ဒွမ်ဘုံးနှင့် လဝါးကြား တပ်ချိန်းရန်လာသည့် စစ်ကောင်စီစစ်ကြောင်းကို KIA၊PDF မှ ပူးပေါင်းတိုက်ခိုက်

1542
ဒွမ်ဘုံးကျေးရွာတိုက်ပွဲ
ပုံဟောင်းဖြစ်ပါသည်။

ဧပြီ၊၅

ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ်၊ ဒွမ်ဘုံးနှင့် လဝါးကျေးရွာကြား လီဒိုလမ်းမအနောက်ဘက်ကြောတွင် တပ်ချိန်းရန် ချီတက်လာသည့် စစ်ကောင်စီ ခြေလျင် တပ်သားများကို ကချင်လွတ်လပ်ရေးတပ်မတော်(KIA)နှင့် ပြည်သူ့ကာကွယ်ရေးတပ်(PDF)တို့ ယနေ့ နေ့လယ်(၁၂)နာရီဝန်းကျင်က ပူးပေါင်းတိုက် ခိုက်ခဲ့ကြောင်း သိရသည်။

စစ်ကောင်စီတပ်သားများမှ တပ်ချိန်းရန် ကားအသေး၊ အကြီး(၆)စီးဖြင့် လူဦးရေ(၈၀)ဝန်းကျင် သယ်ဆောင်လာပြီးနောက် လီဒိုလမ်းအနောက်ဘက်ကြော တောလမ်းတစ်လျှောက်ခြေလျင်ဖြင့် ပြန်လည်ချီတက်လာချိန် KIAနှင့်PDFပူးပေါင်းတပ်တို့၏ ဝန်းရံတိုက်ခိုက်မှု ခံခဲ့ရခြင်းဖြစ်ကြောင်း ဒေသခံတစ်ဦးက မြစ်ကြီးနားသတင်းဂျာနယ်သို့ ပြောသည်။

“မနေ့က တက်လာတဲ့ သူတွေကို ဝိုင်းထားတာ။ ဒွမ်ဘုံး နဲ့ လဝါးကြားမှာ။ မနေ့က သူတွေကို ဝိုင်းထားတာ။ (၁)နာရီလောက် ကြာမယ်။ (၉)မိုင်လောက် ဝေးတယ်။ ကားအသေး(၃)စီး၊ အကြီး(၃)စီးလောက်ဆိုတော့ (၈၀)လောက် ရှိမယ်။ မနေ့ကရော ပစ်တယ်။ ဒီနေ့ရော ပြန် ဝိုင်းပြီး ပြန်ပစ်တာပေါ့။ နှစ်ဖက်တပ်က ပစ်ကြတာ။ လက်နက်ကြီးရော၊ လက်နက်ငယ်ရောပဲ”ဟု ၎င်းက ပြောသည်။

တိုက်ပွဲ ဖြစ်ပွားရာ နေရာသည်(KIA) တပ်ရင်း(၁၁) နယ်မြေဖြစ်ကြောင်းလည်း သိရသည်။

ယနေ့တိုက်ပွဲတွင် နှစ်ဖက်တပ်မှ လက်နက်ကြီး၊ လက်နက်ငယ်များဖြင့် (၁)နာရီ ဝန်းကျင် ပစ်ခတ်ကြကြောင်းနှင့် ဝန်းရံတိုက်ခိုက်ခံရသည့် စစ်ကောင်စီတပ်သားများ ထိခိုက်ဒဏ်ရာ ရရှိမှု များပြားကြောင်းလည်း ဒေသခံများ၏ ပြောဆိုခန့်မှန်းချက်အရ သိရသည်။

ယင်း စစ်ကောင်စီတပ်စခန်းသည် ဖားကန့်မြို့နယ် ၊ ဒွမ်ဘန် (၂၉၈) တပ်စခန်းမှ တက်လာသည့် စစ်ကြောင်း ဖြစ်ပြီး ယမန်နေ့ကလည်း လဝါးကျေးရွာအုပ်စု ၊ မဂေါင်းတောင်ကျေးရွာအနီး ကချင်လွတ်လပ်ရေ တပ်မတော် KIAမှ မိုင်းဆွဲ တိုက်ခိုက်ခဲ့သည့် စစ်ကြောင်း ဖြစ်သည်။

ယင်း စစ်ကောင်စီ စစ်ကြောင်းမှ ယနေ့ တောလမ်းတစ်လျှောက် စစ်ကြောင်းပြန်လည်ချီတက်လာရာမှ ထပ်မံတိုက်ခိုက်ခံရခြင်း ဖြစ်ပြီး ၎င်းတို့သည် လိုင်ဇာမြို့ဘက်သို့ တပ်ချိန်းရန်သွားသည့် တပ်ဖွဲ့ဖြစ်ကြောင်းလည်း သိရသည်။

ပုံဟောင်းဖြစ်ပါသည်။

LEAVE A REPLY

Please enter your comment!
Please enter your name here