မြန်မာနိုင်ငံ၏ အရှေ့မြောက်ဘက်ဒေသတွင် အစိုးရနှင့် KIA တို့အကြား စစ်ပွဲများပြန်လည်ဖြစ်ပွားလာခဲ့သည်မှာ ၇ နှစ်မျှပင်ကြာမြင့်ခဲ့ပေပြီ။ အမျိုးသမီးများမှာ တရုတ်ပြည်သို့ လူကုန်ကူးခံကြရပြီး အဓမ္မလက်ထပ်ပေါင်းသင်းခံနေကြရသည်။

ဘောက်ဆန်၊ ဂျယ်ယန်းဒုက္ခသည်စခန်း(လူကုန်ကူးခံရသူ)
အသက် ၂၄ နှစ် အရွယ်မျှသာရှိသေးသော “ဘောက်ဆန်”သည် ငရဲခန်းမှလွတ်မြောက်လာခဲ့ပြီ ဖြစ်သည်။
သူမ၏ မျက်ရည်များက ပါးပြင်ပေါ်သို့ လိမ့်ဆင်းလာကြသည်။ ခေါင်းကိုလှည့်၍ ဘယ်ကြည့်ညာကြည့်လုပ်နေပုံမှာ သူ၏အမှတ်ရစရာဖြစ်ရပ်များကို ပြန်လည်ရှာဖွေနေသကဲ့သို့ ရှိသည်။ သူ စကားပြောရန် လိုအပ်နေပေပြီ။
လွန်ခဲ့သည့် ၆ နှစ်ခန့်ကတရုတ်နိုင်ငံ ကျေးလက်ဒေသတစ်နေရာရှိ အိမ်တစ်လုံး၏ နံရံလေးဘက်နောက်တွင် “ဘောက်ဆန်” အကျဉ်းကျခံခဲ့ရသည်။ လူကိုရောင်းစားခံခဲ့ရသည့်အပြင် အရိုက်နှက်ခံ၊ အဓမ္မအကျင့်ခံ၊ နှိပ်စက်ခံခဲ့ရသေးသည်။ သာမန်တောင်သူလယ်သမားမိဘနှစ်ပါး၏ သမီးဖြစ်သူ ဘောက်ဆန်သည် တရုတ်နိုင်ငံနယ်စပ်အနီးရှိ ဇာတိကျေးရွာနန်းဟုန်မှ လွန်ခဲ့သည့် ၇ နှစ်ကပင် ထွက်ခွာရန် အကြောင်းဖန်လာခဲ့ရသည်။ မြန်မာစစ်တပ်မှ စစ်သည်များ ဘောက်ဆန်တို့ဒေသသို့ ရောက်ရှိလာပြီးနောက် ဒေသခံများထိတ်လန့်စိုးရိမ်ကာ နေရပ်စွန့်ခွာရန် အကြောင်းဖန်လာခြင်းဖြစ်သည်။ မြန်မာနိုင်ငံအရှေ့မြောက်ပိုင်းဒေသရှိ ကချင်ပြည်နယ်တွင် အစိုးရတပ်ဖွဲ့များနှင့် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ကို ပိုမိုကျယ်ပြန့်စွာတောင်းခံကြသော လက်နက်ကိုင် သူပုန်တို့အကြား တိုက်ပွဲများ ထူပြောလာခဲ့သည်မှာ ဆယ်စုနှစ်များစွာကပင် ဖြစ်သည်။
ကချင်ပြည်နယ် သယံဇာတပေါကြွယ်ဝမှုကို ခွဲဝေရယူကြလိုခြင်းကလည်း ထိုစစ်ပွဲများ၏ လောင်းကြေးတစ်ရပ်ပင်ဖြစ်သည်။ ဒေသအတွင်းပေါများလှသည့် ကျောက်စိမ်းတွင်းများနှင့် ဘိန်းခင်းများကတရုတ်ပြည်နှင့် ကူးသန်းရောင်းဝယ်ရေးလုပ်ငန်းကောင်းများဖြစ်သဖြင့် ယင်းတို့ကို ထိန်းချုပ်ခွင့် ရယူလိုခြင်းသည်လည်းနှစ်ဘက်တပ်ဖွဲ့များအကြားပဋိပက်္ခများ ဖြစ်ပွားနေကြရသည့် အဓိကအကြောင်းရင်းတစ်ရပ်ပင် ဖြစ်နေနိုင်ပေသည်။ ၂၀၁၁ ခုနှစ်တွင် အပစ်အခတ်ရပ်စဲရေး သဘောတူညီချက် ကျိုးပျက်ခဲ့ပြီးနောက်ဒေသတွင်းတိုက်ပွဲများ အရှိန်အဟုန် ပိုမိုမြင့်တက်လာခဲ့သည်။ ထိုနှစ်က အသက် ၁၇ နှစ်အရွယ်ရှိ ဘောက်ဆန်သည် လိုင်ဇာရှိ နေရပ်စွန့်ခွာထွက်ပြေးသူများနေထိုင်ရာ IDP စခန်းမှ မိသားစုထံသွားရောက်နေထိုင်ခဲ့သည်။ လိုင်ဇာသည် KIA ဌာနချုပ်ရုံးစိုက်ရာမြို့ဖြစ်ပြီး စစ်ဆေးရေးဂိတ်တစ်ခုတည်းဖြင့်သာ ပိုင်းခြားထားသော တရုတ်-မြန်မာနယ်စပ်တွင် တည်ရှိသည်။
“ကျွန်မမိဘတွေက အရမ်းဆင်းရဲတယ်။ အဲဒီစခန်းတွေမှာကလုပ်ရဖို့ကလည်း သိပ်ပြီးခက်ခဲတယ်လေ။ စခန်းကို ကျွန်မရောက်လာစမှာပဲ လူတစ်ယောက်က ကျွန်မကိုလာပြောတယ်။ တရုတ်ပြည်မှာ ကျွန်မအတွက် အလုပ်တစ်ခုရှိတယ်ပေါ့”။ ဘောက်ဆန်ကပြန်ပြောပြလာသည်။ “ဒါက ကျွန်မအတွက်တော့ မိသားစုကိုအထောက်အကူပြုပေးနိုင်တယ်။ အခွင့်အရေးတစ်ရပ်ပါပဲ။
များစွာသော လိုင်ဇာဒေသခံတို့သည် လုပ်ခလစာ ပိုမိုကောင်းမွန်သော တရုတ်ပြည်တွင်နေထိုင်ရန် စိတ်ကူးယဉ်ကာ သွားရောက်ကြလေ့ရှိသည်။ မိန်းမငယ်လေးက သံသယ တစ်ခွန်းတစ်စပင် မရှိဘဲ၊လူစိမ်းတစ်ယောက်နှင့်အတူသူ၏ကံကြမ်္မာကို စမ်းသပ်ရန်ဆုံးဖြတ်လိုက်သည်။ “လမ်းတစ်နေရာမှာ စွပ်ပြုတ်သောက်ရအောင်လို့ စားသောက်ဆိုင်တစ်ဆိုင်ကို ကျွန်မတို့ဝင်ကြတယ်။ စွပ်ပြုတ်ခွက်က စားပွဲပေါ်မှာ အဆင်သင့်ရောက်နေနှင့်တယ်။ အဲဒီမှာကျွန်မသံသယ၀င်မိဖို့ ကောင်းပေမယ့် အဲဒီအချိန်မှာတော့လုံးဝကို သတိမထားမိခဲ့တာပါ။” ထို့နောက် ဘောက်ဆန်တစ်ယောက် အာကာသတွင်းနက်ကြီးထဲသို့ ကျရောက်သွားတော့သည်။ ဘောက်ဆန် ဆေးခတ်ခံရပြီဖြစ်သည်။ အိပ်ရာမှနိုးလာချိန်တွင် ခရီးသည်တစ်ဦးနှင့်အတူ ကားတစ်စီးပေါ်တွင် ထိုင်လျှက်ပါလာသည့် ကိုယ့်ကိုယ်ကိုယ် ဘောက်ဆန်မြင်တွေ့မိသည်။ “ကျွန်မငိုတော့တာပဲ။ ကျွန်မမှာ ဘာဆိုဘာမှကို မကျန်ရစ်တာ။ သူက ကျွန်မရဲ့စာရွက်စာတမ်းအထောက်အထားတွေရော၊ ဖုန်းကိုပါ ခိုးသွားတာလေ။ တကယ့်အိပ်မက်ဆိုးကြီးပါပဲ။”
မော်တော်ယာဉ်ခရီးက ရှစ်နာရီကြာမြင့်သည်။ တရုတ်ပြည်သို့ရောက်သည်တွင် အမျိုးသမီးတစ်ဦးက ဘောက်ဆန်အား တရုတ်အမျိုးသမီးငယ်တစ်ဦးနေထိုင်သည့် အိမ်ဆီသို့ ခေါ်ဆောင်သွားခဲ့သည်။ ထိုအမျိုးသမီးက ဘာမှမသိ။ ဘောက်ဆန်နားလည်သည်က သူ့ကိုရောင်းစားထားခဲ့ပြီ ဆိုခြင်းပင်။ မြန်မာနိုင်ငံရဲတပ်ဖွဲ့က ထုတ်ပြန်ခဲ့သော ကိန်းဂဏန်းများအရ ၂၀၀၆ ခုနှစ်မှ၂၀၁၆ ခုနှစ်အတွင်း လူကုန်ကူးခံရသူပေါင်း ၃၄၈၉ ဦးကို ကယ်တင်ခဲ့ရကြောင်း သိရှိရသည်။ ယင်းတို့အနက် အများစုမှာ အဓမ္မလက်ထပ်ရန် ရောင်းစားခံရခြင်းဖြစ်သည်။ အခြားသူတို့မှာ ပြည့်တန်ဆာအဖြစ် ရောင်းစားခံကြရခြင်းဖြစ်သည်။ မြန်မာအမျိုးသမီးတစ်ဦး၏ ဈေးနှုန်းမှာ အသက်အရွယ်နှင့် ခန္ဓာကိုယ်ဖွဲ့စည်းပုံအလိုက် တရုတ်ယွမ်ငွေ ၆၀၀၀၊၄၀၀၀၀ (မြန်မာငွေ သိန်း ၁၀၀ မှ ၅၀၀ )အထိ ရှိသည်။ ထိုသို့ရောင်းစားခံရသူတို့၏ လေးပုံတစ်ပုံခန့်မှာ အသက် ၁၈ နှစ်အောက်အရွယ်များ ဖြစ်ကြသည်။
သို့ရာတွင် ကချင်အမျိုးသမီးများအဖွဲ့ (Kachin Women Association)၏ အထွေထွေအတွင်းအရေးမှူးဖြစ်သူ “ခေါန်ရှောင်”ကမူ မြန်မာနိုင်ငံရဲတပ်ဖွဲ့ကထုတ်ပြန်သော ကိန်းဂဏန်းများမှာ အဖြစ်မှန်ကိုထင်ဟပ်ခြင်းမရှိဟု ဆိုလာသည်။
“အဲဒီလိုရောင်းစားခံရတဲ့ လူတွေအများကြီး ရှိသေးတယ်။ကံမကောင်းချင်တော့ အမျိုးသမီးအတော်များများက ဘယ်သူဘယ်ဝါမှန်း မသိကြရဘူး။သူတို့မိသားစုတွေကလည်း အဲဒီအကြောင်း မပြောချင်ကြဘူး။ဒါမျိုးကိစ္စကို သူတို့က ရှက်စရာလို့ထင်ကြတာ။ နှစ်တိုင်းနှစ်တိုင်း ကျွန်မတို့တွေ ပညာပေးလှုံ့ဆော်မှုတွေ လုပ်ပေးနေပေမယ့်လည်း တရုတ်ပြည်ဘက်ကိုကူးတဲ့နှုန်းထား တိုးလာနေတယ်။
ကချင်အမျိုးသမီးများအဖွဲ့သည် ကချင်လက်နက်ကိုင်အဖွဲ့၏ လက်အောက်ခံအဖွဲ့ခွဲတစ်ခုဖြစ်ပြီး ၁၉၇၉ ခုနှစ်တွင်စတင်တည်ထောင်ခဲ့ခြင်းဖြစ်သည်။ ထိုအဖွဲ့က လူကုန်ကူးမှုတိုက်ဖျက်ရေး အစီအစဉ်တစ်ရပ်ရေးဆွဲဆောင်ရွက်နေခြင်းဖြစ်သည်။ “ကျွန်မတို့ကစာသင်ကျောင်းတွေဆီသွားပြီး ပညာပေးလှုံ့ဆော်မှုတွေလုပ်တယ်တယ်။ လက်ကမ်းစာစောင်တွေ ဝေတယ်။ ရေဒီယိုကနေလည်း လူကုန်ကူးမှုအန္တရာယ်အကြောင်း သတင်းစကားပါးပေးတယ်။ ခေါန်ရှောင်က ဆက်ပြောလာသည်။
“ဒါပေမယ့် ဒေသခံတွေက ပညာမတတ်ကြတာများတော့ကျွန်မတို့ပေးပို့တဲ့ သတင်းစကားတွေအပေါ်မှာ တုန့်ပြန်မှုတွေ အရမ်းနည်းပါးတယ်”။
ဥပဒေတွေကို ပြောင်းလဲပစ်ဖို့ခက်တယ်
ထိုပြဿနာကား နိုင်ငံရေးအခြေအနေပေါ်တွင်လည်း အခြေပြုသည်။ ၂၀၁၇ ခုနှစ်တွင်အမေရိကန်ပြည်ထောင်စုကမြန်မာနိုင်ငံအား လူကုန်ကူးမှုတိုက်ဖျက်ရေးကို တင်းကြပ်စွာဆောင်ရွက်ခြင်းမရှိသည့် နိုင်ငံများအဖြစ် အမည်ပျက်စာရင်းသွင်းထားခြင်းမှ ပယ်ဖျက်ပေးခဲ့သည်။ သို့ရာတွင် လက်တွေ့တွင်မူ အခြေအနေက ရှုပ်ထွေးဆဲရှိသည်။ လူကုန်ကူးမှု တိုက်ဖျက်ရေးဥပဒေတစ်ရပ်ကို၂၀၀၅ ခုနှစ်တွင် ပြဌာန်းခဲ့ပြီးဥပဒေချိုးဖောက်သူတို့ကို ကြီးလေးသောပြစ်ဒဏ်များ ချမှတ်မည်ဖြစ်ကြောင်း အသိပေးထုတ်ပြန်ထားသည့်တိုင် တရားရုံးသို့ စွဲဆိုတင်ပို့နိုင်သော လူကုန်ကူးမှုအရေအတွက်က နည်းပါးလွန်းလှသည်။
“ဥပဒေစာသားတွေကို ပြင်ဖို့က ခက်တယ်” ခေါန်ရှောင်ကဆိုလာသည်။ “ကျွန်မတို့အနေနဲ့က အစိုးရသုံးရပ်နဲ့ ရင်ဆိုင်နေရတာပါ။ ဒေါ်အောင်ဆန်းစုကြည်ဦးဆောင်တဲ့ ရန်ကုန်က ဗဟိုအစိုးရပါ။ သူတို့နဲ့ကျတော့ ကျွန်မတို့ ညှိညှိနှိုင်းနှိုင်းလုပ်ရတယ်။ ကချင်ပြည်နယ်အစိုးရနဲ့ကျတော့ ကျွန်မတို့ ပူးပေါင်းဆောင်ရွက်ရတယ်။ ပြီးတော့ တရုတ်အစိုးရပေါ့။ လူကုန်ကူးခံရတဲ့လူတွေကို ရှာဖွေဖော်ထုတ်ဖို့အတွက်တရုတ်ရဲတပ်ဖွဲ့နဲ့ ကျွန်မတို့အဖွဲ့လက်တွဲပြီး တကယ်အလုပ်လုပ်ရတဲ့အခါမျိုးမှာ ရန်ကုန်ကဗဟိုအစိုးရနဲ့ ဆက်ဆံရေးတွေဟာ ပိုပြီးတော့ ရှုပ်ထွေးတတ်ပါတယ်”။

မိုင်ဂျာယန်အချုပ်စခန်း၊ မလရှီးဆန်ရာ လူကုန်ကူးသည်ဟု ယူဆရသူ
အခြားသော နယ်စပ်မြို့တစ်မြို့ဖြစ်သည်။ မိုင်ဂျာယန်တွင် လရှီးဆန်ရာသည် အချုပ်ခန်းကျဉ်းလေးတစ်ခုအတွင်းအခြားသောအမျိုးသမီးများနှင့်အတူ နေရသည်။ သူသည်အက် ၂၃ နှစ်မျှသာရှိသေးပြီးရုံးတင်စစ်ဆေးမှုခံယူရန် အချုပ်ခန်းအတွင်းမှ စောင့်ဆိုင်းနေသည်မှာ ကိုးလမျှရှိနေပြီဖြစ်သည်။ သူ၏ အမှုကြောင်းကလည်း ရှုပ်ထွေးသည်။ “ကျွန်မကို လူမှောင်ခိုထုတ်မှုမှာ ပတ်သက်နေတယ်လို့ သူတို့ကစွပ်စွဲကြတာပဲ။ ဒါပေမယ့် ကျွန်မက အမျိုးသမီးနှစ်ယောက်ကိုအာမခံပေးရုံပဲရှိတာ။ အဲဒီထဲကတစ်ယောက်က မင်္ဂလာဆောင်ဖို့ရာ သဘောတူတယ်လေ။ ကျွန်မ ဘာမှအပြစ်လုပ်ခဲ့တာ မရှိဘူး”။ သူက သူ့ကိုယ်သူ ကာကွယ်ပြောကြားလာသည်။လူမှောင်ခိုထုတ်သူများ အဆင်ပြေချောမွေ့စွာ ဆောင်ရွက်နိုင်ရေး အကူအညီပေးခဲ့သဖြင့် အမျိုးသမီးနှစ်ယောက်စာအတွက် တရုတ်ယွမ်ငွေ ၃၅၀၀ကို သူ လက်ခံရရှိခဲ့သည်။ ကြံစိုက်ခင်းတွင် အလုပ်ကြမ်းမျိုးစုံလုပ်ရ သို့တည်းမဟုတ် အသားကင်ဆိုင်တွင်တစ်နေကုန် မတ်တပ်ရပ်အလုပ်လုပ်နိုင်ပါမှ တစ်လလျှင် ကျပ် ၁၀၀၀၀၀မျှသာရရှိသော သူ၏ပျမ်းမျှလစာနှင့်နှိုင်းယှဉ်ပါက အဆများစွာ ကွာခြားလှသည်။
“ဒီအမျိုးသမီးက ထောင်နှစ်ရှည်ကျမှာ”။ အချုပ်ခန်းစောင့် ဘရန်နူးက ပြောပြလာခြင်းဖြစ်သည်။


ဂျယ်ယန်းဒုက္ခသည်စခန်း၊ အခူးမရန် (စိတ်ဝေဒနာရှင်) လူကုန်ကူးခံရသူ
“အခူးမရန်”၏ မိခင်ဖြစ်သူက သမီးနှင့်အတူနေထိုင်သော IDP စခန်းတစ်ခုမှ တဲငယ်တစ်ခုအတွင်း ထိုင်နေရင်းထုတ်ဖော်ပြောကြားလာသည်။
“ကျွန်မသမီးက စိတ်ရောဂါသည်လေ။ လူမှောင်ခိုထုတ်တဲ့လူတွေက သူ့ကိုအဓမ္မကျင့်ဖို့ အခွင့်အရေးယူခဲ့တဲ့အပြင် သူတို့နောက်လိုက်ပြီး အလုပ်လုပ်ဖို့လည်း အယုံသွင်းခဲ့ကြတာ။ သူ့ကို ရောင်းစားသွားတဲ့လူက ကျွန်မရဲ့အိမ်နီးချင်းတစ်ယောက်ပဲ။ ကျွန်မအိမ်ရှေ့တင်နေတာ။ ဒီလူဟာ ကျွန်မသမီးလေးကို ဘယ်လိုစိတ်နဲ့များ ဒီလိုလုပ်ရက်သလဲ။ စဉ်းစားလို့ကိုမရဘူး။ ဒီကိစ်္စကို ရက်ပိုင်းလောက်ကြာမှ သိခဲ့ရတာ။ ကချင်အမျိုးသမီးများအဖွဲ့ကို ကျေးဇူးတင်ပါတယ်။ သူတို့တွေက တရုတ်ရဲနဲ့ ဆက်သွယ်ပေးလို့။ ဒါပေမယ့် လူမှောင်ခိုထုတ်တဲ့လူတွေကတော့ ဘယ်သူမှ အရေးယူမခံရဘူးလေ”။
ဖွမ်လုံယန် ဒုက္ခသည်စခန်း၊ အွန်ပု(လူကုန်ကူးခံရသူ)
ကျွန်မယောက်ျား ဘိန်းစွဲနေတာပါ
ထိုသို့သော မိသားစုတို့၏စီးပွားရေးအခြေအနေမှာ နုံချာလှသဖြင့် မိဘအများအပြားက ငွေကြေးတန်ဖိုးအနည်းငယ်မျှနှင့်ပင် သူတို့၏ကလေးငယ်များကို ရောင်းချရန် သဘောတူညီတတ်ကြသည်။ “အွန်ပု”သည် အသက် ၁၅ နှစ်အရွယ်မှာပင် ဦးလေးဖြစ်သူက တရုတ်ပြည်သို့ ခေါ်ဆောင်သွားပြီး အဓမ္မထိန်းမြားလက်ထပ်ပေးခြင်း ခံခဲ့ရသည်။ မိသားစုအသစ်သို့ ရောက်သည်နှင့် အဆင်ပြေအောင် မနေနိုင်ပါကအခြားသူများထံ ရောင်းချခံရမည်ဖြစ်ကြောင်း အွန်ပုကိုပြောလာခဲ့ကြသည်။ “ကျွန်မယောက်ျားက ဘိန်းစွဲနေတာပါ။ ကျွန်မကို ရိုက်လည်းရိုက်တယ်။ သူနဲ့ ကလေး၂ ယောက်ရခဲ့တယ်။ အဲဒီကထွက်လာတော့ တစ်ယောက်ထားခဲ့ရတယ်။ ကျွန်မမှာ ရွေးစရာလည်း မရှိဘူးလေ”။ ယနေ့အချိန်တွင်မူ အွန်ပုသည် ကချင်ပြည်နယ်မှ စခန်းတစ်ခုအတွင်း လုံခြုံဘေးကင်းစွာ နေထိုင်လျှက်ရှိပြီး တစ်စုံတစ်ယောက်ကို ထိတ်လန့်သံသယပွားနေခြင်းမျိုးလည်း မရှိတော့ပေ။ အွန်ပုသည် သူနေထိုင်ရာစခန်းတွင်ပင် အိမ်ထောင်အသစ်ထပ်ပြုခဲ့သည်။
ဘောက်ဆန် ငရဲခန်းမှလွတ်မြောက်ခြင်း
ဘောက်ဆန်သည်လည်းသူ၏ လွတ်မြောက်ရေးခရီးအတွင်း သူ့ဘ၀၏အစိတ်အပိုင်းအချို့ကို ချန်ထားရစ်ခဲ့ရသည်။သူက အဖြစ်အပျက်အချို့ကိုပြန်လည် အမှတ်ရနေသည်။ လွန်စွာ တုန်လှုပ်ထိတ်လန့်ဖွယ်ရာဖြစ်ရပ်ပင်။ “ကျွန်မယောက်ျားက သိပ်ပြီးကျပ်မပြည့်ဘူး။ သူက ကလေးလည်းမရနိုင်ဘူး။ အဲဒါနဲ့ သူ့အဖေကသူ့အမေရှေ့မှာပင် ကျွန်မကိုအဓမ္မကျင့်တယ်။ ဒီလိုနဲ့ ကျွန်မကိုယ်ဝန်ဆောင်ခဲ့ရတာ။ ကိုယ်ဝန်လည်းရရော ဘယ်သူကမှကျွန်မကို ဂရုမစိုက်ကြဘူး။ ကလေးမျက်နှာမြင်တဲ့အခါကျတော့ သူတို့ အစစအရာရာလုပ်ကိုင်ပေးနေတာနဲ့ ကျွန်မကလေးက ကျွန်မကိုတောင်မကပ်တော့ဘူး”။ နောက်ထပ်အဖြစ်အပျက်တစ်ရပ်ကို သူကထပ်ပြောပြန်သည်။ “ကျွန်မမှတ်မိနေသေးတယ်။ တစ်ရက်ညဘက် အရမ်းအေးနေတဲ့အချိန်မှာ ကျွန်မယောက်ျားရဲ့အမေက ကျွန်မတို့အခန်းကိုရောက်လာတယ်။ ကျွန်မကိုယ်ပေါ်က စောင်ကိုဆွဲဖယ်ပြီး လူကိုကုတင်ပေါ်ကဆွဲချ၊ အ၀တ်အစားတွေ ဆွဲချွတ်ပစ်တယ်။ပြီးတော့ ရေအေးတွေနဲ့ ကျွန်မကိုယ်ပေါ် လောင်းချတော့တာလေ”။

ဘောက်ဆန်သည် နေအိမ်တွင် တစ်ယောက်တည်းကျန်ရှိနေသည့်အချိန်များ၌ မြန်မာနိုင်ငံအတွင်းမှ ဖုန်းနံပတ်များကို ကြုံရာကျပန်းဆက်သွယ်ကာ တစ်စုံတစ်ယောက်ကများသူ့ကို လာရောက်ရှာဖွေလေမလားဆိုသည့် မျှော်လင့်ချက်ဖြင့် ခြောက်နှစ်တိုင်တိုင်ကြိုးစား၍ လွတ်မြောက်ရာလမ်းကိုရှာဖွေခဲ့သည်။ “ကျွန်မလည်းဖြစ်နိုင်ချေရှိတဲ့ ဖုန်းနံပတ်မှန်သမျှ အကုန်လျှောက်ခေါ်ကြည့်တာပဲ။ “ဘောက်ဆန်သည် အဆုံးတွင် သူ့မိသားစုနှင့်ပြန်လည် ဆက်သွယ်နိုင်ရေးအကူအညီပေးမည့် ကချင်အမျိုးသမီးတစ်နှင့် အဆက်အသွယ်ရခဲ့သည်။ “ကျွန်မမိဘတွေဆီကို တိုက်ရိုက်မဆက်ချင်ဘူးလေ။ သူတို့ ကျွန်မသေသွားပြီမှတ်နေတာ။ အသက်အရွယ်တွေကလည်း ကြီးနေပြီဆိုတော့ သူတို့ကို တန်းဆက်လိုက်ရင် အရမ်းလန့်သွားကြမှာစိုးတယ်။ ကျွန်မတောင့်ခံနေနိုင်တာက နေ့တိုင်းနေ့တိုင်း ဘုရားမှာ ဆုတောင်းနေလို့ပဲ။ သူများတိုင်းပြည်မှာ မသေရအောင်လို့။ ကျွန်မကို ခွန်အားတွေပေးသနားဖို့ ဘုရားဆီမှာ ကျွန်မဆုတောင်းခဲ့တယ်”။ သူနှင့်အဆက်အသွယ်ရရှိခဲ့သော အမျိုးသမီးက ဘောက်ဆန်၏ဦးလေးများ အနက်မှ တစ်ယောက်နှင့် အဆက်အသွယ်ရရှိလာခဲ့သည်။ ဘောက်ဆန်၏ဦးလေးက ကချင်အမျိုးသမီးများအဖွဲ့ကို ဆက်လက်၍သတင်းပေးပို့ဆက်သွယ်ခဲ့သည်။ လူသားချင်း စာနာထောက်ထားသူများက ဘောက်ဆန်ကို ခြေရာခံရှာဖွေပေးရန် တရုတ်ရဲအဖွဲ့အား တောင်းဆိုခဲ့သည်။
“ကျွန်မတို့တွေက တရုတ်ရဲတွေအကူအညီနဲ့ ထွက်ပြေးဖို့ စီစဉ်ထားတာ။ ဒါပေမယ့် သူတို့မိသားစုက ကျွန်မကိုမိသွားပြီး ရိုက်တော့တာပဲ။ အဲဒါနဲ့တစ်ရက်မှာ ကျွန်မသားကို ကျောင်းသွားပို့တယ်။ အပြန်လမ်းမှာ ထွက်ပြေးဖို့ရာ ဆုံးဖြတ်လိုက်တယ်။ ကျွန်မ အရမ်းကို ခြေကုန်သုတ်ပြေးရတာ။ဒီလိုနဲ့ အဲဒီငရဲတွင်းထဲက ကျွန်မလွတ်လာတာပဲ။ အခုဆို ဒီစခန်းမှာ ဘာဘေးရန်မှမရှိဘူး။ ဒါပေမယ့် သားလေးကိုတစ်ဘက်နိုင်ငံမှာ ထားခဲ့ရတာ ကျွန်မစိတ်ထိခိုက်ရတယ်။ သားလေးကို ပြန်သွားခေါ်ဖို့ငွေလည်း အလုံအလောက်ရှိနေပြီ။ ဒါပေမယ့် သူ မရှိရင်ကျွန်မ မနေတတ်တော့ဘူး။ ကျွန်မ တောင်းပန်ပါတယ်။ သားလေးကို တွေ့အောင်ရှာပေးကြပါ။
ပြီးခဲ့သည့် သီတင်းပတ်များအတွင်း ကချင်ပြည်နယ်အတွင်း ကချင်ပြည်နယ်၌ တိုက်ပွဲများအရှိန်အဟုန် မြင့်မားလာခဲ့ပြန်သည်။ ရာနှင့်ချီသောပြည်သူတို့သည် ယင်းတို့နေထိုင်ရာ ကျေးရွာကို စွန့်လွှတ်ထွက်ပြေးတိမ်းရှောင်ကြရပေလိမ့်ဦးမည်။
ရာပြည့်ဘာသာပြန်၊
By Emilie Lopes(GRAZIA) (ပြင်သစ်မဂ္ဂဇင်း)
Photo By Seng Mai Maran







