မေ၊၁၇
ဝိုင်းမော်မြို့နယ်၊ ဝူယန်ကျေးရွာအတွင်း စစ်ကောင်စီနဲ့ လီဆူပြည်သူ့စစ်တွေကနေ တပ်စွဲနေတဲ့အတွက် ဒေသခံတွေအနေနဲ့ နီးစပ်ရာမှာ တိမ်းရှောင်နေကြရပြီး အကူအညီတွေ လိုအပ်နေပါတယ်။
ကျေးရွာအတွင်း တိုက်ပွဲပြင်းထန်လာခဲ့တဲ့အတွက် လွန်ခဲ့တဲ့ ဧပြီလ ၇ ရက်နေ့ကတည်းက ဒေသခံတွေ ထွက်ပြေးတိမ်းရှောင်သွားတာပါ။
အဲဒီနောက် စစ်ကောင်စီက ရွာအတွင်း တပ်စွဲနေခဲ့တာဖြစ်တာကြောင့် ရွာကိုပြန်နေလို့ မရသေးဘူးလို့ ဝူယန်စစ်ရှောင်အမျိုးသားတစ်ဦးက ပြောပါတယ်။
“ရွာထဲမှာက များသောအားဖြင့် မနေကြတော့ဘူး။ သန်မြန်တဲ့လူတွေလောက်ပဲ အိမ်မှာဝက်တွေရှိနေတော့ မနက်ပိုင်းမှာ သွားလာတာတွေရှိတယ်။ အသက်ကြီးရွယ်အိုနဲ့ ကလေးတွေကတော့ အားလုံး တိမ်းရှောင်နေကြပြီ။ ရွာမှာက ညဘယ်သူ့မှ မအိပ်ကြတော့ဘူး။“လို့ ဆိုပါတယ်။
ရွာထဲက အထက်တန်းကျောင်းနဲ့ အုပ်ချုပ်ရေးမှူးရုံးတွေသာမက ရွာသားတွေရဲ့ နေအိမ်တချို့မှာ စစ်ကောင်စီတပ်နဲ့ လီဆူပြည်သူ့စစ်တွေ စခန်းချတပ်စွဲနေထိုင်နေကြတဲ့အတွက် ဒေသခံတွေဟာ ရွာအတွင်း ပြန်လာမနေရဲကြတော့တာလို့ ဒေသခံတွေက ပြောပါတယ်။
လတ်တလောမှာ ဝူယန်ကျေးရွာအနီးက စစ်ကောင်စီ ၅၈ တပ်ရင်းကနေ လက်နက်ကြီးပစ်ခတ်မှုတွေ ရှိနေတဲ့အပြင် ဝူယန်ပြည်သူ့စစ်စခန်းကနေလည်း ပစ်ခတ်မှုတွေ ပြုလုပ်နေတယ်လို့လည်းဆိုပါတယ်။
ရွာနဲ့အလှမ်းဝေးတဲ့ နေရာဘက်တွေကို တိမ်းရှောင်မယ်ဆိုရင် လာမယ့်နှစ်အတွက် စားဝတ်နေရေး ပိုမိုခက်ခဲသွားမှာ စိုးရိမ်တဲ့အတွက် ရွာနဲ့မနီးမဝေးဖြစ်တဲ့ ခါနန်စစ်ရှောင်စခန်းမှာ သွားရောက်ခိုလှုံနေကြတာလို့လည်း အထက်ပါစစ်ရှောင်က ပြောပါတယ်။
ဝူယန်စစ်ရှောင် အိမ်ထောင်စု ၂၀၀ ကျော်ဟာ ရွာကထွက်လာစဉ် အစာရေစာအတွက် နှစ်လစာလောက် ကြိုတင်ပြင်ဆင်ခဲ့ကြပေမဲ့ စစ်ရှောင်ချိန် နှစ်လလောက်ကြာမြင့်လာတဲ့ အချိန်မှာတော့ စားနပ်ရိက္ခာတွေ ပြတ်လပ်လာပြီလို့လည်း ဆိုပါတယ်။
ရွာအနီး တောအတွင်းက စစ်ရှောင်စခန်းမှာ နေကြတာဖြစ်တဲ့အတွက် ငှက်ဖျားကာကွယ်ဆေးတွေ လိုအပ်နေတဲ့အပြင် ချောင်းရေကို အသုံးပြုရတာကြောင့် အရေပြားယားယံတာတွေ ဖြစ်နေကြတယ်လို့လည်း သိရပါတယ်။
ရွာကနေ စတင်တိမ်းရှောင်စဉ်က မေတ္တာဖောင်ဒေးရှင်းကနေ တစ်ကိုယ်ရေသုံးပစ္စည်းတွေ ကူညီခဲ့ပြီး စားနပ်ရိက္ခာတွေ ကူညီပေးဖို့အတွက် KBC လူမူဝန်ထမ်းခြင်းနှင့် ဖွံ့ဖြိုးရေးဌာန (HDD) ကို အကူအညီတောင်းဆိုထားပေမဲ့ အခုထိတော့ ရောက်မလာသေးဘူးလို့ ဆိုပါတယ်။
တိမ်းရှောင်နေကြတဲ့အထဲ ကျောင်းသူကျောင်းသားတွေလည်း ပါရှိပြီး ဒီစာသင်နှစ် မဆုံးရှုံးသွားဖို့ ကူညီပေးဖို့လည်း တောင်းဆိုနေကြပါတယ်။
နန့်ဝါကျေးရွာနဲ့ ဝါရှောင်ကျးရွာဘက်မှာ ကျောင်းတက်နိုင်ဖို့အတွက် ယာယီကျောင်းပြောင်း လုပ်ပေးဖို့ကို ကျေးရွာအုပ်ချုပ်ရေးမှူးအနေနဲ့ ပညာရေးဌာနကို တင်ပြတောင်းဆိုပေးဖို့ လျှောက်ထားကြောင်းသိရပါတယ်။
လက်ရှိမှာတော့ ဝူယန်ကျေးရွာအနီးက ခါနန်စစ်ရှောင်စခန်း ၁ နဲ့ ၂ နေထိုင်ကြပြီး စခန်း ၁ မှာတော့ အိမ်ထောင်စု ၉၅ စု၊ စခန်း ၂ ဘက်မှာတော့ အိမ်ထောင်စု ၁၂၅ စုရှိပြီး လူဦးရေ ၉၈၀ နဲ့ ကျောင်းသူကျောင်းသား အယောက် ၂၀၀ နီးပါးရှိတယ်လို့ သိရပါတယ်။







