မွေးမြူရေးလုပ်ငန်း ကျယ်ပြန့်လာဖို့ စားကျက်မြေက အဓိကကျပါတယ်

2116
Naw Ja ဦးနော်ဂျာ

မွေးမြူရေးလုပ်ငန်း ကျယ်ပြန့်လာဖို့ စားကျက်မြေက အဓိကကျပါတယ်လို့ဆိုလာတဲ့ နိုင်ငံတော်သမ္မတရဲ့ ကျေးရွာအဆင့် အကောင်းဆုံးမွေးမြူထုတ်လုပ်မှုထူးချွန်ဆုရှင် ဦးနော်ဂျာနဲ့ တွေ့ဆုံမေးမြန်းထားသည်များကို မြစ်ကြီးနားသတင်းဂျာနယ် ပရိသတ်ကြီးအတွက် ဖော်ပြပေးလိုက်ပါတယ်။

မေး ။   ။ပထမဦးဆုံးအနေနဲ့ ဦးလေးရဲ့အမည်နဲ့ ပရိသတ်ကြီးကို မိတ်ဆက်ပေးပါဦးရှင့်။

ဖြေ။    ။ ကျွန်တော့်နာမည် အင်ခွမ်ဂျာနော် ဖြစ်ပါတယ်။

 

မေး။   ။ CHAMP နို့စားနွားမွေးမြူရေးလုပ်ငန်းကို ဘယ်အချိန်ကတည်းက စတင်လုပ်ကိုင်ခဲ့တာလဲရှင့်။

ဖြေ။   ။ကျွန်တော် ၂၀၁၁ ခုနှစ် စက်တင်ဘာလကတည်းက ဒီလုပ်ငန်းကို စတင်ခဲ့တာပါ။

 

မေး။   ။ဦးလေး ဒီလုပ်ငန်းကို ဘယ်လိုစပြီးလုပ်ကိုင်ဖြစ်ခဲ့သလဲ။

ဖြေ။  ။လုပ်ငန်းအစပိုင်းကတော့ လုပ်ချင်တဲ့စိတ်ပဲရှိတယ်။ ဘာမှ အစီအစဉ်တကျမရှိဘူး။ နွားတွေ တစ်ကောင်ပြီးတစ်ကောင်သေတယ် အရှုံးပေါ်ခဲ့တယ်။ နို့ထွက်လည်းမကောင်းခဲ့ဘူး။ နို့အရည်အသွေးလည်းမမှီခဲ့ဘူး။ နောက်မှ ကျွန်တော်ကိုယ်တိုင် စာတွေဖတ်တယ်။ သူများအပြောကိုပဲမယုံတော့ဘူး ။ ကမ္ဘာပေါ်မှာ နယူးဇီလန်ကနွားနို့က အကောင်းဆုံးဆိုတော့ သူတို့ ဘယ်လို အစာကျွေးတယ်။အများကြီး ကိုယ်တိုင်နည်းစနစ်တွေအမျိုးမျိုးလေ့လာပြီး ဒီနို့စားနွားမွေးမြူရေးလုပ်ငန်းကို အခက်အခဲအမျိုးမျိုးကြားက စခဲ့ရပါတယ်။

CHAMP နွားမွေးမြူရေးခြံ

မေး။   ။ဦးလေးတို့က နွားနို့ ကိုအဓိက ထုတ်တာဆိုတော့ နွားနို့အရည်အသွေးပြည့်မှီအောင် ကွာလတီဘယ်လိုထိန်းလဲရှင့်။

ဖြေ။ ။နို့ကွာလတီကောင်းဖို့ဆိုတာက နွားကိုကျွေးတဲ့ အစာပေါ်မှာလည်း မူတည်တယ်။ နွားတိုင်း အရည်အသွေးပြည့်ဝတဲ့ နို့ကောင်းမထွက်ဘူး။ ထွက်ဖို့ဆိုတာက မျိုးကောင်းရတယ် ။  နွားကိုကျွေးတဲ့အစာ မှာပါတဲ့ ကောက်ရိုးတစ်မျှင်ကအစ ဂရုစိုက်ပေးရတယ်။ မှိုစွဲနေတာတွေမပါရဘူး။ အစာ၀၀ကျွေးရတယ်။ နွားနို့ဆိုတာက နွားတွေရဲ့အသွေးအသားက ထွက်လာတာဆိုတော့ သူတို့စိတ်ချမ်းသာအောင် ထားဖို့လည်းအရေးကြီးတယ်။ စိတ်ချမ်းသာမှ နို့ကောင်းတာတွေထွက်မယ်။

 

မေး။  ။ဦးလေးတို့ နွားမျိုးကောင်းမျိုးသန့်ရဖို့ ဘယ်လိုလုပ်ယူလဲရှင့်။

ဖြေ။ ။မျိုးကတော့ ခြံမှာပဲဖောက်တယ်၊ အပြင်ကမယူဘူး၊ တကယ်ကို အရည်အသွေးပြည့်မှီတဲ့နွားတွေရဲ့ မျိုးကိုပဲယူပြီး နိုက်ထရိုဂျင်ပုံးထဲထည့်ပြီး ထိန်းသိမ်းထားတယ်။

 

မေး။ ။မွေးမြူရေးလုပ်ငန်းရှင်တစ်ဦးတစ်ဦးအနေနဲ့ ရရှိခဲ့ဖူးတဲ့ဆုတွေရှိလားရှင့်။

ဖြေ။ ။၂၀၁၃ခုနှစ်အတွက် နိုင်ငံတော်သမ်္မတ၏ ကျေးရွာအဆင့် အကောင်းဆုံးမွေးမြူထုတ်လုပ်မှု ထူးချွန်ဆု(လူပုဂိ္ဂုလ်) ၊ နို့စားနွားမွေးမြူရေးခြံ အနေနဲ့ ကျွန်တော့်ခြံက ရရှိဖူးပါတယ်။

 

မေး။ ။မွေးမြူရေးလုပ်ငန်းလုပ်ကိုင်နေတဲ့ ဦးလေးအနေနဲ့ နိုင်ငံတော်ကိုဘာတွေတောင်းဆိုချင်လဲ။

ဖြေ။ ။တောင်းဆိုချင်တာကတော့ စားကျက်မြေတောင်းဆိုချင်တယ်။ ဒါမှလည်း ပြည်သူတွေအားလုံး မွေးမြူရေးလုပ်ငန်းကို ကျယ်ပြန့်စွာလုပ်ကိုင်လာနိုင်မယ်လို့ထင်တယ်။ အစိုးရကလည်း နွားနို့သောက်ပါကပြောပြီး နွားမွေးဖို့စားကျက်မြေကမရှိတော့ ဘယ်နေရာမှာမွေးပြီး ဘယ်ကနို့ကိုသွားသောက်ရမှာလဲ၊ ဒါကြောင့် မွေးမြူရေးလုပ်ငန်းတိုးတက်ချင်ရင် စားကျက်မြေ ပေးဖို့ကို တောင်းဆိုချင်တယ်။

 

မေး။ ။လတ်တလောမှာ ဦးလေးတို့ ခြံကနွားနို့ပိဿချိန် တစ်နေ့ ဘယ်လောက်လောက်ထွက်လဲရှင့်။

ဖြေ။ ။ပိသာချိန် ၇၀၊ ၈၀ ထွက်တယ်။ ဒီနို့တွေရဲ့ ကွာလတီအဆင့်ကတော့ ပထမထိပ်တန်းပဲ၊ လုံးဝကို ယုံကြည်စိတ်ချရတယ်။

 

မေး။ ။ဦးလေးတို့ခြံမှာနွားနို့၊ နို့ချဉ်၊ ထောပတ် အပြင် နို့ထွက်ပစ္စည်း ဘာတွေဆက်ပြီး ထုတ်လုပ်သွားဖို့အစီအစဉ် ရှိလဲရှင့်။

ဖြေ။ ။အများကြီးရှိပါတယ်။ နို့ဆပ်ပြာတို့နို့မှုန့်တို့ ထုတ်လုပ်သွားဖို့ အစီအစဉ်ရှိပါတယ်။ အခုက မိသားစုလုပ်ငန်းလိုပဲဖြစ်နေပါသေးတယ်။ ဒီထက်ပိုပြီး ကျယ်ပြန့်အောင် ထုတ်လုပ်သွားမှာပါ။

 

မေး။ ။ဦးလေးတို့ခြံမှာ ဒီထက်တိုးတက်အောင် အနာဂတ်အစီအစဉ်အနေနဲ့ ဘာတွေလုပ်သွားဖို့ အစီအစဉ်ရှိလဲရှင့်။

ဖြေ။ ။မွေးမြူရေးလုပ်ငန်းတိုးတက်ဖို့က စက်ယန္တယားနဲ့လုပ်ကိုင်လာနိုင်ဖို့တော့ မျှော်လင့်တယ်။ နို့ညစ်စက်တို့ သုံးလာနိုင်အောင်ပေါ့။ ပြီးတော့ မျိုးမြင့်ရမယ်။ ဆိုလိုတာကအရင်သာမန်နွားတွေက အကောင်၂၀ကိုနို့ညှစ်မှ ပိသာ ၁၀၀ ထွက်တယ်။ မျိုးမြင့်တဲ့နွားတွေဆို ၅ ကောင်နဲ့တင် ပိသာ ၁၀၀ ထွက်တာ မျိုးမြင့်တာရရှိပြီဆိုရင် ကုန်ကျစရိတ်လည်းနည်းသွားမယ်။ နွားနို့ဈေးလည်းကျသွားမယ်။ ဈေးကျသွားရင် လူတန်းစားမရွေး နွားနို့ကိုသောက်နိုင်လာပါပြီ။ အနာဂတ်အစီအစဉ်ကတော့ ပြည်သူအားလုံး ဈေးသက်သာစွာနဲ့ နွားနို့သောက်နိုင်ဖို့ပါပဲ။

 

မေး။ ။မွေးမြူရေးလုပ်ငန်း လုပ်ကိုင်လိုသူတွေကို အကြံပေးစကားလေး။

ဖြေ။ ။မွေးမြူရေးလုပ်မယ်ဆိုရင် တစ်ကောင်တည်းလည်းမွေးလို့ရတယ်။ အကြီးအကျယ်မွေးမှ မဟုတ်ဘူး။ သေးသေးလေးက စလုပ်လို့ရပါတယ်။ ဒီခေတ်ကြီးထဲမှာ ကျောက်စိမ်းပေါက်မှ ချမ်းသာမယ်မဟုတ်ဘူး။ သူများတွေ ၀က်ပဲမွေးတယ် ချမ်းသာသွားတာပါပဲ မွေးမြူရေးလုပ်ငန်းနဲ့လည်းချမ်းသာနိုင်ပါတယ်။ မွေးမြူရေးလုပ်မယ်၊ စိတ်ဝင်စားတယ်ဆိုရင် ကျွန်တော့်ဆီမှာလည်း လာရောက်လေ့လာလို့ ရပါတယ်၊ အကြံပေးပြီး ကူညီနိုင်ပါတယ်။ ခြံလိပ်စာကတော့ ၉ / ၂၅၉ ရာဒါကောင်(ဘီ) တပ်ကုန်း၊ မြစ်ကြီးနား ချမ်သစ်ခွစိုက်ပျိုးရေးနှင့်မွေးမြူရေး ဖြစ်ပါတယ်။

ဆိုင်းထွယ်ဇင်

LEAVE A REPLY

Please enter your comment!
Please enter your name here