အမှတ်(၅၈)မန္တလာရထားတို့ဖြင့် ပြေးဆွဲလျက် ရှိသည်။
မျိုးမြတ်မြတ်ပန်







