အဓမ္မစစ်မှုထမ်းဥပဒေကြောင့် ထွက်ပြေးချင်တဲ့သူတွေကို တိုင်းရင်းသားအဖွဲ့တွေဆီ NUG ချိတ်ဆက်ပို့ဆောင်ပေးနေ၊ တစ်လအတွင်း လာရောက်စုံစမ်းသူ ၁၅,၀၀၀ ဝန်းကျင်ရှိဟုဆို

20
ဓါတ်ပုံ- စစ်ကောင်စီမှ သင်တန်းသားသစ်များအား စစ်သင်တန်းပေးနေစဉ်။

ဧပြီ၊ ၃၀

စစ်ကောင်စီရဲ့ အဓမ္မစစ်မှုထမ်းဥပဒေကြောင့် တိမ်းရှောင်ချင်တဲ့သူတွေကို တိုင်းရင်းသားအဖွဲ့တွေနဲ့ ချိတ်ဆက်ပြီး ကူညီဆောင်ရွက်ပေးနေတာတွေ ရှိတယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ (NUG) က ဒီနေ့ ထုတ်ဖော်ပြောကြားလိုက်ပါတယ်။

ဒီနေ့ပြုလုပ်တဲ့ NUG ဖွဲ့စည်းမှု ၃ နှစ်ပြည့်နဲ့ပတ်သက်တဲ့ သတင်းစာရှင်းလင်းပွဲမှာ မြစ်ကြီးနားသတင်းဂျာနယ်ရဲ့ မေးမြန်းမှုကို NUG ဝန်ကြီးချုပ်ရုံး ပြောခွင့်ရသူ ဦးနေဘုန်းလတ်က ဖြေကြားခဲ့တာပါ။

အဲဒီလို ကူညီဆောင်ရွက်မှုကို NUG ရဲ့ လူသားချင်းစာနာထောက်ထားရေးနဲ့ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲရေးဝန်ကြီးဌာန (MOHADM) က စီစဉ်ဆောင်ရွက်ပေးနေတာဖြစ်တယ်လို့ သိရပါတယ်။

တိမ်းရှောင်ချင်တယ်ဆိုရင် သူတို့ရဲ့နယ်မြေတွေမှာ လက်ခံကြမယ်ဆိုပြီးတော့ စဉ်းစားကြတာတွေရှိသလို ထုတ်ဖော်ပြောဆိုထားတာတွေလည်း ရှိပါတယ်။ ဒါတွေလည်းပဲ ကျွန်တော်တို့က လာရောက်ဆက်သွယ်သူတွေနဲ့ ဒီတိုင်းရင်းသားအစုအဖွဲ့တွေနဲ့ ချိတ်ဆက်ပြီး လုပ်ကိုင်ဆောင်ရွက်နေတာမျိုးတွေလည်း ရှိပါတယ်။ လို့ NUG ဝန်ကြီးချုပ်ရုံး ပြောခွင့်ရသူ ဦးနေဘုန်းလတ်က ပြောပါတယ်။

ဒါ့အပြင် စစ်ကောင်စီရဲ့ အဓမ္မစစ်မှုထမ်းဥပဒေကြောင့် NUG ဆီကို လာရောက်စုံစမ်းတဲ့သူတွေဟာလည်း မတ်လ ၃၀ ရက်နေ့ကနေ ဒီနေ့အထိ တစ်လအတွင်း ၁၅,၀၀၀ (တစ်သောင်းခွဲ) ဝန်းကျင်ရှိနေပြီး လာမေးတဲ့သူအများစုဟာ အမျိုးသားတွေဖြစ်တယ်လို့ ဆိုပါတယ်။

စစ်ကောင်စီရဲ့ လက်အောက်ကနေထွက်နိုင်ဖို့အတွက် ဖန်တီးပေးသွားမှာတွေရှိတယ်။ သို့သော် တကယ့်စစ်မြေပြင် ရောက်သွားပြီဆိုရင်တော့ ဘယ်သူဘယ်ဝါဆိုတာတော့ ခွဲခြားဖို့ ခက်ပါတယ်။ သို့သော် အရှင်ဖမ်းဆီးလို့ရရှိတယ် စစ်သုံ့ပန်းဖြစ်လာတယ်ဆိုရင်တော့ အဲဒီအပေါ်မှာတော့ အတတ်နိုင်ဆုံး စိစစ်ပြီးတော့ ဆောင်ရွက်လို့ရနိုင်တာမျိုးတွေ ရှိပါတယ်။ လို့လည်း အဓမ္မစုဆောင်းခံရတဲ့ တပ်သားသစ်တွေနဲ့ပတ်သက်ပြီး NUG ရဲ့ ကာကွယ်ရေးဝန်ကြီးဌာန အမြဲတန်းအတွင်းဝန် ဦးနိုင်ထူးအောင်က ပြောပါတယ်။

ပြီးခဲ့တဲ့ ဧပြီလ ၁၈ ရက်နေ့က ဗမာ့ရေးရာနှင့် ပဋိပက္ခလေ့လာရေးအဖွဲ့ (BACS) က ထုတ်ပြန်ခဲ့တဲ့ အစီရင်ခံစာအရတော့ စစ်ကောင်စီဟာ တပ်သားသစ် ၅,၀၀၀ ဝန်းကျင်ကို သင်တန်းအပတ်စဉ် ၁ မှာ စုဆောင်းခဲ့ပြီး အဲဒီသင်တန်းသားတွေကို သင်တန်းကျောင်း ၁၅ ခုကို ပို့ဆောင် လေ့ကျင့်ပေးနေတယ်လို့ သိရပါတယ်။

ဓါတ်ပုံ- စစ်ကောင်စီမှ သင်တန်းသားသစ်များအား စစ်သင်တန်းပေးနေစဉ်။

 

LEAVE A REPLY

Please enter your comment!
Please enter your name here