နေရပ်ပြန်ခွင့်မရှိသေးသည့် စစ်ရှောင်အိမ်ထောင်စု ၁၀၀ ကျော်အနေဖြင့် ရွာတည်ရန်ပြင်ဆင်နေကြပြီး အကူညီများလိုအပ်နေ

291
မေ၊ ၂

နေရပ်ဒေသကို ပြန်လို့မရသေးတဲ့ စစ်ရှောင်အိမ်ထောင်စု ၁၀၀ ကျော်ဟာ ကိုယ်ထူကိုယ်ထစနစ်နဲ့ ကချင်ပြည်နယ်၊ ဝိုင်းမော်မြို့၊ မုတ်ကြိတ်ကျေးရွာမှာ မြေဝယ်ပြီး ရွာတည်ဖို့ပြင်ဆင်နေကြပေမဲ့ ကုန်ကျစရိတ်တွေ များနေတဲ့အတွက် အကူအညီတွေ လိုအပ်နေပါတယ်။

မနှစ်ကတည်းက စစ်ကောင်စီကနေ မြစ်ကြီးနားနဲ့ဝိုင်းမော်မြို့တွင်းမှာရှိတဲ့ စစ်ရှောင်စခန်းတွေကို ဖျက်သိမ်းသွားမယ်ဆိုပြီး ပြောဆိုမှုတွေ ရှိခဲ့တာကြောင့် ချက်ချင်းပြောင်းရွှေ့ရတဲ့အချိန် နေရာမရှိမှာ စိုးရိမ်တဲ့အတွက် အခုလိုရွေးချယ်လိုက်တာဖြစ်တယ်လို့ ဝိုင်းမော်မြို့၊ စစ်ရှောင်စခန်းမှာနေထိုင်တဲ့ အမျိုးသားတစ်ဦးက စစ်ရှောင်တွေကိုယ်စားပြောပါတယ်။

“အရင်က ခြံဖြစ်တဲ့အတွက် ရှင်းလင်းရမယ်အပိုင်းတွေ အများကြီးရှိနေတယ်။ လိုအပ်တဲ့ အိမ်တွေ၊ ရေတွင်းတွေ၊ ဆေးပေးခန်း၊ လမ်း၊ မီးစတာတွေကို သက်ဆိုင်ရာဌာနတွေကို တောင်းဆိုသွားမယ်လို့တော့ မျှော်လင့်ထားပါတယ်။”လို့ အထက်ပါအမျိုးသားက ဆိုပါတယ်။

အဲဒီစစ်ရှောင်တွေက KBC ဆမားဇုန်နယ်အတွင်းမှာရှိတဲ့ ကျေးရွာတွေကဖြစ်ပေမဲ့ နန်ဆန်ယန်၊ ဂျာပူ၊ ဆန်ပိုင်၊ ဒင်ဂါး၊ မဂေါယန်စတဲ့ ကျေးရွာတွေဆီက စစ်ရှောင်ပြည်သူတွေ ဖြစ်တယ်လို့ သိရပါတယ်။

အဲဒါကြောင့် အဲဒီရွာတွေကိုသွားနေဖို့ စစ်တပ်ကို ခွင့်ပြုချက်တောင်းတဲ့အချိန် ခွင့်ပြုချက်မပေးနိုင်သေးဘူးလို့ ပြောလာတဲ့အတွက် ဝိုင်းမော်မြို့ KBC ကျမ်းစာကျောင်းနဲ့ နီးတဲ့ဘက်မှာ မြေနေရာရယူဖို့ သက်ဆိုင်ရာအစိုးရ ဌာနဆိုင်ရာတွေနဲ့ ညှိနှိုင်းလုပ်ဆောင်နေတာဖြစ်တယ်လို့ သိရပါတယ်။

အိမ်ထောင်စု ၁၀၀ ကျော်နေထိုင်ဖို့ မြေဧက ၃၀ လောက်လိုအပ်မယ်လို့ ခန့်မှန်းထားပေမဲ့ ရွာလမ်းမကြီးနဲ့ လမ်းကြားတွေ၊ ဆေးပေးခန်း၊ မူလတန်းကျောင်း၊ ဘုရားကျောင်းစတဲ့ နေရာတွေအတွက်လည်း မြေနေရာတွေ ချန်ရမှာဖြစ်တဲ့ အတွက် တစ်အိမ်ထောင်အတွက် မြေနေရာ ပေ၄၀၊ပေ ၆၀ အကျယ် အကွက်စိတ်လိုက်ရင် နောက်ထပ်အိမ်ထောင်စု ၁၀ စုအတွက် မြေ ၁၅ ဧကလောက် လိုအပ်မှုရှိနေတယ်လို့လည်း သိရပါတယ်။

စစ်ရှောင်တွေအားလုံးက မြေနေရာအတွက် တစ်အိမ်ထောင်ကို ၁၀ သိန်းစီ ဝိုင်းဝန်းထည့်ပြီး မြေနေရာရရှိဖို့ လုပ်ဆောင်နေပေမဲ့ တချို့စစ်ရှောင်တွေက ငွေကြေးပိုင်းမှာ အခက်အခဲတွေ ကြုံနေရတယ်လို့လည်း အထက်ပါ စစ်ရှောင် အမျိုးသားက ဆက်လက်ပြောပါတယ်။

ဒါ့အပြင် ရွာလမ်းမကြီးနဲ့ လမ်းကြားတွေဖောက်လုပ်ဖို့အတွက် ကုန်ကျစရိတ်တွေနဲ့ စစ်ရှောင်တွေရဲ့ နေအိမ်၊ ဆေးပေးခန်း၊ မူလတန်းကျောင်း၊ ဘုရားကျောင်းစတာတွေကို ဆောက်လုပ်ဖို့ ကုန်ကျစရိတ်တွေကလည်း ကူညီပေးစေလိုတယ်လို့လည်း ဆိုပါတယ်။

LEAVE A REPLY

Please enter your comment!
Please enter your name here