နိုင်ငံရေးရောဂါအတွက် ကုထုံးနည်းနာ

856

ဆရာဝန်က သင့်မှာ ရောဂါတစ်စုံတစ်ရာ ရှိနေပြီလို့ ဆိုလိုက်ရင် သင့်ရဲ့ တုံ့ပြန်မှုက ဘာဖြစ်မှာလည်း။ ဥပမာ-သွေးတိုး သို့မဟုတ် ဆီးချိုဖြစ်နေတယ်ပေါ့ ခင်ဗျာ။
လူအများရဲ့ ယေဘုယျတုံ့ပြန်မှုက သုံးမျိုးဖြစ်နိုင်ပါတယ်။ ပထမ အချက်အနေနဲ့ ငါဒီရောဂါကို ပျောက်အောင် ကုမှရတော့မယ်ဆိုတဲ့ စိတ်ပိုင်းဆိုင်ရာ ဆုံးဖြတ်ချက်ပါ။ ဒုတိယအနေနဲ့ အစားရှောင်ပြီး ဆေးမှန်မှန်စားဖို့။ တတိယအနေနဲ့ အချိန်ယူပြီး လေ့ကျင့်ခန်းလုပ်ဖို့ပါ။
ဒါမှမဟုတ် ဆရာဝန်ပြောတာကို ငါလက်မခံနိုင်ဘူး၊ ငါ့မှာရောဂါမရှိဘူးဆိုပြီး နေချင်သလိုနေ စားချင်သလို စားနေမယ်ဆိုရင် သင်သက်ဆိုးရှည်မှာ မဟုတ်ပါဘူး။ နိုင်ငံရေးမှာလည်း ထိုနည်းလည်းကောင်း ပါပဲ။ မကောင်းဘူးဆိုတဲ့ အနာရောဂါကို ရှာဖွေဖော်ထုတ် ပြင်ဆင်ကုသဖို့ လိုအပ်ပါတယ်။ တကယ်လို့ မကောင်းတာကို အကောင်းမြင်ပြီး ထင်ရာစိုင်းနေရင် ကျွန်တော်တို့ နိုင်ငံကြီးဟာ ပြဿနာပေါင်းစုံနဲ့ ဒုက္ခပင်လယ်ထဲ နှစ်သွားမှာပါ။
ဒါ့ကြောင့် ဒီနိုင်ငံရေးအနာကို ကုသဖို့အတွက် အရှေ့မှာ တင်ပြခဲ့တဲ့အတိုင်း အချက်သုံးချက်ကို အခြေခံပြီး ကုသပြင်ဆင်ဖို့ လိုပါတယ်။ ပထမဆုံးပြင်ဆင်ရမှာက ပြောင်းလဲမှဖြစ်တော့မယ်ဆိုတဲ့ စိတ်ဓာတ်ပါ။ ဒုတိယအနေနဲ့ ပြဿနာကို ဖြေရှင်းကုသဖို့နဲ့။ တတိယကတော့ လူမမာတစ်ယောက် ကျန်းမာတောင့်တင်း ခိုင်မာလာအောင် အချိန်ပေးပြီး လေ့ကျင့်ခန်းလုပ်သလိုပဲ နိုင်ငံရေးမှာ လက်တွေ့အကောင်အထည်ဖော်လို့ အချိန်ပေးပြီး လိုက်နာကျင့်သုံးဖို့ လိုပါတယ်။
အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်က ၂၀၁၅ အထွေအထွေရွေးကောက်ပွဲမှာ ပြောင်းလဲချိန်တန်ပြီ ဆိုတဲ့ ကြေညာစာတမ်းနဲ့အတူ အပြောင်းအလဲလုပ်မယ်ဟေ့ ဆိုတဲ့ ပထမဆုံး စိတ်ဓာတ် ပြင်ဆင်မှုနဲ့ စတင်ခဲ့တာ တွေ့ရပါတယ်။ ဒါဟာ အနာရောဂါကို ကုသလိုတဲ့ ပထမအဆင့်ဖြစ်တဲ့ စိတ်ဓာတ်ပြင်ဆင်မှုပါ။
အဲ့ဒီနောက် ကြေညာစာတမ်းပါ အချက် ၄ ချက်နဲ့ နိုင်ငံဖွံ့ဖြိုးတိုးတက်ရေးအတွက် ဦးဆောင်သွားဖို့ ကြိုးစားခဲ့တာတွေ့ရပါတယ်။ ဒါဟာ နိုင်ငံရေးအနာရောဂါကို ကုသဖို့အတွက် ဒုတိယခြေလှမ်းပါ။
ကြေညာစာတမ်းပါ အချက်တွေက (၁) တိုင်းရင်းသားအရေးနဲ့ ပြည်တွင်းငြိမ်းချမ်းရေး (၂)တိုင်းရင်းသား ပြည်သူ တစ်ရပ်လုံး အေးချမ်းလုံခြုံစွာလက်တွဲနေထိုင်ရေးကို အာမခံချက်ပေးနိုင်တဲ့ ဖွဲ့စည်းပုံ အခြေခံဥပဒေတစ်ရပ် ပေါ်ထွန်းရေး (၃)ပြည်သူလူထုအား တရားမျှတစွာ တာဝန်ပေးပြီး အုပ်ချုပ်မှုစနစ်တစ်ရပ် ပေါ်ပေါက်လာရေး (၄)လွတ်လပ်လုံခြုံစွာ ဖွံ့ဖြိုးတိုးတက်ရေးတို့ ဖြစ်ပါတယ်။

ဒါဟာ အနာကိုသိလို့ ဆေးကုဖို့ ကြိုးစားနေတဲ့ အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်ရဲ့ နိုင်ငံရေးကြိုးပမ်းချက်တွေလို့ တွေ့ရပါတယ်။ သို့သော် ပထမအချက်ကို အကောင်အထည်ဖော် ဆောင်ရွက်ရာမှာ အားနည်းနေသေးတာ တွေ့ရပါတယ်။
ဒုတိယအချက်ဖြစ်တဲ့ ဖွဲ့စည်းပုံ အခြေခံဥပဒေ ပြောင်းလဲရေးကိစ္စကို အဲန်အလ်ဒီအဖွဲ့က အစိုးရအဖြစ် တာဝန်ယူပြီး သက်တမ်း ၃ နှစ်ကြာမှသာ အကောင်အထည် ဖော်ခဲ့နိုင်တာ ဖြစ်တဲ့အတွက် အားရစရာ မကောင်းလှပါဘူး။
တတိယနဲ့ စတုတ္ထအချက်တွေကို အကောင်အထည်ဖော် ဆောင်ရွက်နိုင်ဖို့ အချိန်တွေ ထပ်ပေးရအုံးမှာပါ။ အနာကိုသိဆေးရှိဆိုတဲ့အတိုင်း ဆေးကုသလို့ ရပေမယ့် အနာရောဂါပျောက်ကင်းဖို့ အချိန်ဆိုတာ ပေးရမှာပါ။
စိတ်ဓာတ်ကိုပြင်၊ နည်းမှန်လမ်းမှန်ကို လိုက်၊ အချိန်ကိုယူပြီး လိုက်နာလုပ်ဆောင်နိုင်ရင် အနာရောဂါ ပျောက်ကင်းနိုင်သလို နိုင်ငံရေးမှာလည်း ထိုနည်းလည်းကောင်း အဲန်အလ်ဒီအစိုးရအနေနဲ့ ကြိုးစားကုသနိုင်စေကြောင်း မြစ်ကြီးနားသတင်းဂျာနယ်က ဆန္ဒပြု ရေးသားအပ်ပါတယ်။
မြစ်ကြီးနားသတင်းဂျာနယ်

LEAVE A REPLY

Please enter your comment!
Please enter your name here