မတ်(၁၃)
မြစ်ကြီးနား၊ နောင်နန်း ခရစ်ယာန်ဓမ္မတက္ကသိုလ် ကျောင်းဝင်းထဲတွင် ယနေ့ည (၁၀)နာရီခွဲ ဝန်းကျင်က စစ်တပ်နှင့် ရဲကား(၁၀)စီးဝန်းကျင် ဝင်ရောက်လာကြောင်း သိရသည်။
ယင်းကားများသည် ကျောင်းဝင်းရှိ Main Building(အဓိက အဆောက်အဦ)ဘက် မောင်းဝင်သွားပြီး မည်သည့် ကိစ္စကြောင့် လာရောက်သည်ကို မသိရှိရသေးကြောင်း ဆရာ တစ်ဦးက မြစ်ကြီးနားသတင်းဂျာနယ်သို့ ပြောသည်။
“(၁၀)ခွဲလောက် စစ်တပ်ဘက်ကကား (၁၀)ကျော်ဝန်းကျင် ဟိုဘက်main building ရှိတဲ့ဘက် ဝင်သွားတယ်။ အတိအကျတော့ မသိရသေးဘူး။ အဝေးကနေကြည့်တော့ ကျောင်းဝင်းထဲမှာ သူတို့ လမ်းလျှောက်နေတာ တွေ့နေရတယ်။”ဟု ၎င်းက ပြောသည်။
ယခုကဲ့သို့ လာရောက်သည့်အပေါ် ပတ်ဝန်းကျင်မှလည်း စိုးရိမ်နေရကြောင်း၎င်း ကဆက်လက်ပြောသည်။
“စိုးရိမ်တာပေါ့။ လုံခြံရေး ခေါ်ပြီး ရောက်လာတာလည်း မဟုတ်ဘူး။ သူတို့ဟာ သူတို့လာတာ။ ပတ်ဝန်းကျင်ကလူတွေလည်း သတင်းကြားတော့ ကြောက်နေကြတယ်။ တာဝန်ရှိသူတွေနဲ့ သွားစကားပြောတာလို့ သိရတယ်။ အတိအကျတော့ မသိရသေးဘူး”ဟု ၎င်းက ဆိုသည်။
ရောက်ရှိလာသည့် စစ်ကားနှင့် ရဲကားများသည် လက်ရှိအချိန်ထိ မထွက်ခွာသေးဘဲ ရှိနေသေးကြောင်း သိရသည်။







