Face of Beauty Myanmar 2019 ပြိုင်ပွဲကြီးမှာ Winner ဆုကိုရရှိသွားတဲ့ MJ

1937

ဒီအပတ် အနုပညာကဏ္ဍမှာတော့ “Miss တစ်ယောက်ဖြစ်ဖို့က ငယ်ငယ်လေးကတည်းက အိပ်မက်ဖြစ်ပါတယ်။ မြန်မာနိုင်ငံဂုဏ်ဆောင်ဖြစ်ချင်တာက ညီမရဲ့ မျှော်လင့်ချက်တစ်ခု ဖြစ်ပါတယ်”ဆိုတဲ့ Trans Woman တစ်ဦးနဲ့ မိတ်ဆက်ပေးချင်ပါတယ်။သူကတော့ ၂၀၁၉ခုနှစ် သြဂုတ်လ ၁ရက်နေ့ ရန်ကုန်မြို့ Junction City မှာ ကျင်းပပြုလုပ်ခဲ့တဲ့ Face of Beauty Myanmar 2019 ပြိုင်ပွဲကြီးမှာ Winner ဆုကိုရရှိသွားတဲ့ ကချင်ပြည်နယ် မြစ်ကြီးနားမြို့ စီတာပူရပ်ကွက်- ၆ မှာနေထိုင်တဲ့ MJ ဖြစ်ပါတယ်။ 

 

အရင်ဦးဆုံး လူမျိုးနဲ့နာမည်အရင်းကို ပြောပြပေးပါဦး။
လူမျိုးက ကချင်ပါ။ မျိုးရိုးနာမည်က မရန်ဖြစ်ပါတယ်။ အိမ်မှာခေါ်တဲ့နာမည်က ဇော်ဖန်းအောင်လို့ ခေါ်ပါတယ်။ မိသားစု ၅ ယောက် ရှိပါတယ်။ သားယောကျာ်းလေး ၃ယောက်ရှိတဲ့အထဲက အကြီးဆုံးအစ်ကို ဖြစ်ပါတယ်။

Miss ပြိုင်တဲ့အခါမှာတော့ ဘယ်လိုနာမည်နဲ့ ပြိုင်ဖြစ်လဲ။
MJ ဆိုတဲ့နာမည်နဲ့ ပြိုင်ပါတယ်။ အခုနောက်ပိုင်း ဒီနာမည်နဲ့ပဲ အနုပညာအလုပ် လုပ်သွားပါမယ်။

ဒီလို ပြိုင်ပွဲဝင်ပြိုင်ရတဲ့ ရည်ရွယ်ချက်ကို သိပါရစေ။
ဒီပြိုင်ပွဲတွေကို ဝင်ပြိုင်ရတာက LGBT တွေကို အထင်အမြင်သေးကြတဲ့သူတွေ အများကြီး ရှိပါတယ်။ အဲသလိုတွေ ရှိကြတော့ LGBT လည်း ကိုယ်ပိုင်စွမ်းရည်တွေ ရှိကြတယ်၊ လူများနဲ့တန်းတူ အခွင့်အရေးရှိတယ်ဆိုတဲ့အချက်တွေကို ပြချင်တယ်။ ပြီးတော့ ကိုယ့်ရဲ့ LGBT အချင်းချင်း စိတ်အားမငယ်ဖို့၊ ကိုယ်က လုပ်နိုင်စွမ်းရှိတယ်ဆိုတဲ့အချက်တွေကို ပြချင်လို့ ဝင်ပြိုင်ဖြစ်တာပါ။

ပြိုင်ပွဲအတွက် ကြိုတင်ပြင်ဆင်မှုတွေကိုလည်း ပြောပြပေးပါဦး။
အဝတ်အစား၊ ဘော်ဒီပိုင်း၊ ငွေရေးကြေးရေးတွေက အစပြင်ဆင်ဖြစ်တယ်။ ကိုယ့်အမျိုးတွေက အားမပေးဘူး။ ဒါပေမဲ့ ကိုယ်က လုပ်နိုင်တယ်ဆိုတာကို ပြချင်လို့ အခက်အခဲတွေကို ကျော်ဖြတ်ခဲ့တယ်။

ကိုယ့်ကိုယ်ကို Trans Woman အနေနဲ့ ပြောင်းလဲခံယူလိုက်တဲ့အချိန်က ဘယ်တော့လောက် ဖြစ်မလဲ။
မွေးကတည်းက မိန်းကလေးစိတ်နဲ့ မွေးလာတာပေါ့နော်။ ၉ တန်း ၁၀ တန်းလောက်မှာတော့ မိန်းကလေးလို မနေရဘူးလေ။ ဆယ်တန်းအောင်ပြီး ၂၀၁၅ ခုနှစ်မှာ ကိုယ့်ဘဝကိုယ်ရပ်တည်တဲ့အချိန်မှာမှ မိန်းကလေးလိုပဲ ဘဝကို ပြောင်းလဲရပ်တည်လာခဲ့တယ်။

Trans woman အနေနဲ့ မပြောင်းလဲခင်တုန်းက မိသားစု အသိုင်းအဝိုင်းနဲ့ ပတ်ဝန်းကျင်မှာ ဖုံးကွယ်ပြီး နေနေရတဲ့အချိန် ဘယ်လိုခက်ခဲပြီး ဘယ်လိုခံစားရသလဲ။
ကိုယ်က အရမ်းပွင့်ချပစ်လိုက်ချင်ပေမယ့် အသိုင်းအဝိုင်းတွေက မလက်ခံဘူး။ trans အပေါင်းအသင်းတွေလည်း အများကြီး ရှိတယ်။ ဒါပေမဲ့ ကိုယ့်ကို မပေါင်းခိုင်းဘူး။ ကိုယ့်ရဲ့စိတ်က နူးညံ့သိမ်မွေ့တဲ့ဘက်ကို သွားနေတာလေနော်။ အိမ်သားတွေမသိအောင် ခိုးပြီး သူတို့နဲ့ပေါင်းတယ်။ လျှောက်လည်တယ်ပေါ့လေ။ အရမ်းနေရခက်ခဲ့တယ်။ ဆယ်တန်းဖြေပြီးတဲ့အချိန်မှ ကိုယ့်ကိုယ်ကိုယ် ပြောင်းလဲပစ်လိုက်တာပါ။

အဲ့သလို အမညေ တသာညေ အနေနဲ့ ခံယူလိုက်တော့ မိသားစုနဲ့ ပတ်ဝန်းကျင်တွေရဲ့ ပြောဆိုဆက်ဆံမှုတွေကို ဘယ်လိုဖြတ်ကျော်ရလဲ။
သူတို့ပြောတဲ့စကားတွေကို ကိုယ့်အတွက် ခွန်အားအဖြစ်သုံးလိုက်တယ်။ ခံယူသင့်တဲ့ စကားတွေဆိုရင် ခံယူလိုက်နာလိုက်တယ်။ မလိုတဲ့ဟာကို မမှတ်ယူဘူး။ အဲသလိုပဲ နေရာတစ်ခု ရအောင်လုပ်မယ်ဆိုပြီး ကြိုးစားလာခဲ့တာပါ။

အခုချိန်မှာကော အမျိုးတွေနဲ့မိသားစုတွေက လက်ခံကြပြီလား။
အခုကတော့ သူတို့က ကိုယ့်ကို လက်ခံကြပြီ။ အရင်ကတော့ သူမလုပ်နိုင်ပါဘူးလေ ဆိုပြီးပြောကြတယ်။ ဒါပေမဲ့ ကိုယ်က အစွမ်းကုန်ကြိုးစားတော့ သူငယ်ချင်းတွေက အစ အသိုင်းအဝိုင်းတွေ အကုန်လက်ခံလာကြပါတယ်။

Miss တစ်ယောက် ဖြစ်လာပြီဆိုတော့ ဘယ်လိုစိန်ခေါ်မှုတွေနဲ့ ကြုံရလဲ။
စိန်ခေါ်မှုတွေကအများကြီးပဲ။ ကိုယ်က အရမ်းကြိုးစားရဦးမယ်။ ကိုယ်က အခုမှ အစဆိုတော့လေ။ ပြီးတော့ မိန်းကလေးလို မပြည့်စုံသေးဘူး။ အဲဒါတွေပြည့်စုံအောင် နောက်လမဟုတ်ရင် အောက်တိုဘာလ လောက်မှာ ဆီလီကွန်ထည့်ဖို့ အစီအစဉ်တွေရှိပါတယ်။ သူများနိုင်ငံက Trans Woman တွေနဲ့ ယှဉ်ရင်လည်း ကိုယ်က အများကြီးကြိုးစားရဦးမယ်။

ဒီလိုပြိုင်ပွဲတွေ ဝင်ပြိုင်ဖို့ တွန်းအားက ဘယ်သူကြောင့်လို့ပြောလို့ရမလဲ။
သူငယ်ချင်းတွေရဲ့ တွန်းအားကြောင့်လည်း ပါတယ်။ ပြီးတော့ ကိုယ်ကိုယ်တိုင်လည်း စိတ်ဝင်စားလို့ ဖြစ်ပါတယ်။

LGBT တွေကို အများက အထင်အမြင်သေးတာတွေ၊ မိသားစုအသိုင်းအဝိုင်းတွေ အမျိုးမျိုးပြောကြတဲ့ထဲက ဘယ်လိုခံယူချက်နဲ့ ဘဝတိုးတက်ဖို့ ရှေ့ဆက်တိုးလျှောက်လှမ်းဖြစ်ပါသလဲ။
အဓိက က ကိုယ်ရဲ့စိတ်ဓာတ် ကောင်းနေဖို့ပဲ အရေးကြီးတယ်။ ဘာကြောင့်လဲဆိုတော့ နဂိုကတည်းက အထင်အမြင်သေးနေတဲ့အထဲက ကိုယ့်စိတ်ဓါတ်က မကောင်းနေရင် ပိုပြီး အထင်အမြင် သေးသွားနိုင်တယ်လေ။ ဆက်ဆံရေးကောင်းရမယ်။ ဒါမှ လူများပြောနေရင်လည်း ပေါင်းကြည့်တဲ့သူက အော်…သူက စိတ်ဓါတ်ကောင်းတယ်ဆိုပြီး ပြောလာကြမှာပေါ့။ ပိုပြီး ပေါင်းတဲ့သူ ရှိလာမယ်ပေါ့။

ညီမကို စိတ်ဓာတ်ခွန်အားပေးစေတဲ့ ဆောင်ပုဒ်ရှိရင်လည်း ပြောပြပေးပါဦး။
Be Confidence, Be You.ကိုယ့်ကိုယ်ကို ယုံကြည်မှုရှိမှ ရလဒ်ရှိမှာပေါ့နော်။ အဓိကက ယုံကြည်မှုရှိရင်တော့ ဘာပဲလုပ်လုပ် အောင်မြင်မှာပါလို့။

ပြိုင်ပွဲဝင်ဖြစ်ခဲ့တဲ့ ပွဲတွေနှင့် ဆုတွေကိုလည်းပြောပြပေးပါဦး။
Miss Rupasandi Mandalay Davi 2018 ပြိုင်တုန်းကတော့ The Best Catwalk ဆုရတယ်။ Miss Beauty Queen of Kachin State 2018 ပြိုင်ပွဲမှာတော့ Classic Winner ဆုနဲ့ The Best Catwalk ဆုရတယ်။ ပြီးတော့ Miss MDM International 2019 ပြိုင်ပွဲမှာတော့ Sittwe Winnerဆုနဲ့ The Best Attractionဆုရတယ်။ နောက်ဆုံးပြိုင်ပွဲဖြစ်တဲ့ Face of Beauty Queen 2019 ပြိုင်ပွဲမှာတော့ 1st runner up(miss international queen 2021) ဆုနဲ့The Best Swimsuit Award ဆုရခဲ့ပါတယ်။

နောက်ထပ်ရော ပြိုင်ပွဲတွေ ဝင်ပြိုင်ဖို့အစီအစဉ်ရှိပါသလား။
ဒီနှစ်နဲ့နောက်နှစ်က Speaking နဲ့ Transform အပိုင်းတွေ လုပ်မယ်။ ၂၀၂၁မှာ ထိုင်းနိုင်ငံမှာ ပြိုင်ပွဲတစ်ခု ပြိုင်ဖို့ရှိတယ်။ ဒါပြီးရင်တော့ ပြိုင်ပွဲတော့ မပြိုင်ဖြစ်တော့ဘူးထင်တယ်။ အနုပညာပိုင်းပဲ ပိုလုပ်ဖြစ်မယ်။

LGBT တွေကို အထင်အမြင်သေးပြီး ပြောဆိုဆက်ဆံတဲ့သူတွေအပေါ် ညီမလေး MJ အနေနဲ့ ဘယ်လို တုံ့ပြန်တတ်လဲ။
သူတို့ကို တုံ့ပြန်ရမှာထက် ပိုပြီး မေတ္တာတရားထားလိုက်တယ်။ ကိုယ့်ကို လက်ခံဖို့ မေတ္တာပြလိုက်တယ်။ အဓိက က မေတ္တာတရားရှိဖို့ပါပဲ။

ကချင်ပြည်နယ်မှာရှိတဲ့ LGBT တွေကို ညီမလေး MJ အနေနဲ့ စကားလက်ဆောင် ပါးပေးပါဦး။
အဓိက ယုံကြည်မှုနဲ့ပဲ အသက်ရှင်ပါလို့ ပြောချင်ပါတယ်။ ကိုယ်ဖြစ်ချင်တဲ့အရာကို လက်တွေ့လုပ်ဖို့ ကိုယ့်မှာ အခွင့်အရေးရှိတယ်။ အဲဒီအခွင့်အရေးကို မဖုံးမကွယ်ထားဘဲ ကိုယ့်ကိုယ်ကို မရှက်ဘဲ လူများရှေ့မှာချပြရဲရမယ်။ ပြောချင်တာက မကြောက်မရွံ့ ရဲရဲဝံ့ဝံ့ချပြသွားပါလို့ ပြောချင်ပါတယ်။ ပြီးတော့ LGBT အချင်းချင်း ကူညီပေးကြပါ။ အတူတူကြိုးစားကြရအောင်လို့လည်း ပြောချင်ပါတယ်။

အခုလို ဖြေကြားပေးတဲ့အတွက် ကျေးဇူးတင်ပါတယ်။

LEAVE A REPLY

Please enter your comment!
Please enter your name here