ထိုးစစ် ၂ လအတွင်းမှာ စစ်ကောင်စီရဲ့ စခန်းကြီး/ငယ် ၇၀ ဝန်းကျင် KIA သိမ်းပိုက်

18

 

ဧပြီ၊၂၉

ကချင်လွတ်လပ်ရေးတပ်မတော်(KIA)ကနေ စတင်လိုက်တဲ့ မြစ်ကြီးနား-ဗန်းမော်လမ်းတစ်လျှောက်က ထိုးစစ်နှစ်လနီးပါးအကြာမှာ စစ်ကောင်စီရဲ့ စခန်းကြီး/ငယ် ၇၀ ဝန်းကျင်ကို သိမ်းပိုက်နိုင်ခဲ့ပြီလို့ ကချင်လွတ်လပ်ရေးအဖွဲ့အစည်း(KIO/KIA) ပြန်ကြားရေးတာဝန်ခံ ဗိုလ်မှူးကြီးနော်ဘူက ပြောပါတယ်။

ကချင်လွတ်လပ်ရေးအဖွဲ့အစည်း(KIO/KIA)ဌာနချုပ်ရှိရာ လိုင်ဇာမြို့အနီးက စစ်ကောင်စီအထိုင်တပ်စခန်းတွေနဲ့ မြစ်ကြီးနား-ဗန်းမော်လမ်းတစ်လျှောက်က စစ်ကောင်စီတပ်စခန်း အချို့ကို မတ်လ ၇ ရက်နေ့ကနေ KIA ဘက်နေ တစ်ပြိုင်နက် ထိုးစစ်ဆင်တိုက်ခိုက်ခဲ့တာလည်း ဖြစ်ပါတယ်။

လက်ရှိအချိန်မှာတော့ ထိုးစစ်ဆင်တဲ့နေ့(မတ်လ ၇)ရက်နေ့ကစပြီး ဒီကနေ့ အထိ မြစ်ကြီးနား-ဗန်းမော်-လွယ်ဂျယ်လမ်းတစ်လျှောက် အပြင် တစ်ခြား တပ်မဟာ(၁)ဘက်နဲ့ တပ်မဟာ(၉)အစရှိတဲ့ နေရာတွေဘက်ကပါ ပေါင်းရင် သိမ်းပိုက်ထားနိုင်တဲ့ စစ်ကကောင်စီတပ်စခန်းကြီး/ငယ် အားလုံးပေါင်းဟာ ၇၀ နီးပါးရှိပြီလို့ ဗိုလ်မှူးကြီးနော်ဘူက မြစ်ကြီးနားသတင်းဂျာနယ်ကို အခုလို ပြောပါတယ်။

စခန်းကြီး/ငယ် အားလုံးပေါင်း ၇၀နီးပါး ဟုတ်ပြီလို့ ဗိုလ်မှူးကြီးနော်ဘူက ဆိုပါတယ်။

လိုင်ဇာမြို့အနီးက အရေးကြီးတပ်စခန်းကြီးတွေဖြစ်တဲ့ ခယာတောင်၊ ဘွမ်ရယ်အောင်၊ဖွန်းပျန်တောင်၊ အင်တပ်တောင် စတာတွေကိုသိမ်းပိုက်ထားတာဖြစ်ပြီး မိုးမောက်-လွယ်ဂျယ်တစ်ကြောက စစ်ကောင်စီတပ်ရဲ့ အရေးကြီးတဲ့ တပ်စခန်းကြီးနှစ်ဖြစ်တဲ့ စိန်လုံတပ်စခန်းကြီးနဲ့ ယောယုံတပ်စခန်းကြီးအပြင် လော့မွန် (Lawmun)၊ လော့ဒန်(Lawdan)၊ ရှန်တိုင်(Shangtai)၊ ဖလန်း(Hpalang Bum) အစရှိတဲ့ စခန်းကြီး/ငယ် စုစုပေါင်း ၁၃ ခုကို KIA ကနေ သိမ်းပိုက်ထားပြီး စီးပွားရေးအရ အရေးပါတဲ့ တရုတ်နယ်စပ်က လွယ်ဂျယ်မြို့ကိုလည်း သိမ်းပိုက် ထိန်းချုပ်ထားပါတယ်။

လက်ရှိအချိန်အထိလည်း KIAဘက်က ထိုးစစ်ဆင်တိုက်ပွဲတွေ အရှိန်လျော့သွားတာမျိုး မရှိသေးဘဲ ကချင်ပြည်နယ်အတွင်းက နေရာအနှံ့မှာ တိုက်ပွဲတွေ ဆက်တိုက်ဖော်ဆောင်နေတာကိုလည်း တွေ့ရှိရပါတယ်။

KIO/KIA ဥက္ကဌ ဗိုလ်ချုပ်ကြီးအင်ဘန်လက နှစ်သစ်မိန့်ခွန်းမှာ ဒီနှစ်ဟာ အပြောင်းအလဲနှစ်တစ်နှစ် ဖြစ်လာမယ်လို့ ပြောဆိုပြီးနောက် KIA ဘက်ကနေ ရှမ်းမြောက်နဲ့ ကချင်ပြည်နယ်ဘက်မှာ တိုက်ပွဲတွေ ဖော်ဆောင်နေတာ ဖြစ်ပြီးတော့ အထက်ပါမြစ်ကြီးနား-ဗန်းမော်လမ်းထိုးစစ်ကြီးကိုတော့ မတ်လ ၇ ရက်နေ့မှာ စတင်ခဲ့တာ ဖြစ်ပါတယ်။

ဓါတ်ပုံ- KIA စစ်သင်တန်းတစ်နေရာ။

 

 

 

 

LEAVE A REPLY

Please enter your comment!
Please enter your name here