တော်လှန်ရေးပြီးဆုံးဖို့ နီးကပ်နေပြီလို့ NUG ပြော၊ တစ်နိုင်လုံးရဲ့ ၆၀ ရာခိုင်နှုန်းကို တော်လှန်ရေးအင်အားစုတွေ ထိန်းချုပ်ထားတယ်လို့ဆို

15
Photo Credit- NUG-MOD

 

ဧပြီ၊ ၃၀

အာဏာသိမ်းစစ်ကောင်စီကို တော်လှန်နေတဲ့ တော်လှန်ရေးကြီးပြီးဆုံးဖို့ အချိန်နီးကပ်နေပြီလို့ အမျိုးသားညီညွတ်ရေးအစိုးရ (NUG) က ဒီနေ့ ပြောလိုက်ပါတယ်။

ဒီနေ့ပြုလုပ်တဲ့ NUG ဖွဲ့စည်းမှု ၃ နှစ်ပြည့်နဲ့ပတ်သက်တဲ့ သတင်းစာရှင်းလင်းပွဲမှာ မြစ်ကြီးနားသတင်းဂျာနယ်ရဲ့ မေးမြန်းမှုကို NUG ရဲ့ ကာကွယ်ရေးဝန်ကြီးဌာန၊ အမြဲတန်းအတွင်းဝန် ဦးနိုင်ထူးအောင်က ဖြေကြားခဲ့တာဖြစ်ပြီး တော်လှန်ရေးပြီးဆုံးမယ့် ခန့်မှန်းကာလကိုတော့ မပြောခဲ့ပါဘူး။

အကောင်းဆုံးကို မျှော်လင့်ထားမယ်ဆိုရင်တော့ တော်တော်ကြီးကို နီးနေတဲ့အနေအထားမျိုး ရှိနေပြီဆိုတာကို ပြောလို့ရတယ်။ အကျအဆုံးဆိုတဲ့ မျှော်မှန်းချက်ဆိုရင်တောင်မှ ကျွန်တော်တို့လျှောက်ခဲ့တဲ့လမ်းက တစ်ဝက်မကတော့ဘူး။ လို့ ဦးနိုင်ထူးအောင်က ပြောပါတယ်။

ဒါ့အပြင် NUG အနေနဲ့ တော်လှန်ရေးအမြန်ဆုံးပြီးဆုံးဖို့နဲ့ ဖက်ဒရယ်ဒီမိုကရေစီနိုင်ငံတည်ထောင်နိုင်ရေးအတွက်ကို အမြဲတမ်းဦးစားပေးဆောင်ရွက်နေတယ်လို့လည်း ဆိုပါတယ်။

လက်ဝှေ့ပွဲတစ်ပွဲနဲ့တူပါတယ်။ ဘယ်သူက နိုင်နိုင်ပြီး ဘယ်သူက အသာစီးရနေပြီလည်းဆိုတာ သိနေရပြီ။ ပွဲရဲ့အဖြေကို သိနေရရင်တောင်မှ ဘယ်အချီရဲ့ ဘယ်နှမိနစ်မှာ အလဲထိုးနိုင်မလဲဆိုတာကတော့ မိမိရဲ့အားတင်မဟုတ်ဘဲ တစ်ဖက်က ခံနိုင်ရည်က ဘယ်လောက်ရှိသလဲ။ နောက်ပြီး ထိုးနေတဲ့ဗျူဟာက ဘယ်လိုမျိုးလဲဆိုတာမျိုးတွေရှိပါတယ်။ လို့ ဦးနိုင်ထူးအောင်က ပြောပါတယ်။

NUG နဲ့ တိုင်းရင်းသားတော်လှန်ရေးတပ်ဖွဲ့ဝင်တွေဟာလည်း နယ်စပ်ကုန်သွယ်ရေးမြို့ ၅ မြို့အပါအဝင်

မြန်မာတစ်နိုင်ငံလုံးရဲ့ ၆၀ ရာခိုင်နှုန်းကျော်ကို ထိန်းချုပ်ထားနိုင်ပြီလို့လည်း NUG ဝန်ကြီးချုပ်ရုံး ပြောခွင့်ရသူ ဦးနေဘုန်းလတ်ကလည်း ဒီနေ့ပြောခဲ့ပါသေးတယ်။

 

 

LEAVE A REPLY

Please enter your comment!
Please enter your name here